ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ကိုင်းတိုင်းအတွင်း ကုန်လမ်း ရေလမ်း အချို့ယာယီပိတ်ထား
စစ်ကောင်စီတပ်တွေက မုံရွာ- မန္တလေးလမ်းပိုင်း၊ မုံရွာမြို့နဲ့ ချောင်းဦးမြို့နယ်ကြားမှာ သွားလာနေတာကြောင့် အောက်တိုဘာ ၂ ရက် ဒီနေ့ကစပြီး နောက်ထပ် ကြေညာချက်မထုတ်ပြန်ခင်အချိန်အထိ အရေးပေါ်လိုအပ်ချက် အခြေအနေအရ အဲ့ဒီလမ်းကို ယာယီပိတ်ထားတဲ့အကြောင်း ချောင်းဦးပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားပါတယ်။
ဖြတ်သန်းသွားလာမိရင် တိုက်ပွဲတွေအကြား ပိတ်မိမှာကို စိုးရိမ်တာကြောင့် အခုလို ထုတ်ပြန်တာဖြစ်တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက် ပြောပါတယ်။
စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းအကြား မြို့ကြီးနှစ်မြို့ကို ဆက်သွယ်ထားတဲ့မုံရွာ မန္တလေးကားလမ်းဟာ လမ်းတွေမကြာခဏပိတ်လေ့ရှိပြီး သွားလာလို့ မလွယ်တော့ကြောင်း မုံရွာမြို့ခံလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
“မုံရွာကနေ မြင်းမူအထိ ဗုံးကျင်းတွေနဲ့ပြည့်နေပြီးတော့ လမ်းကလည်း လကမ္ဘာလိုဖြစ်နေပြီ”လို့ မုံရွာမြို့ခံတစ်ဦးကပြောပါတယ်။
မုံရွာ မန္တလေး ကားလမ်းဟာ အရင်က နေ့စဥ်ကားထောင်ချီဖြတ်သန်းသွားလာတဲ့ ကားလမ်းမကြီးဖြစ်ပြီးတော့ မန္တလေးက လာရင် စစ်ကိုင်းတံတားကျော်ပြီး မြင်းမူ ချောင်ဦး မုံရွာမြို့အဝင် အထိကို စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေတိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိတာကြောင့် အသွားအလာ နည်းလာခဲ့တာဖြစ်တယ်လို့ မုံရွာဒေသခံတွေက ပြောပါတယ်။
စစ်ကားတွေသွားနေလို့ပိတ်တယ်ပြော
စစ်တပ်သုံး ကားလေးစီးနဲ့ အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ အဲ့ဒီစစ်ကြောင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးတာမရှိဘဲ ဖြတ်သန်းသွားလာပြီးနေတာကြောင့်၊ ပြည်သူတွေ အန္တရာယ်ကင်းကင်း သွားလာလို့ရတဲ့အချိန်မှာ လမ်းပြန်ဖွင့်ပေးမှာဖြစ်တယ်လို့လည်း ဒေသ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
ဒီကနေ့ အောက်တိုဘလ ၂ ရက်နေ့ မှာတော့ ရောက်တဲ့နေရာမှာ ရပ်နားထားကြဖို့ကိုလည်း ထုတ်ပြန်ထားပါတယ်။
မုံရွာ မန္တလေး ကားလမ်းပေါ်မှာ ခရီးသည်တင် လိုင်းကားတွေကလည်း ရှေ့ကားနောက်ကား ချိတ်ပြီးသွားလာနေကြရပြီးတော့ လမ်းမှာလည်း လူမရှိသလို၊ လမ်းတစ်လျှောက်ဆီဆိုင်တွေလည်း စက်တင်ဘာလအတွင်း အတော်များများပိတ်သွားပြီဖြစ်တယ်လို့လည်း မန္တလေးကနေ မုံရွာကို အခုရက်ပိုင်း ပြန်လာသူ ဒေသခံတွေက တစ်ဆင့်သိရပါတယ်။
"ညနေ ၃ နာရီကျော်ရင် မုံရွာက အထွက် လိုင်းကားမရှိတော့ဘူး"လို့ မုံရွာမြို့ခံ ကုန်သည်တစ်ဦးကပြောပါတယ်။
လမ်းတလျှောက် ဆီဆိုင်တွေလည်းပိတ်ထားကြလို့ ဆီဝယ်ယူဖို့လည်း မလွယ်ဘူးလို့ ဒေသခံတွေကပြောဆိုကြပါတယ်။
