ဟားမတ်စ်တွေရဲ့ ဓားစာခံတွေ ပြန်လွှတ်ရေး အစီအစဉ် ရှေ့ဆက်နေ - နိုဝင်ဘာ ၂၆ ထိပ်တန်း နိုင်ငံတကာ သတင်းများ

ရေးသားခဲ့သည်။

ဟားမတ်စ်တွေက သူတို့ ဖမ်းထားတဲ့ ဓားစာခံထဲက တချို့ကို ဒီကနေ့မှာလည်း တတိယတချီ အကျဉ်းသား လဲလှယ်ရေး အစီအစဉ်နဲ့ လွှတ်ပေးဖို့ ရှိပါတယ်။ လွတ်မြောက်လာမယ့်သူတွေရဲ့ မိသားစု အသီးသီးကို အစ္စရေးဘက်က ကြိုတင် အကြောင်းကြားထားပါတယ်။

ဒီတစ်ခေါက်မှာတော့ အစ္စရေး အမျိုးသမီးနဲ့ ကလေးသူငယ်တွေ စုစုပေါင်း ၁၃ ယောက်နဲ့ နိုင်ငံခြားသား ၇ ယောက် လွတ်မြောက် လာလိမ့်မယ် ဆိုပြီး ကြားဝင် ညှိနှိုင်းပေးနေတဲ့ ကာတာ နိုင်ငံက ပြောပါတယ်။

ပါလက်စတိုင်း အကျဥ်းသား ၃၉ ယောက်ကိုလည်း အစ္စရေးက ပြန်လွှတ်ပေးမှာ ဖြစ်ပါတယ်။ မနေ့ စနေနေ့တုန်းကလည်း အချိန် ကြန့်ကြာ နေခဲ့ပေမယ့် နောက်ဆုံးမှာ အစ္စရေး ၁၃ ယောက်နဲ့ ထိုင်း နိုင်ငံသား ၄ ယောက်တို့ လွတ်လာခဲ့ကြပါတယ်။

လက်ရှိ အချိန်ထိ ဟားမတ်စ်တွေ လက်ထဲ ၁၉၅ ယောက် ဓားစာခံတွေ အဖြစ် ဖမ်းခံထားရဆဲ ဖြစ်ပါတယ်။ မနေ့ညပိုင်းက ဟားမတ်စ်တွေ ပြန်လွှတ်ပေးလိုက်သူတွေထဲ ဆယ်ကျော်သက် အရွယ် အယ်လ်မာနဲ့ နိုအမ်အောတို့ ပါဝင်ပါတယ်။ သူတို့ရဲ့ မိခင် ယိုနတ်ဟာ အောက်တိုဘာ ၇ ၇က် စီးနင်းမှုမှာ သတ်ဖြတ် ခံခဲ့ရပြီး၊ ယိုနတ်ရဲ့ ခင်ပွန်းသည်၊ ကလေးတွေရဲ့ ဖခင် ဒါအောဟာ အခုထိ ဟားမတ်စ်တွေ လက်ထဲမှာ ဓားစာခံ အဖြစ် ရှိနေတယ်လို့ ယုံကြည်ရပါတယ်။

လွတ်လာတဲ့ ကလေးတွေနဲ့ သူ စကားပြောထားတယ် ဆိုပြီး ဦးလေးတော်စပ်သူ အဟာလ် ဘက်ဆိုရာအီက ဘီဘီစီကို ပြန်ပြောင်း ပြောပါတယ်။

“ဗီဒီယိုကောလ် ခေါ်ပြီး ပြောကြတယ်။ သူတို့ အစ္စရေးကို ပြန်ရောက်လာပြီး၊ ဆေးရုံမှာ စစ်ဆေးတာတွေ ဘာတွေ လုပ်ပြီးတဲ့နောက် ကျွန်တော်တို့ စကားပြောကြတာပါ။ သူတို့ ပိန်ကျ သွားတယ်။ သူတို့ ဖမ်းခံထားရတုန်း ကြုံခဲ့ရတဲ့ ခက်ခဲတဲ့ အကြောင်းအရာတွေ တချို့ သူတို့ ပြောပြကြတယ်။ ကျွန်တော် ဒါတွေကို အခု အသေးစိတ် မပြောချင်ဘူး။ သူတို့ ခုထက်ထိ သူတို့ အမေ ကျွန်တော့် ညီမ သတ်ခံထားရတယ် ဆိုတာ မသိကြသေးဘူး” ဆိုပြီး ဦးလေးတော်စပ်သူက ပြောပါတယ်။

