ဇူလိုင်လ ၂၂ ရက် ထိပ်တန်းသတင်းများ - မြောက်ပိုင်းတိုင်း တိုင်းမှူးအပါအဝင် တိုင်းမှူးတချို့ အပြောင်းအလဲဖြစ်

ရေးသားခဲ့သည်။

ကချင်ပြည်နယ်အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအသစ်အဖြစ် ဗိုလ်ချုပ် စိုးလှိုင် ခန့်အပ်ခံရပြီး စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ကနေ ပြောင်းရွှေ့ ခန့်အပ်ခံရတာလို့ စစ်ရုံးကလာတဲ့ သတင်းတွေအရသိရပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်ကိုကိုမောင် အစစ်ဆေးခံရပြီး တစ်ပတ်ခန့်အကြာမှာပဲ တိုင်းမှူးအပြောင်းအလဲ ဖြစ်ခဲ့တာပါ။

ဗိုလ်ချုပ်ကိုကိုမောင်ဟာ ဖားကန့်က ကျောက်စိမ်းတွင်းတွေ နဲ့ ဆက်နွှယ်ပြီး အတိုင်ခံရတယ်လို့ ဘီဘီစီရဲ့ သတင်းအရင်းအမြစ်တွေကပြောပြီး စစ်ကောင်စီဘက်ကတော့ တရားဝင်မထုတ်ပြန်ပါဘူး။

မနေ့ညက လည်း ရဲချုပ်အပြောင်းအလဲ ဖြစ်ခဲ့ပြီး တြိဂံဒေသတိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင် က ရဲချုပ်အသစ် အဖြစ် ပြည်ထဲရေးဒုဝန်ကြီးရာထူးကိုပါ ပူးတွဲကိုင်တွယ်ရမှာ ဖြစ်ကာ ဒုတိယဗိုလ်ချုပ်ကြီး အဆင့် တိုးမြှင့်ခန့်ထားခံရပါတယ်။

လစ်လပ်သွားတဲ့ တြိဂံဒေသတိုင်းမှူးနေရာကိုတော့ စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ်အောင်ခိုင်ဝင်း ရောက်ရှိလာပါတယ်။

ရဲချုပ်ဟောင်း ဗိုလ်ချုပ်ဇင်မင်းထက်က အရပ်ဘက်အရွှေ့ခံရပြီး အားကစား နဲ့ လူငယ် ဒုတိယဝန်ကြီး ဖြစ်လာပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ကျန်းမာရေးကိုတာဝန်ယူခဲ့ဖူးတဲ့ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးဟောင်း ဗိုလ်ချုပ်စိုးဝင်း လည်း စစ်ကောင်စီဥက္ကဋ္ဌရုံးရဲ့ ဒုဝန်ကြီး ဖြစ်လာပါတယ်။

အခုရက်ပိုင်းအတွင်း တပ်ထဲမှာ နောက်ထပ် ရာထူးအပြောင်းအလဲတွေ ဆက်တိုက်ဖြစ်ပေါ်လာဖို့ရှိနေတယ် လို့ စစ်ရုံးက သတင်းအရင်းအမြစ်တွေ ထံက သိရပါတယ်။

တိုင်းမှူးအပြောင်းအလဲကိစ္စတွေ အသေးစိတ် သိရဖို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် ဒီကနေ့ ညပိုင်းအထိ အဆက်အသွယ်မရသေးပါဘူး။

စုန်းချောင်းရွာဒေသခံတွေ နေရပ်မပြန်ရသေး

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရော အရပ်သားတွေအပါအဝင် စုစုပေါင်း ၁၄ ဦး သတ်ဖြတ်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းကျေးရွာထဲကို ဒီကနေ့ညနေပိုင်းအထိ ဒေသခံတွေ ပြန်လည်ဝင်ရောက်‌နေထိုင်တာမရှိသေးဘူးလို့ မြေပြင်မှာရှိနေသူတွေဆီက သိရပါတယ်။

စုန်းချောင်းကျေးရွာထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းပြန်ထိုးလာနေပြီဆိုတဲ့ ကောလာဟလသတင်းတွေ ဒေသခံတွေကြား ပြန့်နေတာကြောင့် နေရပ်မပြန်ရဲကြတာလို့ ပြောပါတယ်။

"သေဆုံးသူတွေရဲ့ တစ်အိမ်ချင်းစီကို ဒီနေ့မနက်ပိုင်း သက်ပျောက်ဆွမ်းလိုက်ကပ်နေတုန်း ရွှေတောင်ဦးကုန်းကနေ စစ်တပ်လာပြီလို့ကြားတာနဲ့ ကသိုက်ကရိုက်ပြန်လာကြတာ။ ၅ ဦးအတွက် ဆွမ်းမကပ်ပေးရသေးဘူး၊ ရက်လည်အတွက်တော့ ဘာမှကိုမစီစဉ်ရသေးတာပါ" လို့ စုန်းချောင်းရွာသားတစ်ဦးက ပြောပါတယ်။

