ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စက်တင်ဘာ ၃၀ ရက် ထိပ်တန်းသတင်းများ
သတင်းထောက်မမှူးရတနာခက်မို့မို့ထွန်းကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မနဲ့ အမှုထပ်တိုးဖွင့်
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ဒီဇင်ဘာလ ၅ ရက်နေ့တုန်းက ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းက ဆန္ဒပြသပိတ်ကို စစ်တပ်က ကားနဲ့ဝင်တိုက်ပြီး ဖြိုခွဲဖမ်းဆီးခဲ့ချိန်မှာ ဖမ်းဆီးခံခဲ့ရတဲ့အထဲက တစ်ဦးဖြစ်တဲ့ သတင်းထောက်မမှူးရတနာခက်မို့မို့ထွန်းကို စစ်ကောင်စီက အခုအခါ အကြမ်းဖက်ပုဒ်မ ၅၀ (ည) နဲ့ထပ်တိုးအမှုဖွင့်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။ မမှူးရတနာကိုမူလတုန်းက ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ထားတာကနေ ဒီနေ့ စက်တင်ဘာ ၃၀ ရက်မှာ တာမွေရဲစခန်းကနေ စခန်းမှူးက တရားလိုပြုလုပ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နဲ့ ထပ်မံအမှုဖွင့်ခဲ့တာလို့သိရပါတယ်။
ပုဒ်မ ၅၀၅၀က အမှုကို အင်းစိန်ထောင်ထဲက အထူးတရားရုံးမှာစစ်ဆေးနေတာဖြစ်ပြီး လာမယ့် ၅ အောက်တိုဘာ ၂၂ မှာ မမှူးရတနာဘက်ကသက်သေတွေကို စစ်ဆေးဖို့ချိန်းဆိုထားပါတယ်။အဲဒီအမှုကို တရားရင်ဆိုင်နေစဉ်မှာပဲ ဒီကနေ့မှာ ပုဒ်မ ၅၀(ည)နဲ့ သင်္ဃန်းကျွန်းခရိုင်တရားရုံးမှာ ထပ်မံတရားစွဲတင်ပို့ခဲ့တာလို့ အမှုကိုလိုက်ပါဆောင်ရွက်တဲ့ဥပဒေအကျိုးဆောင်ထံကသိရပါတယ်။ဒီအမှုကို တရားရုံးကလက်ခံလိုက်ပြီး လာမယ့်အောက်တိုဘာ ၁၄ ရက်မှာ စစ်ဆေးမယ်လို့သိရပါတယ်။
ဒါပေမဲ့မမှူးရတနာရဲ့ကျန်းမာရေးအခြအနေကြောင့် အင်းစိန်ထောင်တွင်းအထူးတရားရုံးမှာပဲ ဒီအမှုကို စစ်ဆေးဖို့ဥပဒေအကျိုးဆောင်တွေဘက်က တင်ပြမယ်လို့သိရပါတယ်။ မမှူးရတနာခက်မို့မို့ထွန်းဟာ ကားနဲ့တိုက်ပြီးဖမ်းဆီးခံခဲ့ရတာကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီးဆေးဝါးကုသမှုတွေ ခံယူခဲ့ရကာ အခုဖမ်းဆီးခံရပြီးတစ်နှစ်ဝန်းကျင်ရှိလာတဲ့အထိ ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာခြင်းမရှိသေးပါဘူး။
ရွှေတစ်ကျပ်သား ၂၅ သိန်းကျပ်အောက်သို့ ပြန်လည်ကျဆင်းလာ
စက်တင်ဘာလ ၃၀ ရက်၊ ပြည်တွင်းရွှေဈေးကွက်မှာ ရွှေတစ်ကျပ်သားဟာ ကျပ် ၂၅ သိန်းအောက်ကို ပြန်လည်ကျဆင်းလာပါတယ်။
ကမ္ဘာ့ ရွှေစျေး ကျဆင်းလာတာ၊ ပြည်တွင်းမှာ မြင့်တက်နေတဲ့ ဒေါ်လာနဲ့ ဘတ်ငွေလဲနှုန်းတွေ ပြန်လည်ကျဆင်းလာတာ၊ ပြည်တွင်းရွှေ ဝယ်လိုအားကျဆင်းလာပြီးရောင်းလိုအားများလာတာ၊ ရွှေရင်းနှီးမြှုပ်နှံသူ နည်းလာတာ၊ အစိုးရက ရွှေထုတ်ရောင်းပေးတာ စတဲ့ အကြောင်းအချက်တွေကြောင့် မြန်မာ့ ရွှေဈေးနှုန်းက တဖြည်းဖြည်း ကျဆင်းလာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ဆိုကြပါတယ်။