အနောက်ဘက်ကမ်းခြေဒေသမှာလည်း အစ္စရေး စီနင်းရှာဖွေမှုတွေ ဆက်ပြီး ပြုလုပ်

အသိမ်းပိုက်ခံ အနောက်ဘက် ကမ်းခြေဒေသမှာ အစ္စရေး စစ်တပ်ရဲ့ လက်ချက်နဲ့ အရွယ် မရောက်သေးတဲ့ ကလေးသူငယ် နှစ်ယောက် အပါအဝင် ပါလက်စတိုင်း ၆ ယောက် သေဆုံး ခဲ့ရတယ် ဆိုပြီး အဲဒီမှာ ရှိနေတဲ့ ပါလက်စတိုင်း ဆေးဝန်ထမ်းတွေက ပြောပါတယ်။

အဲဒီထဲက ၅ ယောက်ဟာ အစ္စရေးတပ်ဖွဲ့တွေ ဂျနင်း Jenin မြို့ကို အုံနဲ့ကျင်းနဲ့ ဝင်ရောက် စီးနင်းကြတုန်း သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက အစ္စရေးတပ်ဖွဲ့ ခြုံခို တိုက်ခိုက် ခံခဲ့ရတာမှာ ကျူးလွန်သူတွေဟာ ဂျနင်းမှာ ရှိတယ် ဆိုပြီး အစ္စရေးစစ်တပ်က စီးနင်း ခဲ့တာ ဖြစ်ပါတယ်။

ဂါဇာစစ်ပွဲ ပေါ်ပေါက်လာပြီးကတည်းက အနောက်ဘက်ကမ်းခြေ ဒေသမှာလည်း အစ္စရေး စစ်တပ်က စီးနင်း တိုက်ခိုက်တာတွေ လုပ်နေကြတယ်လို့ ပါလက်စတိုင်း အာဏာပိုင်တွေက ဆိုပါတယ်။ အောက်တိုဘာ လကတည်းကနေ အခု အချိန်ထိ အနောက်ဘက်ကမ်းခြေဒေသမှာ အစ္စရေး စစ်တပ်ရဲ့ လက်ချက်နဲ့ လူ အယောက် ၂၃၀ နီးပါး သတ်ဖြတ် ခံထားရပြီး၊ အယောက် ၃ ထောင်ကျော် ဖမ်းခံခဲ့ရတယ်လို့ ပါလက်စတိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ကျင်-ဆန်း-ကျော့ နယ်စပ်ဂိတ်ကို ညီနောင် မဟာမိတ်အဖွဲ့ သိမ်းပိုက်

မြန်မာ အာဏာသိမ်း စစ်ကောင်စီကို တစ်သုညနှစ်ခွန် စစ်ဆင်ရေး ပြုလုပ်ပြီး တိုက်ခိုက် နေတဲ့ မြောက်ပိုင်း မဟာမိတ် ညီနောင် ၃ ဖွဲ့က တရုတ်-မြန်မာ နယ်စပ်ဂိတ် နောက်တစ်ခုကို သိမ်းပိုင်း ထိန်းချုပ်ထားလိုက် နိုင်ပြီလို့ ကြေညာပါတယ်။

ကျင်-ဆန်း-ကျော့ နယ်စပ်ဂိတ်မှာ မဟာမိတ် အဖွဲ့ရဲ့ အလံ လွှင့်ထူထားတာကို ပြသနေတဲ့ ဗီဒီယိုကို မြောက်ပိုင်း ၃ ဖွဲ့နဲ့ နီးစပ်တဲ့ ဒေသတွင်း မီဒီယာပေါ် မှာ ထုတ်လွှင့် ခဲ့ပါတယ်။

မနေ့ စနေနေ့တုန်းက စပြီး တရုတ် တပ်ဖွဲ့တွေဟာ မြန်မာနဲ့ နယ်စပ် သူတို့ဘက်ခြမ်းမှာ တိုက်ပွဲဝင် စစ်ရေး လေ့ကျင့်ခန်းတွေ စတင် လုပ်ဆောင်လာပါတယ်။

