မြန်မာကို အဖွဲ့ဝင်အဖြစ်က ဆိုင်းငံ့တဲ့ အထိ အာဆီယံ ခေါင်းဆောင်တွေ ဆုံးဖြတ်လာနိုင်လား

ရေးသားခဲ့သည်။

မြန်မာ့အကျပ်အတည်း ဖြေရှင်းဖို့ဆိုတာ ဆယ်စုနှစ်တချို့ အထိ အချိန်ယူရနိုင်ပြီး၊ အချိန်ကြာလာတာနဲ့အမျှ​ အာဆီယံ အဖွဲ့ရဲ့ အနာဂတ်အရေး အစီအမံတွေ အပေါ် ကိုင်တွယ်နိုင်ရေး စွမ်းရည်ကိုပါ စိန်ခေါ်မှုတွေ သက်ရောက် နေစေလိမ့်မယ် ဆိုပြီး စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဗီဗီယန် ဘာလာခရစ်သျှ်နန်က ပြောပါတယ်။

အရှေ့တောင်အာရှ ဆိုင်ရာ လေ့လာရေးမှာ စင်္ကာပူရဲ့ အဓိက သုတေသန  ဌာနကြီး ဖြစ်တဲ့ အိုက်စက်-ယူဆွဖ် အီရှတ်ခ် အင်စတီကျူ့ကနေ နိုဝင်ဘာ ၁ ရက် နေ့မှာ  ပြုလုပ်တဲ့ ဖိုရမ် အစည်းအဝေးအတွင်း ဝန်ကြီး ဘာလာခရစ်သျှ်နန်က အဲဒီလို ပြောခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အောက်တိုဘာ ၂၇ ရက်နေ့တုန်းက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ အထူး တွေ့ဆုံခဲ့ကြတာကို ရည်ညွှန်းပြီး ဝန်ကြီး ဘာလာခရစ်သျှ်နန် ပြောတာက ...

“အင်မတန် ခက်ခဲတဲ့ အပြန်အလှန် ပြောဆို ဆွေးနွေးမှုတွေပါ။ “အာဆီယံ” အနေနဲ့ တပေါင်းတစည်းတည်း အတူတကွ လုပ်ဆောင်နိုင်မယ့် ရှေ့ခြေလှမ်းတွေ ဘာဖြစ်မလဲ ဆိုတာကို စဥ်းစား နေကြဆဲ ဖြစ်ပါတယ်။ အဲဒီ ခြေလှမ်းတွေဟာ တစ်ခုခုကို လုပ်နေတယ် ဆိုတာကို ပုံဖော်နိုင်ရုံ ဟန်ပြသက်သက် မဟုတ်ဘဲ၊ မြန်မာ့အရေး ဖြေရှင်းရာမှာ တကယ့်ကို တိုးတက်မှုတွေ ဖြစ်စေနိုင်တဲ့၊ အကူအညီတွေ ဖြစ်စေနိုင်တဲ့ ခြေလှမ်းမျိုးတွေ ဖြစ်ဖို့ လိုပါတယ်။”

“ကျွန်တော်တို့ဘက်က စဥ်းစားကြတဲ့ အခါ အခုထက်ထိ ပထမ ဦးစားပေး အဖြစ် စပြီး စဥ်းစားတာက မြန်မာပြည်သူတွေ ခံစားနေရတာတွေကို လျှော့ချ ပေးနိုင်ရေး၊ သက်သာရာ ရစေရေး ဖြစ်ပါတယ်” ဆိုပြီး စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးက ဆိုပါတယ်။

အာဆီယံ အဖွဲ့ဘက်က မြန်မာ့ အရေး အဖြေရှာရာမှာ ဘယ်လို ဆောင်ရွက်မှုတွေ ထပ်ဆင့် လုပ်ဆောင်လာမလဲ ဆိုတဲ့ အဓိက ဆုံးဖြတ်ချက်တွေကို နိုဝင်ဘာ ဒုတိယပတ်ထဲ ဖနွမ်းပင်မြို့တော်မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကနေ ချမှတ် လာဖွယ် ရှိတယ် ဆိုတာကို အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အထူး အစည်းအဝေးပွဲ အပြီး ပြောဆိုချက်တွေက ညွှန်ပြ နေပါတယ်။ 