မနေ့မနက်အစောပိုင်းအချိန်မှာ စုန်းချောင်းရွာ မြောက်ဘက်၊ တောင်ဘက်နဲ့ အနောက်ဘက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်း သုံးကြောင်းခွဲဝင်ရောက်စီးနင်းပြီး ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့ကာကွယ်ရေး၊ ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့တွေအပါအဝင် အရပ်သားတွေပါ သတ်ဖြတ်ခံခဲ့ရတာလို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးခဲ့သူ ၁၄ ဦးထဲ အသက်မပြည့်သေးတဲ့ တက္ကသိုလ်ဝင်တန်းကျောင်းသား ၄ ဦးလည်း ပါဝင်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီနဲ့ နီးစပ်တဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ မနေ့မနက် ၁၀ နာရီကျော်ကတည်းက စုန်းချောင်းရွာ PDF ၆ ဦးကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်တပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့ပြီး သေနတ် ၁၁ လက်သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားခဲ့ကြပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာလည်း စုန်းချောင်းရွာကနေ PDF အယောက် ၃၀ ဖမ်းမိတယ်လို့ ထပ်မံရေးသားနေကြပြီး ယင်းမာပင်အခြေစိုက် PDF အဖွဲ့ကတော့ ဒီလိုထပ်မံဖမ်းဆီးခံရတာမရှိဘူးလို့ တုံ့ပြန်ထားပါတယ်။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဒီကနေ့ညနေပိုင်းအထိ တစုံတရာသတင်းထုတ်လာတာမရှိသေးပါဘူး။

လောင်းလုံး၊ စိုက်ပျိုးရေးဦးစီးဌာန အရာရှိပစ်ခတ်ခံရပြီးသေဆုံး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဂေါ့အင်းကျေးရွာမှာနေထိုင်တဲ့ စစ်ကောင်စီလက်အောက် စိုက်ပျိုးရေးဦးစီးဌာနမှာ ဒုတိယဦးစီးမှုအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးသိန်းဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

"ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မနေ့ည ၈ နာရီခွဲလောက်မှာ နေအိမ်မှာပဲသူ့ကိုလာဖမ်းပြီး မိနစ် ၂၀ လောက်ကြာတော့ အိမ်အနောက်ဘက်ကနေ သေနတ်သံ နှစ်ချက်ကြားခဲ့ရတာ" လို့ ဖြစ်စဉ်ကိုသိရှိသူ လောင်းလုံးဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးခဲ့တဲ့ ဦးသိန်းဦးဟာ မနှစ်ကလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကနေ ခေါ်ယူမေးမြန်းတာခံခဲ့ရတယ်လို့ နီးစပ်သူတွေကပြောသလို စစ်ကောင်စီနဲ့မပူးပေါင်းဖို့ သတိပေးခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် LLPDF ဘက်ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

သူဟာ လောင်းလုံးမြို့နယ်ထဲ စစ်ကောင်စီ၊ ပြည်သူ့စစ် (အရပ်အခေါ် ပျူစောထီး) အဖွဲ့ဝင်တွေနဲ့အတူ လမ်းမတွေပေါ်မှာ ပြည်သူတွေကိုစစ်ဆေးတာ၊ ဆက်ကြေးကောက်ခံတာတွေလုပ်ဆောင်တယ်လို့ LLPDF က ပြောပါတယ်။

လောင်းလုံးမြို့နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက စစ်ကောင်စီနဲ့ နီးစပ်သူတွေကို အခုလို ပစ်ခတ်သတ်ဖြတ်တာရှိသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း ကျေးရွာတွေထဲ စစ်ကြောင်းထိုးကာ ဒေသခံတွေကို ဖမ်းဆီးထောင်ချတာတွေလည်း အပြန်အလှန်ရှိနေတာလို့ ဒေသခံတွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ အာဇာနည်နေ့ကလည်း ဂေါ့အင်းကျေးရွာအကျော်က ဗိုလ်မှူးဗထူးပန်းခြံတဝိုက် စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်တာတွေရှိသလို အခုရက်သတ္တပတ်တွေထဲမှာပဲ စစ်ကောင်စီက ကျေးရွာတွေထဲ စစ်ကြောင်းထိုးပစ်ခတ်တာကြောင့် အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ‌ဒေသခံတွေက ပြောကြပါတယ်။