သူတို့နဲ့ကပ်ရက် မြန်မာဘက်ခြမ်းထဲ လက်နက်ကိုင် တိုက်ပွဲတွေ ပေါ်ပေါက်နေပြီး မတည်မငြိမ် ဖြစ်နေတဲ့ အပေါ် ဘေဂျင်း အစိုးရက အတော်လေး မလိုလားကြောင်း ဒီ စစ်ရေးလေ့ကျင့်မှုတွေက ဖော်ပြနေတယ်လို့ အကဲခတ်တွေက ဆိုပါတယ်။

ဆီအာရာလီအွန်း တစ်နိုင်ငံလုံး ကာဖျူးထုတ်ပြန်

ဖရီးတောင်းမြို့တော် လက်နက်တိုက် တိုက်ခိုက်ခံရတဲ့နောက် ကာဖျူးထုတ်ပြန်ထား

အနောက်အာဖရိက နိုင်ငံ တစ်ခု ဖြစ်တဲ့ ဆီအာရာလီအွန်းရဲ့ မြို့တော် ဖရီးတောင်းမှာ ပြီးခဲ့တဲ့ညက စစ်တပ်ရဲ့ လက်နက်တိုက်တစ်ခုကို သေနတ်ကိုင် လူတစ်စုက စီးနင်းဖို့ ကြိုးစားခဲ့ကြတာကနေ ပစ်ခတ်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

မြို့တော်ကို အစိုးရစစ်တပ်က သေချာ ထိန်းချုပ် ထားနိုင်တယ် ဆိုပြီး ဆီအာရာလီအွန်း သမ္မတ ဂျူးလီယက်စ် မာဒါဘီအိုက ပြောပါတယ်။ လာပြီး တိုက်ခိုက်ကြသူတွေနောက် လုံခြုံရေး တပ်ဖွဲ့တွေ လိုက်လံ ရှင်းလင်း နေတယ်လို့ ဆိုပါတယ်။ သမ္မတက မြို့တော်ရဲ့ လုံခြုံရေး အပေါ် အာမခံ ပြောကြား ပေးမယ့်လည်း အများပြည်သူကြားမှာတော့ စိုးရွံ့ ထိတ်လန့်မှုတွေ ရှိနေတယ် ဆိုပြီး ဖရီးတောင်းမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက စစ်တပ်က ထိပ်ပိုင်း အရာရှိ တချို့ဟာ မစ္စတာ မာဒါဘီအိုကို ဖယ်ရှားပြီး အာဏာသိမ်းဖို့ ကြိုးစားခဲ့တယ် ဆိုတဲ့ စွဲချက် ဖမ်းဆီးခံခဲ့ရပါတယ်။

အခုလို ဖရီးတောင်းမှာ ပစ်ခတ်မှုတွေ ပေါ်ပေါက် လာခဲ့ပြီးတဲ့နောက် တစ်နိုင်ငံလုံးကို လွှမ်းခြုံတဲ့ ည မထွက်ရ ကာဖျူး အမိန့်ကို ထုတ်ပြန်လိုက်ပါတယ်။ ပြန်ကြားရေး ဝန်ကြီး ချာနိုဘားဟ်က ဘီဘီစီကို ပြောပါတယ်။

“တစ်နိုင်ငံလုံးကို ကာဖျူးအမိန့် ကျွန်တော်တို့ ကြေညာလိုက်ပါတယ်။ တိုင်းပြည်ရဲ့ သစ္စာဖောက်တွေနောက် လိုက်လံ ရှင်းလင်း နေချိန် ဖြစ်တဲ့ အတွက် ကျွန်တော်တို့ရဲ့ တိုင်းသူပြည်သားတွေ ကိုယ့် နေအိမ်တွေထဲမှာပဲ ရှိနေပေးကြဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံ ထားပါတယ်” ဆိုပြီး ဝန်ကြီး ချာနိုဘားဟ်က ပြောပါတယ်။