“အာဆီယံ အနေတဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ပြုလုပ်ချိန်တန်ပြီ ဖြစ်ပါတယ်။ လာမယ့် သီတင်းနှစ်ပတ် အတွင်း ဘာတွေ ဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့်ကြတာပေါ့” ဆိုပြီး တော့လည်း ဝန်ကြီး ဘာလာခရစ်သျှ်နန်က ဆိုပါတယ်။

အဲဒီ အဓိပ္ပာယ်ဟာ မြန်မာ့အရေး အဖြေရှာရာမှာ ရှိနှင့်ပြီး ဖြစ်တဲ့ အာဆီယံ ဘုံသဘော တူမှု ၅ ချက်ကို လက်တွေ့ အကောင်အထည် ဖော်ရေး စစ်ကောင်စီဘက်က ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲ ပျက်ကွက်နေလို့ ဆိုပြီး မြန်မာကို အာဆီယံ အဖွဲ့ဝင် အဖြစ်ကနေ ဆိုင်းငံ့လိုက်တာမျိုး အထိကို ရည်ရွယ် ဆိုလိုတာလား ဆိုတဲ့ မေးခွန်းတွေ ထွက်လာစေပါတယ်။

မြန်မာကို အဖွဲ့ဝင် အဖြစ်က ဆိုင်းငံ့လာမလား

အောက်တိုဘာ ၂၇ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အထူး အစည်းအဝေး အပြီး အစည်းအဝေး ကျင်းပခဲ့တဲ့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး စိုက်ရာ  အိမ်ရှင် နိုင်ငံ ဖြစ်တဲ့ အင်ဒိုနီးရှားရဲ့ အာဆီယံ ပူးပေါင်းဆောင်ရွက်မှု ရေးရာ ညွှန်ကြားရေးမှူးချုပ် ဆစ်ဒ်ဟာတို ရီဇာ ဆာယိုဒီပူယို ကတော့ ....

“မြန်မာကို အဖွဲ့ထဲကနေ ဖယ်ရှားပစ်လိုက်ဖို့ အာဆီယံ အနေနဲ့ ဘယ်တုန်းကမှ မဆွေးနွေးခဲ့ကြပါဘူး။ အာဆီယံ ၁၀ နိုင်ငံ ဆိုတဲ့ ရပ်တည်မှု အပေါ်မှာပဲ အမြဲ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။”

“အခု အစည်းအဝေးကနေ ထွက်ပေါ်လာတဲ့ အကြံ ပြုချက်တွေကတော့ ... လာမယ့် အာဆီယံ ထိပ်သီး အစည်းအဝေးကျရင် နေပြည်တော်ကို ချုပ်ကိုင်ထားတဲ့သူတွေပါ သဘောတူထားတဲ့ ဘုံ သဘောထား ၅ ချက်ကို အကောင်အထည် ဖော်နိုင်မှု အနေအထားကို ပြန်လည် သုံးသပ်ကြဖို့ ဖြစ်ပါတယ်။ အဲဒီလို သုံးသပ်ကြဖို့ အဓိက ဦးတည်ပြီးတော့လည်း အခု အစည်းအဝေး ကျင်းပခဲ့တာ ဖြစ်ပါတယ်” ဆိုပြီး ပြောထားပါတယ်။

အခုလိုမျိုး အာဆီယံ ထိပ်သီးဆွေးနွေးပွဲ အကြို မြန်မာအရေး နိုင်ငံခြားရေး ဝန်ကြီးတွေ အထူး အစည်းအဝေး ခေါ်ယူတာမျိုး၊ ထိပ်သီးဆွေးနွေးပွဲကျရင် မြန်မာအရေး ဘုံသဘောထား ၅ ချက်နဲ့ ပတ်သက်တာတွေကို ပြန်သုံးသပ်ပြီး ဘာတွေ ရှေ့ဆက် လုပ်ကြမလဲ ဆုံးဖြတ်ကြမယ် ဆိုတာတွေ အပေါ် အာဏာသိမ်း စစ်ကောင်စီကတော့ ပယ်ချ ကန့်ကွက်ထားပါတယ်။