ဒါ့အပြင် နှစ်စဥ် စက်တင်ဘာလကနေ ဒီဇင်ဘာလအထိဟာ ပြည်တွင်းမှာ ရွှေဈေးကျဆင်းလေ့ရှိတဲ့ ကာလဖြစ်တယ်လို့လည်း သိရပါတယ်။
"ဒေါ်လာဈေးက ၃၅၀၀ က ၂၇၀၀ လောက်အထိ ပြုတ်ကျသလို ဘတ်ဈေးကလည်းကျတယ်။ ဝယ်တဲ့သူတွေကလည်း အရင်ရက်တွေတုန်းကတော့ ဈေးတွေတက်မလားဆိုပြီး အင်တိုက်အားတိုက် အဝယ်များကြတယ်။ အခုရက်ပိုင်း ဝယ်လိုအား နည်းသွားတယ်။ စက်တင်ဘာကနေ ဒီဇင်ဘာက ပြည်တွင်းမှာ ပုံမှန် ရွှေဈေးကျလေ့ရှိတဲ့ ကာလတွေပါ။ ကောလာဟလ အကြောင်းတစုံတရာရှိရင်သာ လန့်ဖျပ်စျေးတက်တာမျိုး ရှိတတ်တာပါ။ လောလောဆယ်မှာတော့ဈေးကွက်မှာ ရွှေအလုံအလောက်ရှိတယ်။ ရွှေအိုင်နေတဲ့ သဘောပေါ့။ အမြင့်ပိုင်းကိုတော့မသွားနိုင်သေးဘူး။ အနိမ့်ပိုင်းမှာပဲ ဆက်ရှိနေနိုင်တယ်လို့ သုံးသပ်ပါတယ် " လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဘီဘီစီ ကိုပြောပါတယ်။
ပြည်တွင်းရွှေဈေးနှုန်းတွေ ကျဆင်းလာသလို အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေကျပ် ၃၅၀၀ ဝန်းကျင်ကနေ ဒီနေ့ စက်တင်ဘာ ၃၀ ရက်မှာ ၂၈၀၀ ဝန်းကျင်၊ ထိုင်းဘတ် တစ်ဘတ်ကို မြန်မာငွေ ၇၅ ကျပ်ဝန်းကျင်အထိ ပြန်လည်ကျဆင်းလာပါတယ်။
စက်တင်ဘာလ ပထမပတ်အတွင်းက ရွှေတစ်ကျပ်သားကို ကျပ် ၃၁ သိန်း ကျော်ပေါက်ဈေးရှိခဲ့ပြီး အခု စက်တင်ဘာလကုန်မှာတော့ တစ်ကျပ်သားကို ၂၄ သိန်းခွဲ၀န်းကျင် အထိ တဖြည်းဖြည်း ကျဆင်းလာတာ ဖြစ်ပါတယ်။
ပြည်တွင်းရွှေ တစ်ကျပ်သားကို ငွေကျပ် ၃၁ သိန်းရှိခဲ့ချိန်က ကမ္ဘာ့ ရွှေ တစ်အောင်စကို ဒေါ်လာ ၁၇၀၀ ဝန်းကျင်ရှိခဲ့ပြီး၊ လက်ရှိ ပြည်တွင်းရွှေဈေး ၂၅ သိန်းအောက်ရောက်ရှိချိန်မှာ ကမ္ဘာ့ရွှေတစ်အောင်စကို ၁၆၇၀ ဒေါ်လာ ဝန်းကျင်ခန့် ကျဆင်းနေတယ်လို့လည်း သိရပါတယ်။
ကန့်ဘလူမြို့နယ် လျှော်ဖြူကုန်းရွာ ထပ်မံ မီးရှို့ခံရ
အိမ်ခြေ ၄ လုံးပျက်စီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ထဲက လျှော်ဖြူကုန်းရွာကို စစ်ကောင်စီတပ်တွေက ဒီကနေ့ စက်တင်ဘာ ၃၀ ရက်နေ့မှာ ၀င်ရောက်လာပြီး မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၄ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
"ရွာတွေမှာက လူတွေကလည်း ရှောင်နေကြပြီ။ ရွာထဲမှာ မနေကြတော့ဘူး။ အိမ်ခြေကလည်း ရှို့စရာ သိပ်မကျန်ပါဘူး။ ဒါကြောင့် ဒီလောက်ပဲ ရှို့ပြီး ထွက်သွားတာ။ ပထမတစ်ခါတုန်းက အိမ်ခြေ ၁၀၀ ကျော်တယ်ရှို့သွားတာ။ စပါးကျီတွေပါရှို့သွားခဲ့တာ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လျှော်ဖြူရွာနဲ့ တခြားရွာနီးချုပ်စပ်တွေကတော့ တိမ်းရှောင်နေကြတဲ့အတွက် ထိခိုက်ဒဏ်ရာရတာ ၊ ဖမ်းဆီးခံရတာ မရှိဘူးလို့ သိရပါတယ်။