ကမ္ဘောဒီးယားရွေးကောက်ပွဲ UEC ဥက္ကဋ္ဌ သွားရောက်လေ့လာ

မနက်ဖြန်ကျင်းပမယ့် ကမ္ဘောဒီးယားနိုင်ငံရဲ့ ရွေးကောက်ပွဲကို လေ့လာဖို့ စစ်ကောင်စီရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားကို ရောက်ရှိနေပါတယ်။

နိုင်ငံတကာရွေးကောက်ပွဲလေ့လာသူတွေအဖြစ် ‌ငါးရက်တာသွားရောက်လေ့လာတာဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံရဲ့ ရွေးကောက်ပွဲစနစ်အပါအဝင် ရွေးကောက်ပွဲကျင်းပတာ၊ မဲပေးတာနဲ့ မဲရေတွက်မယ့် လုပ်ငန်းစဉ်တွေကို လေ့လာမှာလို့ နိုင်ငံပိုင်သတင်းစာတွေမှာဖော်ပြပါတယ်။

အခုကျင်းပမယ့် ကမ္ဘောဒီးယားနိုင်ငံရဲ့ ၇ ကြိမ်မြောက်ရွေးကောက်ပွဲဟာ ပြိုင်ဘက်အတိုက်အခံပါတီ Candlelight ကို ရွေးကောက်ပွဲမဝင်နိုင်အောင် ဥပဒေနဲ့တားမြစ်ထားပြီး လက်ရှိအာဏာရ ဝန်ကြီးချုပ်ဟွန်ဆင်အတွက် တစ်ကိုယ်တော်ရွေးကောက်ပွဲလို့ နိုင်ငံတကာမှာဝေဖန်ခံနေရပါတယ်။

ဒီလို ဝေဖန်ချက်တွေကိုလည်း ဟွန်ဆင်ဘက်က ပြန်ပယ်ချထားပါသေးတယ်။

ကမ္ဘာမှာသက်တမ်းအရှည်ဆုံး အုပ်ချုပ်သူတွေထဲက တစ်ဦးဖြစ်တဲ့ ဟွန်ဆင်ဟာ ၃၈ နှစ်သက်တမ်းရှိနေပြီဖြစ်တဲ့ သူ့ရဲ့ နိုင်ငံတွင်းအုပ်ချုပ်မှုကိုထပ်တိုးနိုင်ဖို့ ကမ္ဘောဒီးယားပြည်သူ့ပါတီကနေ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မှာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းနေလို့ဆိုပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီက သူတို့ဦးစီးပြီး ရွေးကောက်ပွဲထပ်ကျင်းပပေးမယ်လို့ထုတ်ပြောထားခဲ့ပေမဲ့ရွေးကောက်ပွဲကျင်းပမယ့်ရက်နဲ့ ပတ်သက်လို့ တိတိကျကျ ထုတ်ပြောထားတာမရှိပါဘူး။

အွန်လိုင်းစျေးရောင်းဖို့ မှတ်ပုံတင်ရမယ်လို့ စစ်ကောင်စီတင်းကျပ်

အွန်လိုင်းစျေးရောင်းတာကနေ နိုင်ငံရေးမလုပ်ဖို့တားမြစ်

မှတ်ပုံတင်မရှိဘဲ အွန်လိုင်းစျေးရောင်းရင် အများဆုံးထောင်ဒဏ်သုံးနှစ်အထိချနိုင်သလို ငွေဒဏ်လည်း ချမှတ်မယ်လို့ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေကို ကိုးကားပြီး စစ်ကောင်စီကထုတ်ပြန်လိုက်ပါတယ်။

ဒီလုပ်ငန်းကတဆင့် နိုင်ငံရေးမလုပ်ရဘူးဆိုတဲ့ တားမြစ်ချက်ကိုပါ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ထဲမှာ ထည့်ထားပါတယ်။

အွန်လိုင်းစျေးရောင်းသူတွေဟာ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးကို ပျက်ပြားစေဖို့ရည်ရွယ်ပြီး လှုံဆော်မှု၊ ဟောပြောမှု၊ စည်းရုံးမှု၊ အားပေးမှုနဲ့ ဆန္ဒဖော်ထုတ်တာတွေကို ရှောင်ကြဉ်ရမယ့် တာဝန်ရှိတယ်လို့ ဖော်ပြပါတယ်။