မြန်မာကို ကိုယ်စားပြုသူ မပါတဲ့ ဆွေးနွေးမှုတွေကို မြန်မာဘက်က လက်မခံ၊ လိုက်ပါ ဆောင်ရွက်မှာ မဟုတ်သလို၊ တူညီဆန္ဒ (၅) ချက်  အကောင် အထည်ဖော်တယ် ဆိုတာ လုပ်ငန်းစဉ် တစ်ရပ်ဖြစ်တဲ့ အတွက် အချိန်ကန့်သတ်ချက် ချမှတ်ပြီး  ဖိအားပေး အကြပ်ကိုင်တဲ့ ချဉ်းကပ်မှုမျိုးတွေဟာ အကျိုးမရှိနိုင်တဲ့ အပြင် ဆိုးကျိုးတွေ သက်ရောက်လာနိုင်တယ် ဆိုပြီး စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

လက်တွေ့အခြေအနေနဲ့ အာဆီယံ အဝေဖန်ခံရမှု

မြန်မာနိုင်ငံထဲက လက်တွေ့ မြေပြင် အခြေအနေတွေကို ကြည့်ရင် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ လက်နက်ကိုင် ပဋိပက္ခတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာပြီး ကုလသမဂ္ဂရဲ့ နောက်ဆုံး ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံထဲမှာ အခုဆိုရင် IDP လို့ ခေါ်တဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသူ အရေအတွက် တစ်သန်းနဲ့ ၄ သိန်း ဝန်းကျင်အထိ ရောက်လာပြီလို့ ဆိုပါတယ်။

အာဆီယံ သဘောတူမှု ၅ ချက်ဆိုပြီး အာဏာသိမ်း စစ်ခေါင်းဆောင်ကိုယ်တိုင် ရှိနေခဲ့တဲ့ ဂျကာတာမြို့  တွေ့ဆုံပွဲကနေ ရရှိထားတဲ့ အချက်တွေကို နိုင်ငံတကာ အစိုးရတွေကလည်း အားပေးထောက်ခံတယ်လို့ ပြောနေပေမယ့် ဘယ်လို တိုးတက်မှု တစုံတရာမှ ရှိမနေတဲ့ အပေါ် ဒီ ၅ ချက်ကို စွန့်လွှတ်ချိန်တန်ပြီ၊ နည်းလမ်း အသစ် တွေ ရှာချိန်တန်ပြီ ဆိုတဲ့ ဝေဖန်မှုတွေဟာ ကျန်ခဲ့တဲ့ လပေါင်းများစွာ အတွင်း ဆက်တိုက် ထွက်ပေါ် နေခဲ့ပါတယ်။

အာဆီယံ ရဲ့ အရေးပါမှုကို မထိခိုက် စေချက်ဘူး ဆိုရင် တကယ် လက်တွေ့ကျပြီး၊ အာဏာသိမ်း စစ်တပ်အပေါ် ဖိအားတွေ ထိထိရောက်ရောက် သက်ရောက် နိုင်စေတဲ့ နည်းလမ်းတွေ ရှာပါဆိုပြီး ဝေဖန်သူတွေက ပြောနေပါတယ်။

စစ်ကောင်စီကို ဘယ်အချိန် ဘယ်ကာလ အတွင်း ဘယ်အချက်တွေကို အပြီး ဆောင်ရွက်ရမယ်၊ မဆောင်ရွက်ရင် ဘယ်လို တုန့်ပြန် အရေးယူမယ် ဆိုတဲ့ အချိန်အကန့်အသတ် time frame သတ်မှတ်တာမျိုး လုပ်ဆောင်သင့်တယ် ဆိုပြီး လူ့အခွင့်အရေး ဆိုင်ရာ အာဆီယံ ပါလီမန် အမတ်များ အဖွဲ့ကို ဦးဆောင်နေသူ ချားလ်စ် ဆန်တီယာဂိုက ဘီဘီစီနဲ့ သီးသန့် မေးမြန်းခန်းတစ်ခုမှာ ပြောဆိုထားပါတယ်။