လျှော်ဖြူကုန်းကျေးရွာကို စစ်ကောင်စီတပ်တွေက ပထမအကြိမ်မီးရှို့ခဲ့ချိန်မှာ နေအိမ် အလုံးပေါင်း ၁၁၀ ကျော်နဲ့ စပါးကျီတွေ မီးလောင်ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။
ဒီနေ့ စက်တင်ဘာ ၃၀ ရက် ညနေပိုင်းအချိန်ထိတော့ စစ်ကောင်စီတပ်တွေဟာ လျှော်ဖြူကုန်းကျေးရွာကနေ စစ်ကောင်စီတပ်တွေ အထိုင်ချတပ်စွဲထားတဲ့ ကိုးတောင်ဘို့တိုက်နယ်ဘက်ကို ပြန်လည်ထွက်ခွာသွားတာတွေ့ရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အိုးဘိုထောင်မှာ ဆေးကုသခွင့်မရလို့ နိုင်ငံရေးအကျဥ်းသားတစ်ဦးသေဆုံးသွားတယ်လို့ နီးစပ်သူတွေပြော အကျဥ်းဦးစီးဌာနကတော့ ဖြစ်စဥ်မရှိဘူးလို့ငြင်းဆို
မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလလယ်တုန်းက နိုင်ငံရေးအကျဉ်းသား တစ်ဦး အရေးပေါ် ဆေးကုသမှု မရလို့ ရောဂါခံစားရပြီး သေဆုံးသွားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
သေဆုံးသွားသူဟာ ရောဂါအခံမရှိဘဲ စက်တင်ဘာ ၁၇ ရက်နေ့ ည ၇ နာရီမှာ အရေးပေါ်ဆေးကုသမှု လိုအပ်လို့ တာဝန်ကျ အကျဉ်းဦးစီး ဝန်ထမ်းကိုအကြောင်းကြားပေမဲ့ လာရောက်ကုသပေးတာမရှိလို့ ည ၁၀ နာရီကျော်မှာ သေဆုံးသွားတာဖြစ်တယ်လို့ အဆိုပါနီးစပ်သူတွေဆီက သိရပါတယ်။
ဒီလိုမလိုလားအပ်ဘဲ အသက်ဆုံးရှုံးရတာ၊ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်မှုရှိနေတာ၊ အပြစ်မရှိဘဲ တိုက်ပိတ်တာ၊ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာမရတာတွေ တွေ့ကြုံရတယ်လို့ အိုးဘိုထောင်တွင်းနီးစပ်သူတွေက ဆိုပါတယ်။
"သူက(သေဆုံးသွားသော နိုင်ငံရေးအကျဉ်းသား)နေမကောင်းတာ ချက်ချင်းအကြောင်းကြားတယ်။ လာမကုပေးတာ။ သူက ရောဂါအခံမရှိဘူး။ အဆောင်ထဲမှာက လူအယောက် ၈၀၊ ထပ်ခိုးတွေမှာပါထားတာ။ လူကျပ်ပြီး လေမရတာလည်း ဖြစ်နိုင်တယ်။ ငါးပိဆောင်မှာ အထားခံရသူတွေဆို အကုန်မူးမော်ပြီး အန်ကုန်တာတွေပါ ရှိတယ်"လို့ ထောင်တွင်းနီးစပ်သူတစ်ဦးက ပြောပါတယ်။
အိုးဘိုအကျဉ်းထောင်အတွင်း အကျဉ်းကျခံရတဲ့ သမဂ္ဂကျောင်းသားတစ်ဦး ထောင်တွင်း နှိပ်စက်ခံရလို့ ဆေးကုသမှုတွေမရရှိတာ၊ တရားလွှတ်တော်ရှေ့နေတွေ အဖမ်းခံရပြိး စစ်ကြောရေးမှ ဒဏ်ရာရခဲ့ပေမဲ့ ဆေးကုသခွင့် အလုံလောက်မရတာ၊ ထောင်အာဏာပိုင်တွေ စေခိုင်းမှုကြောင့် အခြားအကျဉ်းသားတွေက နိုင်ငံရေး အကျဉ်းသားတွေကို အကြမ်းဖက် ရိုက်နှက်တာတွေရှိသလို ဆေးကုသခွင့်ပါ မရတာတွေဟာ ဩဂုတ်လ၊ စက်တင်ဘာလအတွင်းမှာ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတယ်လို့ ထောင်တွင်းနီးစပ်သူတွေက ပြောပါတယ်။