အွန်လိုင်းစျေးရောင်းဖို့အတွက် ကုန်သွယ်ရေးဦးစီးဌာနကို မှတ်ပုံတင်လျှောက်ရာမှာလည်း ရောင်းချမယ့်အမျိုးအစားစာရင်းအပါအဝင် ကုန်စည် ဒါမှမဟုတ် ဝန်ဆောင်မှုအတွက်အချက်အလက်နဲ့ အာမခံချက်လိုအပ်တယ်လို့ ထုတ်ပြန်ထားတာပါ။

လျှောက်လွှာထဲဖော်ပြမယ့် လိပ်စာမှာ လုပ်ငန်းအမှန်တကယ်တည်ရှိနေကြောင်းကိုလည်း အစိုးရဌာန၊ အဖွဲ့အစည်း ဒါမှမဟုတ် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက်ကိုပါတောင်းခံထားပါတယ်။

မှတ်ပုံတင်လျှောက်ထားပြီး ရက်သတ္တပတ် နှစ်ပတ်အတွင်း မှတ်ပုံတင်ကြေးနဲ့ အွန်လိုင်းဝန်ဆောင်ခတွေကို ဦးစီးဌာနကို ပေးသွင်းမှ ‌ရောင်းချခွင့်လက်မှတ်ထုတ်ပေးမှာဖြစ်ပါတယ်။

KNU တပ်မဟာ ၄ နဲ့ KTLA ကြား ပစ်ခတ်မှုဖြစ်

KNU က ၂ ဦးသေ၊ ၅ ဦးဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထား၀ယ်ခရိုင်၊ မေတ္တာ - ထီးခီးလမ်းပိုင်းမှာ KNU တပ်မဟာ ၄ နဲ့ ကော်သူးလေတပ် KTLA ကြား နှစ်ဖက်ပစ်ခတ်မှု ဇူလိုင် ၁၉ ရက်မှာ ဖြစ်ခဲ့ပြီး KNUရဲ့ ဗိုလ်မှူးစောဖိုးစီနဲ့ သက်တော်စောင့်တို့ သေဆုံးခဲ့တယ်လို့ နှစ်ဖက်စလုံးက အတည်ပြုပါတယ်။

"ဗိုလ်မှူးနဲ့ သူ့ဘော်ဒီဂတ်တစ်ယောက်ကကျဆုံးပြီး ကျွန်တော်တို့တပ်သားငါးယောက်က ထိခိုက်ဒဏ်ရာရပါတယ်" လို့ KNU ပြောရေးဆိုခွင့်ရ ပဒိုစောကလယ်စေးက ဘီဘီစီကိုပြောပါတယ်။

ကော်သူးလေတပ် KTLA ကိုဆက်သွယ်တဲ့အခါမှာတော့ ဘာကြောင့်ပစ်ခတ်ခဲ့တယ်ဆိုတာကို အတိအကျမပြောခဲ့ဘဲ KTLA လျှောက်လှမ်းနေတဲ့ တော်လှန်ရေးခရီးလမ်းကို မနှောင့်ယှက်သင့်ကြောင်း အကြိမ်ကြိမ်ပြောထားပြီးပြီလို့ တုံ့ပြန်ပါတယ်။

"ဇူလိုင် ၁၅ ရက်နေ့က ဖြစ်စဥ်တုန်းက သူတို့ (KNU) ဘက်က မိမိတို့ကို စတင်ပစ်ခတ်လို့ မိမိတို့ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရချိန်ကလည်း သည်းခံပြီး တော်လှန်ရေးအတွက်သာ ဆက်ဦးတည်ခဲ့တယ်" လို့ KTLA ရဲ့ သတင်းနဲ့ပြန်ကြားရေးတာ၀န်ခံ ကိုချမ်းကပြောပါတယ်။

ဇူလိုင် ၁၅ ရက်နေ့တုန်းက မေတ္တာ - ထီးခီးလမ်းပိုင်းမှာပဲ KTLA ကို KNU တပ်မဟာ ၄ တပ်ရင်း ၁၀ ရဲ့ တပ်ခွဲတွေက လာရောက်ပစ်ခတ်တဲ့ ဖြစ်စဥ်ရှိခဲ့တာလို့ KTLA က တရားဝင်ထုတ်ပြန်ထားပါတယ်။

ဇူလိုင်တတိယအပတ်ထဲမှာတော့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားတာမရှိဘူးလို့ သိရပါတယ်။

ဒီနှစ်ဆန်းပိုင်းကစပြီး KNU စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ထူထောင်ထားတဲ့ KTLA နဲ့ KNU တပ်မဟာ ၄ အောက်က တပ်ဖွဲ့တွေကြား နယ်မြေစိုးမိုးထိန်းချုပ်မှုခေါင်းစဥ်အောက်ကနေ အခုလိုတင်းမာမှုတွေစတင်လာခဲ့တာလို့ စစ်ရေးစောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။