ဟာဝိုင်ယီတောမီး - သေဆုံးသူသိသိသာသာတိုးလာပြီး ၉၃ ဦးအထိရှိလာနေ

ရေးသားခဲ့သည်။

အမေရိကန် ၊ ဟာဝိုင်ယီပြည်နယ် မောင်ဝီကျွန်းပေါ်မှာလောင်တဲ့ တောမီးကြောင့် သေဆုံးသူ ၉၃ ဦး အထိရှိလာပြီး ရာစုနှစ်တစ်ခုအတွင်း အမေရိကန်ရဲ့ ‌မီးလောင်မှုသမိုင်းမှာ အဆိုးရွားဆုံးဖြစ်ပါတယ်။

သေဆုံးသူအရေအတွက် သိသိသာသာ မြင့်တက်လာနိုင်တယ်လို့ ဟာဝိုင်ယီပြည်နယ်အုပ်ချုပ်ရေးမှူး Josh Green - ဂျော့ရှ် ဂရီးန် က ပြောထားပြီး မှုခင်းဆေးပညာဌာနကလည်း သေဆုံးသူတွေကိုဖော်ထုတ်နေဆဲဖြစ်ပါတယ်။

မီးဘေးကို ရှောင်ဖို့ထွက်ပြေးခဲ့ကြသူတွေဟာ ပြန်ဝင်လာချိန်မှာ ရာနဲ့ချီတဲ့ ယာယီအမိုးအကာတွေကိုပေးဖို့ဖြည့်နေချိန်မှာပဲ နောက်ထပ် အခက်အခဲဖြစ်နေတဲ့ ရာနဲ့ချီကလည်း ဆက်ရှိနေပါတယ်။

" အသက်ရှင်နေတဲ့သူတွေကိုပဲ စောင့်ဆိုင်းပြီး ပံ့ပိုးပေးနိုင်ပါတယ်။ အခုကျွန်တော်တို့ရဲ့ အာရုံစိုက်မှုက လူတွေကို တတ်နိုင်သမျှ ပြန်လည်ပေါင်းစည်းပြီး နေရာထိုင်ခင်းရရှိကြဖို့ပါ။ ပြီးတော့ သူတို့ကို ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး ပြန်လည်တည်ဆောက်ရေးဘက်ကို ဦးတည်သွားဖို့ပဲ ဖြစ်ပါတယ်။"လို့ Josh Green ကပြောထားပါတယ်။

အခုလက်ရှိမှာ တောမီးလောင်ကျွမ်းတဲ့နေရာဒေသ အတော်များများကို ထိန်းထားနိုင်ပြီဖြစ်ပေမဲ့ အပြည့်အဝငြှိမ်းသတ်နိုင်တာမျိုးမဟုတ်သေးတာကြောင့် Lahaina- လာဟေနာမြို့ အနီးတစ်ဝိုက် အပါအဝင် ကျွန်းတွေရဲ့ အစိတ်အပိုင်းတချို့မှာဆက်လက်လောင်ကျွမ်းနေသေးတာပါ။

ဆက်သွယ်ရေးလိုင်းတွေ ပြတ်နေတဲ့အတွက် လူတွေကို ခြေရာခံ လိုက်ရှာဖို့ အခက်တွေ့နေသလို ထိခိုက်ပျက်စီးခဲ့ရမှုတွေကို ပြန်လည်ပြင်ဆင်တည်ဆောက်ဖို့အတွက် နှစ်ပေါင်းများစွာ အချိန်ယူရဖို့ ရှိပြီး ဒေါ်လာ ဘီလျံနဲ့ချီ ကုန်ကျလိမ့်မယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

လက်ရှိမှာတော့ အာဏာပိုင်တွေက ကျွန်းရဲ့ ကမ်းရိုးတန်းဒေသတွေမှာ ကျန်ရှိနေတာတွေကို အာရုံစိုက်လုပ်ဆောင်နေပြီး အပျက်အစီးများအောက်က အလောင်းတွေကို ရှာဖွေဖို့ အနံ့ခံခွေးတွေကိုအသုံးပြုပြီး လုပ်ဆောင်နေကြပါတယ်။ အခုအချိန်အထိ ရှာဖွေရေးဧရိယာက ၃ ရာခိုင်နှုန်းလောက်သာ လွှမ်းခြုံထားနိုင်သေးတာပါ။

ဖယ်ဒရယ်အ‌ရေးပေါ် စီမံခန့်ခွဲမှု ကော်မတီ (FEMA) က အကြီးတန်းအရာရှိ Jeremy Greenberg က “ နံပါတ်တစ် ဦးစားပေးကတော့ အသက်ရှင်ကျန်ရစ်သူ ဘေးကင်းရေးပါပဲ” လို့ပြောပါတယ်။