အခုလိုဖြစ်စဥ်တွေအပါအဝင် နိုင်ငံရေးအကျဥ်းသားတစ်ဦးသေဆုံးမှုနဲ့ပတ်သက်လို့ အကျဥ်းဦးစီးဌာနတာဝန်ရှိသူထံ ဘီဘီစီက ဆက်သွယ်မေးမြန်းတဲ့အခါ အဲဒီသတင်းအားလုံးလိုလိုမှားယွင်းတယ်လို့ငြင်းဆန်ပါတယ်။
အကျဉ်းဦးစီးဌာနက အိုးဘိုထောင်အတွင်းမှာ ဆေးကုသမှုမရလို့ သေဆုံးသူမရှိသလို အခုလိုမကုသပေးလို့ သေဆုံးတဲ့ဖြစ်စဉ်လည်းမရှိတဲ့အပြင် အခုလို ထွက်ပေါ်နေတဲ့သတင်းတွေမှာ သတင်းအားလုံးလိုလို မှားနေတယ်လို့ အကျဉ်းဦးစီးဌာန တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။
တန့်ဆည်မြို့နယ်ထဲက ရွာရှည်ကျေးရွာ မီးရှို့ခံရ
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ရွာရှည်ကျေးရွာကို စစ်ကောင်စီတပ်တွေက မနေ့ စစ်တင်ဘာလ ၂၉ ရက် မနက်ပိုင်းမှာ ရွာထဲကပြန်ထွက်ချိန် ရွာလမ်းမကြီးဘေးတစ်လျှောက်က နေအိမ်တွေကို မီးရှို့သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီတစ်ကြိမ်ဆိုရင် ရွာရှည်ရွာမီးရှို့ခံရတာ ၃ကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။
“ မနေ့မနက်ကတည်းက ရွာရှည်ရွာကို ၀င်တာ ဒီနေ့ ပြန်ထွက်တော့ မီးရှို့သွားတယ်။ သုံးကြိမ်မီးရှို့တာပေါ့ ။ ပထမ နှစ်ကြိမ်ရှို့တယ်။ အခုက လက်ကျန်တွေကို ထပ်ရှို့တာပေါ့။ အိမ်နှစ်လုံးလောက်ပဲ ကျန်တော့တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေက စက်တင်ဘာလ ၂၉ ရက်နေ့က ရွာတွေထဲကို အ၀င်မှာ ပုံမှန်အတိုင်း ပစ်ခတ်ပြီး ၀င်ရောက်လာပြီး ရွာရှည်ရွာနဲ့ ဝက်တိုး စတဲ့ရွာတွေကို စစ်ကြောင်းနှစ်ကြောင်းနဲ့ စီးနင်း ၀င်ရောက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
“၀က်တိုးရွာ ပြည်သူ ၃ ဦး အဖမ်းခံရတာ ချက်ချင်းပြန်လွှတ်တယ်။ စစ်ကြောင်းနဲ့ ထိပ်တိုက်တွေ့လို့ အဖမ်းခံရတာပေါ့။ စစ်ကြောင်း၀င်နေတာ တစ်ပတ်လောက်ရှိပြီ။ အရင်ရှေ့ရွာတွေကတော့ ဒေသခံတွေ ဖမ်းမိရင် သတ်ပစ်ခဲ့တာချည်းပဲ။ အခုတော့ ပြန်လွှတ်ခဲ့တယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက တန့်ဆည်မြို့နယ် ဘောလုံးကွင်းကို စစ်ကောင်စီတပ်တွေဘက်က လေယာဉ်နဲ့ အင်အားလာချခဲ့ပြီး တန့်ဆည်မြို့နယ်ရဲ့ တောင်ဘက်ကို စစ်ကြောင်းထိုးခဲ့ပြီးတဲ့နောက် ပျူစောထီးအဖွဲ့တွေ ရှိတဲ့ ရွာတွေကိုဝင်ရောက်ပြီး အဲဒီ ပျူစောထီးရွာတွေကနေမှ စစ်ကြောင်း နှစ်ကြောင်းနဲ့ တခြားကျေးရွာတွေဆီ အင်အားဖြည့်တင်းကာ ဝင်ရောက်နေတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။