ဘူဆန်မြို့မှာ ၃ ပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပ

စီးပွားရေးနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာ နိုင်ငံရေး သွပ်သွင်းတာမျိုး မလုပ်ပါနဲ့ ဆိုပြီး တောင်ကိုရီးယားကို တရုတ်နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။ တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန် ၃ ပွင့်ဆိုင် အရေးပါတဲ့ တွေ့ဆုံပွဲ ရှိနေတာမှာ၊ အဲဒီ တွေ့ဆုံပွဲ မစခင် တရုတ်ဘက်က အခုလို တင်ကြို ပြောလာတာ ဖြစ်ပါတယ်။

တရုတ်နဲ့ တောင်ကိုရီးယားတို့ဟာ ဘုံ အကျိုးစီးပွားနဲ့ ထုတ်လုပ်မှုတွေ၊ ရောင်းချရာ စျေးကွက်တွေ အတူတကွ မျှဝေ ရှိနေကြတဲ့ မိတ်ဖိတ်တွေသာ ဖြစ်တယ် ဆိုပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်းယီက တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးကို ပြောပါတယ်။

အမေရိကန်နဲ့ တရုတ်တို့ကြား ဆီမီးကွန်ဒတ်တာ ရောင်းချမှုနဲ့ ပတ်သက်ပြီး အငြင်းပွား နေကြတာတွေ ထဲ တောင်ကိုရီးယား အနေနဲ့ နိုင်ငံရေးအရ ဘက်ရပ်တည်ပြီး ဝင်ရောက် ပါဝင်တာမျိုး မလုပ်ဖို့ လိုတယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးက ဆိုပါတယ်။

တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ၂၀၁၉ နောက်ပိုင်း ပထမဆုံး အကြိမ် အနေနဲ့ တောင်ကိုရီးယား ဆိပ်ကမ်းမြို့ ဘူဆန်မှာ တွေ့ဆုံကြတာ ဖြစ်ပါတယ်။

ကူဝိတ် ကာကွယ်ရေး၊ ပြည်ထဲရေး ဝန်ကြီးဟောင်း ထောင် ၇ နှစ် ချခံရ

ကူဝိတ်နိုင်ငံမှာ အမြင့်ဆုံး တရားရုံးချုပ်က ကူဝိတ် ပြည်ထဲရေး ဝန်ကြီးဟောင်း ရှိတ်ခ် ခါလစ် အယ်လ်- ဂျာရာဟ် အယ်လ်-ဆာဘား ကို ထောင် ၇ နှစ် ပြစ်ဒဏ် ချမှတ် လိုက်ပါတယ်။

စစ်တပ် အသုံးစားရိတ် ဒေါ်လာ သန်းရာနဲ့ချီတဲ့ ငွေတွေကို မဆီမလျော် စီမံခန့်ခွဲခဲ့တယ် ဆိုတဲ့ အမှုနဲ့ အခုလို ပြည်ထဲရေး ဝန်ကြီးဟောင်းကို ထောင်ဒဏ် ချမှတ်တာ ဖြစ်ပါတယ်။ ရှိတ်ခ် ခါလစ် ကတော့ သူ့အနေနဲ့ အမှားအယွင်း မလုပ်ခဲ့ဘူး ဆိုပြီး ငြင်းဆို ထားပါတယ်။

မနှစ်တုန်းကတော့ အခု ပြည်ထဲရေး ဝန်ကြီးဟောင်းရော၊ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဂျဘား အယ်လ်- မူဘာရတ် အယ်လ်- ဆာဘားပါ ငွေကြေး မသာမာမှု စွဲချက်တွေကနေ အပြစ်မရှိကြောင်း ကင်းလွတ်ခွင့် ရခဲ့ပါတယ်။

ဒါပေမယ့် ကူဝိတ် အစိုးရ ရှေ့နေတွေက အမှုကို တဖန်ပြန်ပြီး အောင်အောင်မြင်မြင် အသက်သွင်းလို့ အခုလို ဆက်လက် အရေးယူ နေတာ ဖြစ်ပါတယ်။ အခု အမှုနဲ့ ဆက်စပ်နေတဲ့ အမေရိကန်ထဲက ငွေကြေး ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားပေးဖို့ အမေရိကန် အစိုးရကိုလည်း ကူဝိတ် အာဏာပိုင်တွေက တောင်းဆို ထားပါတယ်။