လူပေါင်း ၁၀၀၀ နီးပါးကို ဆက်သွယ်လို့မရသေးသလို အချို့မှာ ဘေးကင်းနိုင်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် သတင်းအချက်အလက်တွေလက်လှမ်းမမီနိုင်သေးဘူး လို့ မစ္စတာ Greenberg က ပြောကြားခဲ့ပါတယ်။

မောင်ဝီ စစ်အထိမ်းအမှတ်အောက်မေ့ဖွယ် ခန်းမမှာ ရာနဲ့ ချီတဲ့ ရွှေ့ပြောင်းသူတွေရှိနေပြီး စေတနာ့ဝန်ထမ်းတွေက အစားအစာ၊ သန့်ရှင်းရေးသုံးပစ္စည်းတွေ ဆေးဘက်ဆိုင်ရာအကူအညီတွေကိုပေးနေပါတယ်။

ခန်းမထဲက ဝှိုက်ဘုတ်ကြီးတွေမှာ ဘတ္ထရီ၊ ရေ နဲ့ မီးစက်တွေလိုအပ်တယ်လို့ ရေးထားပြီး အဝတ်အစားတွေမလိုအပ်တော့တာကိုလည်း အသိပေးရေးထားပါတယ်။

ပျောက်ဆုံးနေသူတွေကြောင့် ဝမ်းနည်းဖွယ်ကောင်းတာတွေရှိသလို မီးဘေးသင့်သူတွေစုဝေးနေကြတဲ့ စစ်အထိမ်းအမှတ်အောက်မေ့ဖွယ် ခန်းမရဲ့ ကားပါကင်ကျယ်ကြီးက နေရာမှာပဲ ပြန်လည်ဆုံစည်းကြသူတွေလည်းရှိနေပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် လာဟာနာမြို့မြို့ က အဆောက်အအုံပေါင်း ၂၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး အများစုက နေအိမ်တွေဖြစ်ကြပါတယ်။ လာဟာနာမြို့မြို့ ကိုသွားတဲ့ အဝေးပြေး လမ်းမကြီးလည်း ခေတ္တပြန်ဖွင့်ခဲ့ပေမဲ့ အခုတော့ ပြန်ပိတ်ထားပြီး ရာနဲ့ချီတဲ့ မြို့ခံတွေလည်း မြို့ကိုပြန်ဝင်ဖို့ စောင့်ဆိုင်းနေကြရပါတယ်။

ပစိဖိတ်သဘာဝဘေးဆိုင်ရာစင်တာ (PDC) နဲ့ FEMA တို့ရဲ့ အဆိုအရ ဟာဝိုင်ယီ တောမီးကြောင့် ပြန်လည်ထူထောင်ရေးမှာ အမေရိကန် ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံ သုံးစွဲဖို့ရှိတယ်လို့ ဆိုပါတယ်။

ဝေဟင်ကနေ မီးငြှိမ်းသတ်ရေးလုပ်နေတဲ့ ရဟတ်ယာဉ်မှူး ရစ်ချတ်အော်စတန်ကတော့ မောင်ဝီကျွန်းကိုဖြတ်သန်ကြည့်ရှုချိန်မှာ ဆိပ်ကမ်းက လှေအများစုလည်း မီးလောင်ပြီး နစ်မြုပ်ခဲ့ကြောင်း BBC ကိုပြောပါတယ်။

“သမိုင်းဝင် အဆောက်အဦတွေ၊ ဘုရားကျောင်းတွေ၊ သာသနာပြု အဆောက်အအုံတွေ အားလုံး ပျောက်ကွယ်သွားခဲ့တယ်”

“ဈေးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေရှိတဲ့ အဓိက ခရီးသွားနေရာတွေ၊ သမိုင်းဝင် အရာအားလုံးမြေပြင်မှာမီးလောင်သွားတယ်။”လို့ သူကဆက်ပြောပါတယ်။

ထောက်ပံ့ရေးပစ္စည်းတွေကို ကူညီပေးနေတဲ့ လူငယ်အချို့ကတော့ အစိုးရရဲ့ စီမံခန့်ခွဲမှု မှားယွင်းမှုအပေါ် အပြစ်တင်နေကြပါတယ်။

တစ်မြို့လုံးနီးပါး ပျက်စီးသွားတဲ့ လာဟာနာမြို့မှာ နေအိမ်တွေဆီ တောမီးတွေ ပျံ့နှံ့လာချိန်မှာ မီးဘေးသတိပေးတဲ့ ဥသြသံဆွဲတာမျိုး လုံးဝ မရှိခဲ့ဘူးလို့ အသက်ဘေးက လွတ်မြောက်လာသူတွေက ပြန်ပြောပြပါတယ်။