ဒါ့အပြင် NUG နဲ့ ဆက်ဆံရေး လမ်းကြောင်းတွေ ဖွင့်ဖို့၊ စာနာမှု ဆိုင်ရာ အကူအညီ ပေးရေးလို ကိစ္စမျိုးတွေမှာ ဆိုရင် အထူးသဖြင့် နယ်စပ်ဖြတ်ကျော် ပေးပို့တဲ့ အကူအညီ အစီအစဥ်တွေမှာ ဆိုရင် NUG နဲ့  ပူးပေါင်းဆောင်ရွက်တာတွေ ပြုလုပ်ဖို့ ဆိုတဲ့ တိုက်တွန်းမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။

ပိုပြီး ပြင်းထန်တဲ့ ဝေဖန်မှုတွေ ပြုလုပ် ကြုသူတွေကတော့ ဘုံ သဘောတူမှု ၅ ချက် ဆိုတာကို မြန်မာ့အရေး အဖြေရှာရာမှာ အဓိက လမ်းပြ မြေပုံ သဖွယ် နိုင်ငံတကာက ထောက်ခံ အားပေးကြောင်း ပြောနေတာတွေ ရပ်လို့ အပြီးတိုင် ဖျက်သိမ်းပြီး၊ ကိုယ်ထူကိုယ်ထ လုပ်တဲ့ အစီအမံတွေ တိုက်ရိုက် ချမှတ်လို့ မြန်မာ့အရေး ကိုင်တွယ်ဖို့ လိုတယ်လို့ ဆိုကြပါတယ်။

အာဆီယံ အဖွဲ့ အတွင်းမှာကို မြန်မာ့ အရေး ရပ်တည်မှုတွေဟာ အကွဲကွဲအပြားပြား ဖြစ်နေတာကို တွေ့မြင်နေရပြီး စင်္ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှားတို့ထံက စစ်အာဏာသိမ်းမှု အပေါ် ဆန့်ကျင်တဲ့ ရပ်တည်ချက်မျိုး ပြသကြပါတယ်။

ဖိလစ်ပိုင်ကတော့ မားကို့စ် ဂျူနီယာ သမ္မတ ဖြစ်လာပြီး နောက်ပိုင်း အပြောင်းအလဲ ပေါ်ပေါက်ချင်ရင် နေပြည်တော် ဗိုလ်ချူပ်တွေကို ချန်ထားလို့ မရဘူး၊ ထိတွေ့ဆက်ဆံရမယ် ဆိုတဲ့ မှတ်ချက် စကားမျိုးတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီတော့ လာမယ့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲဟာ လက်ရှိ ကြန့်ကြာနေတဲ့ ဘုံ သဘောထား ၅ ချက် အပေါ် သုံးသပ်ပြီး ပြင်ဆင်မှုတွေ လုပ်မယ် ဆိုတဲ့ အချက်ဟာ အတော်လေး သိသာ နေပေမယ့်၊ ဘယ်လောက် အတိုင်းအတာထိ ပြောင်းလဲမှုတွေ လုပ်ဆောင်မှာလဲ၊ မြန်မာ့အရေး စစ်ခေါင်းဆောင်ရဲ့ သဘောတူမှု မပါဝင်တဲ့ အာဆီယံမူဝါဒ လမ်းကြောင်း အသစ် ချမှတ်မှာလား၊ မြန်မာကို အဖွဲ့ဝင် အဖြစ် ဆိုင်းငံ့တဲ့ အထိ ဒဏ်ခတ်မှုမျိုး မကြုံစဖူး သမိုင်းဝင် လုပ်ဆောင်လာမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။