“စစ်သားအင်အားကတော့ လူ ၈၀ ၊ ၉၀ လောက်ပဲ ပါပေမဲ့ ပျူအားတွေ ပါ ပါတဲ့အတွက် အင်အားက စစ်ကြောင်းတစ်ကြောင်းကို ၁၅၀ လောက် ဖြစ်သွားပြီး စစ်ကြောင်း နှစ်ကြောင်းဆိုတော့ အင်အား ၃၀၀ လောက်ရှိတယ်” လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒေသခံတွေဟာ စစ်တပ်က ရွာအတွင်းကနေပြန်ထွက်သွားပေမဲ့ ရွာထဲကို စက်တင်ဘာ ၂၉ ရက်ညပိုင်းအထိ ပြန်မဝင်နိုင်ကြ သေးပါဘူး။ စစ်တပ်ပြန်ထွက်သွားချိန်မှာ ကျေးရွာအတွင်း မိုင်းနဲ့ ပေါက်ကွဲစေတဲ့ပစ္စည်းတွေ ရှိနေမယ်ဆိုတဲ့စိုးရိမ်ချက်နဲ့ ရွာအတွင်း လုံခြုံရေးအရ အရင်ဆုံးရှာဖွေသိမ်းဆည်းတာတွေကို လုပ်နေရတယ်လို့ ဆိုကြပါတယ်။
ပစ်ခတ်ခံရတဲ့ MNA လေယာဥ် ရန်ကုန်ကို ပြန်လည် ပျံသန်းရောက်ရှိ ဒဏ်ရာရခရီးသည်ကို လွိုင်ကော်စစ်ဆေးရုံမှာကုသနေ MNA လွိုင်ကော်ခရီးစဥ် ရက်အကန့်အသတ်မရှိ ရပ်ဆိုင်း
ဒီနေ့ စက်တင်ဘာ ၃၀ ရက် မနက်ပိုင်း လွိုင်ကော်လေဆိပ်မှာ မြန်မာ အမျိုးသားလေကြောင်းလိုင်း MNA ပစ်ခတ်ခံရတဲ့အတွက် လွိုင်ကော် ခရီးစဉ်တွေကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ပြီး ၀ယ်ယူထားတဲ့ လက်မှတ်တွေအတွက် ပြန်အမ်းငွေ ပြန်လည် ရယူနိုင်တယ်လို့ မြန်မာ အမျိုးသားလေကြောင်းလိုင်း (MNA) က ထုတ်ပြန် ပြောဆို လိုက်ပါတယ်။
ဒီနေ့ စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်လေဆိပ်မှာ ခရီးသည်တင် လေယာဉ်တစ်စီး ပစ်ခတ်ခံခဲ့ရပြီး လေယာဉ်မှာ လေဆိပ်ကို ဆင်း သက်ဖို့ ကြိုးပမ်းနေချိန်မှာပဲ အမြင့်ပေ ၃၅၀၀ ခန့်မှာ ပစ်ခတ်ခံရခြင်းဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
အခုလို ပစ်ခတ်ခံရပြီးတဲ့နောက် လေကြောင်းလိုင်းက လွိုင်ကော်ကို ပြေးဆွဲမယ့် ခရီးစဉ်တွေကိုတော့ ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။
" လေယာဉ်က ပစ်ခတ်ခံရပြီး ခရီးသည် တစ်ယောက်ထိတယ်။ သေတော့ မသေပါဘူး။ တပ်မတော် စစ်ဆေးရုံမှာ တင်ထားပါတယ်။ ကျွန်တော် ဆေးရုံက အခုပဲ ပြန်လာတာ။ ဒဏ်ရာရသူက စကားပြောဆို နိုင်ပါတယ်။ လေယာဉ်ကတော့ ခရီးသည်တွေ အကုန်လုံးချထားခဲ့ပြီး ၉ နာရီခွဲမှာ ရန်ကုန်ကို ပျံသန်းသွားပြီး အခု ရန်ကုန်ကို ရောက်ရှိသွားပါပြီ။ " လို့ မြန်မာအမျိုးသားလေကြောင်းလိုင်းက တာ၀န်ရှိသူတစ်ဦး က ဘီဘီစီကို ပြောပါတယ်။
ပစ်ခတ်ခံရသူဟာ နေပြည်တော်လေဆိပ်ကနေ လိုက်ပါလာသူဖြစ်ပြီး အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာတော့ ဒဏ်ရာရ အမျိုးသားကို စစ်ကောင်စီ တပ်ဖွဲ့၀င်လို့ ပြောဆိုနေကြသလို သာမန်ပြည်သူလို့ ပြောဆိုမှုတွေ ရှိနေပြီး ဘီဘီစီ အနေနဲ့ သီးခြားအတည်ပြု ကြိုးစားနေပါတယ်။