"မုံရွာမှာတော့ Denko ဆိုင် ၃ ဆိုင်ပိတ်သွားတယ်၊ အခုဆီကို လိုသလောက်မရတော့ဘူး ချောင်းဦး Denko ဆိုင်လည်း ပိတ်သွားပြီ "လို့လည်း ဒေသခံတွေကပြောပါတယ်။
မုံရွာတစ်ဖက်ကမ်းမှာ တိုက်ပွဲတွေဖြစ်
ဒါ့အပြင် မုံရွာတစ်ဖက်ကမ်း ဆားလင်းကြီးမြို့နယ် ၊ ကျားတက်စံပြကျေးရွာထဲမှာ တပ်စွဲနေတဲ့ ကျားတက်ရဲစခန်းကို ဒေသပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဒီကနေ့ အောက်တိုဘာလ ၂ ရက်နေ့ မနက် အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်တာကနေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြေပြင်အခြေအနေတွေကို သေချာသိတဲ့ ဒေသခံတွေက ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ ဒေသကာကွယ်ရေးတပ်တွေက အရေးသာနေတာကြောင့် စစ်ကောင်စီဘက်က မုံရွာ အနောက်မြောက်ပိုင်း စစ်ဌာနချုပ်က ရဟတ်ယာဉ်နဲ့ ဝင်ရောက်ပစ်ခတ်တာဖြစ်တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
စစ်တပ်ဘက်က လေကြောင်းပစ်ကူတာကြောင့် ကျားတက်ကျေးရွာအပါဝင် ပတ်ဝန်းကျင် ကျေးရွာတွေကပါ ထွက်ပြေးနေကြရပါတယ်။
စစ်ကိုင်းတိုင်းထဲ စစ်ကောင်စီဘက်ကစစ်ကြောင်းထိုးတာနဲ့ ပြန်လည် ခုခံတိုက်ခိုက်မှုတွေကြောင့် မုံရွာ ၊ ချောင်းဦး နဲ့ ခင်ဦးမြို့နယ်တွေအပါအဝင် မြို့နယ်အချို့မှာ ကန့်သတ်အချိန်အတွင်း လမ်းပိုင်းအချို့ကိုမသုံးကြဖို့ ဒေသကာကွယ်ရေးတွေဘက်က အခုအောက်တိုဘာ ပထပတ်အတွင်း ဆက်တိုက်ထုတ်ပြန်နေတာလို့ဆိုကြပါတယ်။
စစ်ကိုင်းတိုင်းထဲကပဲ ဧရာဝတီမြစ်ကမ်းဘေးက ခင်ဦးမြို့နယ်မှာလည်း မြစ်ကြောင်းကနေ သွားလာတဲ့ မော်တော်ယာဉ်တွေအနေနဲ့ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ကျေးရွာတွေကို မကပ်ကြဖို့ကိုလည်း ခင်ဦးမြို့နယ် ဒေသကာကွယ်ရေးတပ်တွေက သတိပေးထုတ်ပြန်ထားပါတယ်။
အချိန်ကာလအနေနဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ သတ်မှတ်ထားတယ်လို့လည်း ပြောပါတယ်။
ဧရာဝတီမြစ်ကမ်းဘေး ရုံးပင်ကျေးရွာမှာ စက်တင်ဘာလလယ်တုန်းက ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက် အသတ်ခံရတာကြောင့် အခုလိုထုတ်ပြန်ရတာလို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက် ပြောပြပါတယ်။
ဒေသကာကွယ်ရေးတပ်တွေဘက်က လုံခြုံရေးအရ တားမြစ်တာတွေရှိပေမဲ့ ဒေသခံအများစုကတော့ သယ်ယူပို့ဆောင်ရေးတွေအတွက် လိုအပ်သလို သွားလာရတာမျိုးတွေ ရှိနေတယ်လို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီက ကန့်သတ်ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်တာမျိုး မလုပ်ရဘူးဆိုတဲ့တားမြစ်ချက်တွေကြောင့် အဝေးပြေးကုန်တင်ကားတွေနဲ့ ခရီးသည်ယာဥ်ကားတွေမှာလည်းအခက်တွေ့တဲ့ အခြေအနေဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။