စစ်ကောင်စီကတော့ ဒီမနက် ပစ်ခတ်ခံရမှုက လေယာဥ်ရဲ့ဘယ်ဘက်ဝမ်းဗိုက်ကို ထိမှန်ပြီးနောက် ခရီးသည်တစ်ဦးရဲ့ ညာဘက်ပါးကို ကျည်ဆန်ထိမှန် ဖောက် ဝင်ကြောင်းဒါကို KNPP နှင့် PDF တို့က လုပ်ဆောင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါနဲ့ပတ်သက်လို့ KNPP ဘက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့်လည်း အဆက်အသွယ်မရသေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ ပြစ်ဒဏ်အသစ်ချမှတ်မှု ပြင်သစ်နိုင်ငံက အပြင်းထန်ဆုံးရှုတ်ချ
သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထားသူအားလုံး ပြန်လွှတ်ဖို့ ထပ်မံတောင်းဆို
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်အသစ်ချမှတ်မှုကို ပြင်သစ်နိုင်ငံက အပြင်းထန်ဆုံးရှုတ်ချလိုက်တယ်လို့ ပြင်သစ်နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူရဲ့ထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။
ဒီအမိန့်ချမှတ်တာက မြန်မာပြည်သူလူထုက တရားဝင်ရွေးချယ်တင်မြှောက်ခံရသူများကို စစ်ကောင်စီက ကြိုးကိုင်ခြယ်လှယ်ခြင်းရဲ့ နောက်ထပ်ဥပမာတစ်ခုဖြစ်တယ်လို့လည်း ဆိုပါတယ်။
တရားမျှတမှုကို စစ်ခုံရုံးတွေက သိမ်းယူခြင်းဟာ အခြေခံအခွင့်အရေးတွေကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးကို ပိုမိုထိခိုက်စေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံသားတွေနဲ့ ပြည်ပနိုင်ငံသားတွေအပေါ် ကျင့်သုံးနေတဲ့ လုပ်ထုံးလုပ်နည်းတွေဟာနိုင်ငံတကာအသိုင်းအဝိုင်းက တောင်းဆိုနေတဲ့ သက်ဆိုင်သူအားလုံးပါဝင်တဲ့ အကျပ်အတည်းကို အမြန်ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းနည်းနှင့် ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ဆိုပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် ပြင်သစ်နိုင်ငံက ထပ်မံတောင်းဆိုခဲ့ပါတယ်။
အာဆီယံနဲ့ အာဆီယံအထူးသံတမန်တို့ရဲ့ လုပ်ဆောင်ချက်အတွက် ထောက်ခံမှုအပြင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန်နိုလင်းဟေဇာရဲ့ ကြိုးပမ်းအားထုတ်မှုတွေကိုလည်း ပြင်သစ်နိုင်ငံကဆက်လက်အားပေးထောက်ခံတယ်လို့ ဆိုပါတယ်။
ဒီမိုကရက်တစ် အတိုက်အခံတွေ အပါအဝင် နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖော်ဆောင်ခြင်းဟာ အကျပ်အတည်းကို အဆုံးသတ်ရန် အခွင့်အလမ်းအားလုံး၏ မရှိမဖြစ် လိုအပ်သော အခြေအနေတစ်ခု ဖြစ်ကြောင်း ပြန်လည်ထောက်ပြလိုတယ်လို့ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက မနေ့ စက်တင်ဘာ ၂၉ ရက်မှာ နိုင်ငံတော်လျှို့ဝှက်ချက်အက် ဖောက်ဖျက်မှုနဲ့ ထောင် ၃ နှစ်ထပ်မံချမှတ်ခဲ့တဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ဟာ စုစုပေါင်း ထောင်ဒဏ် ၂၃ နှစ်အထိ ရှိလာပြီဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း ၀က်လက်ဘက်မှာ စစ်ကောင်စီတွေ စစ်ကြောင်းထိုးပြီး ဒေသခံ ၇ ဦး ဖမ်းဆီးခေါ်ဆောင်
စစ်ကိုင်းတိုင်းထဲက ရေတွင်းဂေါင်းရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ စစ်ကောင်စီတပ်တွေ ဒီနေ့ မနက်ပိုင်းမှာ ၀င်ရောက် တပ်စွဲထားပြီး လက်နက်ကြီးတွေနဲ့ ရွာပတ်လည်ကို တောက်လျှောက် ပစ်ခတ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ၀က်လက်မြို့နယ် လှတောရွာက အင်အား ၁၀၀ ကျော်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ လူသား ဒိုင်း ဓားစာခံတွေနဲ့ အတူ ပင်းဇင်းရွာ ကိုရောက်ရှိနေတယ်လို့ သိရပါတယ်။ " စစ်ကြောင်းစထွက်လာတော့ အင်အား ၁၀၀ ကျော်ရှိတယ်။ ပြည်သူ ၇ဦး ကိုလည်းကြိုးတုပ်ပြီး ဖမ်းဆီး သွားတယ်။ သူတို့စစ်ကြောင်းက ၀က်လက်မြို့ကို သွားဖို့လို့ ဦးတည်ထားတယ်။ " လို့ ၀က်လက် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။ ဆက်တိုက် စစ်ကြောင်းထိုးခံနေရတဲ့အတွက် ၀က်လက်မြို့က ကျေးရွာတွေက ပြည်သူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
လွိုင်ကော်လေဆိပ်မှာ ခရီးသည်တင် လေယာဉ်တစ်စီး ပစ်ခတ်ခံရပြီး ခရီးသည်တစ်ဉီး ဒဏ်ရာရ
ဒီနေ့ စက်တင်ဘာ ၃၀ ရက်နေ့ မနက် ၁၀ နာရီ ၀န်းကျင်လောက်မှာ လွိုင်ကော်လေဆိပ်မှာ ခရီးသည်တင် လေယာဉ်ပစ်ခတ်ခံရပြီး ခရီးသည် အမျိုးသားတစ်ဦး ဒဏ်ရာ လေယာဉ်ပေါ်ပါ ခရီးသည်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
“ပုံမှန်ဆို လေယာဉ်က ၉နာရီ ၄၀ ၊ ၉နာရီ ၅၀ လောက်ဆို ဆိုက်တယ်။ ဒီနေ့လည်း အဲဒီအချိန်ပဲ။ လေယာဉ်ဆိုက်တော့ အပစ်ခံရတယ်လို့ ကြားတယ်။ ကြားတာကတော့ စစ်တပ်ဘက်က လူကြီးတစ်ယောက် လေယာဉ်ပေါ် ပါလို့ ပစ်တာလို့ ကြားတယ်။ ထိသွားတာတော့ ခရီးသည် အမျိုးသားတစ်ဦးပါ။ ဘယ်က ပစ်ခတ်တာလဲတော့ အတိအကျ ဘယ်သူမှ မသိရဘူး။ အခုလည်း လုံခြုံရေး တွေ အရမ်း တင်းကျပ်ထားတယ်” လို့ လွိုင်ကော်မြို့ပေါ်က လေယာဉ်ပေါ်ပါ ခရီးသည်တွေနဲ့ နီးစပ်သူ တစ်ဦးက ဆိုပါတယ်။
ဒီလို ပစ်ခတ်မှုအပြီးမှာတော့ စစ်ကောင်စီဘက်က လေဆိပ်ကို လုံခြုံရေး အပြည့်ယူထားပြီး မြို့ပေါ်တွေမှာလည်း အစစ်အဆေးကြမ်းနေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။ ၁၀ နာရီ ၄၀ မိနစ်၀န်းကျင်မှာလည်း လက်နက်ကြီးသံတွေ ကြားရတာရှိပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းတာတွေ ရှိနေပေမဲ့ ပြန်လည်ဖြေကြားတာ မရှိပါဘူး။
စစ်ခေါင်းဆောင် မန္တလေးက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံပြီး ဘာတွေပြောခဲ့လဲ
မန္တလေးမြို့မှာ စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စီးပွားရေးသမား၊ ကုန်သည်၊ လုပ်ငန်းရှင်တချို့ စက်တင်ဘာ ၂၉ နေ့မှာ တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံပွဲမှာ စစ်ကောင်စီဥက္ကဌက မန္တလေးက SME ကုန်ထုတ်လုပ်ငန်းတွေအတွက် ကိုဗစ် ချေးငွေကို ထပ်မံသက်တမ်းတိုးပေမဲ့ အတိုးကိုတော့ ပြန်ဆပ်ဖို့ပြောပါတယ်။ ဒီနောက်မှာ မန္တလေးက လက်မှုလုပ်ငန်း ထုတ်ကုန်တွေအတွက် ကုန်ကြမ်းတွေကို စစ်ကောင်စီဘက်က ရောင်းချပေးမှာဖြစ်ပြီး ဝါလုပ်ငန်းနဲ့ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းတွေ SME လုပ်ငန်းတချို့အတွက် ဘီလျံ ၇၀ ကိုလည်း ထပ်မံချေးပေးမယ်လို့ မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်တွေကနေ သိရပါတယ်။
တွေ့ဆုံပွဲမှာ ပါ၀င်ခဲ့တဲ့ လုပ်ငန်းရှင်တစ်ဦးက “မန္တလေးကလေ အခြေခံ ကုန်ကြမ်းရှိတာတွေ အားပေးဖို့တဲ့။ ချေးငွေကတော့ ကိုဗစ် Loan (ချေးငွေ) ဥပဒေလေ။ သက်တမ်း အိတ်စတန်းရှင်း တိုးဖို့ပါ။ တစ်နှစ်ကနေ သူတို့ နောက်တစ်နှစ် ထပ်တိုးထားတယ်လေ။ အခု နောက်တစ်နှစ်ထပ်တိုးတော့ သုံးနှစ်ဖြစ်သွားမှာပေါ့။ မဆပ်သေးတဲ့ဟာတွေကို သက်တမ်းတိုးတာ၊ အတိုးတော့ ဆပ်ပေါ့။ ၂၀၂၂ ၊ ၂၀၂၃ ၀ါစိုက်ပျိုးမယ့် တောင်သူတွေကိုရယ် SME လုပ်ငန်းရှင်တွေကိုရယ် ပေါ့။ SME နဲ့ ၀ါ အတွက် ဘီလျံ ၇၀ ပေါ့။ ပြောသွားတယ်။ သေချာပေါက်ကြေညာတာတော့ မရှိသေးဘူး" လို့ ဆိုပါတယ်။
တွေ့ဆုံပွဲမှာ ရွှေလုပ်ငန်းရှင်အသင်းတွေလည်း ပါဝင်လို့ စစ်ကောင်စီခန့် သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနကနေ ရွှေစင်တုံးနဲ့ရွှေပိသာကို ၃ ပိသာာစီ တင်ဒါစနစ်နဲ့ ရောင်းချပေးမှာလို့လည်း ဆိုပေမယ့် နေ့စဉ်ရောင်းချပေးဖို့ရှိမရှိတော့ ရေရေရာရာပြောသွားတာမရှိသေးဘူးလို့ ကုန်သည်တွေက ဆိုပါတယ်။
ဒါ့အပြင် ကျောက်ဆစ်တန်းက ပန်းပုထုတဲ့ သူတွေကို မြေနေရာအခက်အခဲကြောင့် လမ်းဘေးထုရတဲ့အခါ အမှုန်တွေ လွင့်တာတွေ ရှိတဲ့အတွက် မြေနေရာ သီးသန့်ပေးမယ့်အကြောင်း၊ သစ်သားပန်းပုတွေလည်း သစ်တောက ပိတ်ထားတဲ့ကိစ္စတွေကိုလည်း လိုင်စင် တရား၀င်ဖြစ်အောင်လုပ်ပေးမယ့်အကြောင်း၊ စက်မှုဇုန်က လိုအပ်တဲ့ ကြေးထည်တွေ၊ ဘုရားဆင်းတုတော်၊ ကြေးစည် စတဲ့ ကြေးသွန်းလုပ်ငန်းတွေအတွက် ကြေးလိုအပ်ချက်ကို စစ်ကောင်စီဘက်က ဖြည့်ဆည်းရောင်းချပေးမယ်လို့ ပြောသွားကြောင်း လုပ်ငန်းရှင်တွေထံက သိရပါတယ်။