ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာ-ရုရှား တိုက်ရိုက်လေယာဥ်ပေးဆွဲဖို့ ဆွေးနွေးနေ
အူရီဒူးကုမ္ပဏီ စစ်ကောင်စီနဲ့ နီးစပ်သူတွေလက်ထဲရောက်မှာ စိုးရိမ်
မြန်မာနိုင်ငံမှာ နောက်ဆုံးကျန်ရစ်နေတဲ့ နိုင်ငံတကာဆက်သွယ်ရေး အော်ပရေတာကုမ္ပဏီ အူရီဒူးကို စင်္ကာပူအခြေစိုက် မြန်မာလူမျိုးပိုင်ကုမ္ပဏီတစ်ခုဆီရောင်းချတော့မယ်လို့ စက်တင်ဘာ ၅ ရက်က စပြီး နိုင်ငံတကာသတင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြရေးသားကြပါတယ်။
စစ်ကောင်စီရဲ့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကိုလည်း တင်ပြထားပြီလို့ သတင်းတွေမှာဖော်ပြထားပါတယ်။
ဆက်သွယ်ရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးနိုင်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ အူရီဒူးလုပ်ငန်းဘက်က ရောင်းချဖို့တင်ပြတာလည်းမရှိသလို သူတို့လည်းမသိသေးဘူးလို့ တုံ့ပြန်ပါတယ်။
ဒီဂျစ်တယ်အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကတော့ အူရီဒူးလုပ်ငန်းကို ဝယ်ယူဖို့ကြိုးစားနေတဲ့ ကုမ္ပဏီတွေဟာ စစ်ကောင်စီနဲ့နီးစပ်တာကြောင့် မရောင်းချဖို့ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက စာထုတ်ကန့်ကွက်ကြပါတယ်။
အူရီဒူးကုမ္ပဏီကတော့ တက်ကြွလှုပ်ရှားသူတွေ ရဲ့ ကန့်ကွက်မှုတွေကို တစုံတရာတုံ့ပြန်တာမရှိသလို ရောင်းချဖို့အစီအစဉ်နဲ့ပတ်သက်ပြီး ဘီဘီစီက ဒီကနေ့မှာဆက်သွယ်မေးမြန်းရာမှာလည်း ပြန်လည်မဖြေကြားပါဘူး။
အော်ပရေတာလုပ်ငန်းအနေနဲ့ ပြည်တွင်းက ထွက်ခွာမယ်ဆိုရင် သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထိန်းသိမ်းပေးထားဖို့ လိုအပ်တဲ့အကြောင်း မြန်မာ့ဒီဂျစ်တယ်အရေးစောင့်ကြည့်တဲ့ Access Now တာဝန်ခံ မဝေဖြိုးမြင့်က ပြောပါတယ်။ သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စစ်ကောင်စီလက်မပေးအပ်ဖို့ကိုလည်း သူက အလေးအနက်ထားပြောဆိုပါတယ်။
နော်ဝေအခြေစိုက် တယ်လီနောကုမ္ပဏီလည်း ပြီးခဲ့တဲ့နှစ်မှာ မြန်မာပြည်က ထွက်ခွာသွားပြီးဖြစ်ပါတယ်။ အခုတေ့ သုံးစွဲသူ ၉သန်းကျော်ရှိတဲ့ ကာတာဆက်သွယ်ရေးကုမ္ပဏီ၊ အူရီဒူးဟာ ပြည်တွင်းမှာကျန်ရစ်တဲ့ တစ်ခုတည်း သော နိုင်ငံတကာတယ်လီကွန်းကုမ္ပဏီအဖြစ် ဆက်ရှိနေတာပါ။
လက်ရှိမှာ ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းတွေရဲ့ ၈၅ရာခိုင်နှုန်းကို စစ်ကောင်စီက ထိန်းချုပ်ထားပြီးဖြစ်လို့ အူရီဒူးပါ ထပ်ထွက်ခွာရင် ၁၀၀ရာခိုင်နှုန်းနီးပါး စစ်ကောင်စီက ချုပ်ကိုင်နိုင်လိမ့်မယ်လို့ ဒီဂျစ်တယ်အရေးလေ့လာသူတွေက ထောက်ပြကြပါတယ်။
အခုနှစ်အစောပိုင်းကစပြီး မဖြစ်မနေ ဆင်းကတ်မှတ်ပုံတင်ရတာအပြင် ဖုန်းခေါ်ဆိုနှုန်းထား၊ မိုဘိုင်းလ် ဒေတာနှုန်းထားတွေက အာဏာမသိမ်းမီကနှုန်းထားတွေထက် ၂ဆကျော် သိသိသာသာစျေးတက်ခဲ့တာကြောင့် ပြည်သူတွေဆင်းကတ်၊ အင်တာနက်စတဲ့အသုံးပြုမှုတွေ လျော့ကျလာနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေတင်ပြတဲ့ ပြင်ဆင်ချက်ကို တိုင်းတရားလွှတ်တော်ပယ်ချ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ မောင်တဝမ်းကွဲတော်စပ်သူ ဦးစိုးအောင်တို့ကြား ၂၀၀၂ ခုနှစ်ကဖြစ်ခဲ့တဲ့ ခြံနံပါတ် ၅၄ နေအိမ်ဝင်းထဲ က နေအိမ်တစ်လုံးပြင်ဆင်မှုကိစ္စအငြင်းပွားစကားများခဲ့တဲ့ အမှုနဲ့ပတ်သက်ပြီးရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ကို ပြင်ဆင်မှုတင်ထားတာကို ဒီကနေ့ စက်တင်ဘာ ၆ ရက်မှာကြားနာခဲ့ပါတယ်။
ပြင်ဆင်မှုလျှောက်လဲချက်တင်တာကို ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေဘက်ကတင်ပြခဲ့တာဖြစ်ပြီး ဗဟန်းမြို့နယ် တရားရုံးနဲ့ အနောက်ပိုင်းခရိုင်တရားရုံး တွေက ချမှတ်ခဲ့တဲ့ အမိန့်တွေကို ပြင်ဆင်ပေးဖို့ လျှောက်လဲချက်တင်ခဲ့တာဖြစ်ပါတယ်။
ရန်ကုန်တိုင်းတရားလွှတ်တော်ကတော့ အဲဒီပြင်ဆင်မှုလျှောက်လဲချက်တင်တာကိုလက်မခံဘဲပယ်ချခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကသိရပါတယ်။
''လက်မခံဘဲ ပယ်ချလိုက်တဲ့အတွက် မူလတရားရုံးတွေကဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကတော့အတည်လို့ပဲ ပြောရမှာပေါ့။ အဲဒီတော့ မြို့နယ် နဲ့ ခရိုင်ရုံးတွေက ဆုံးဖြတ်ခဲ့တာကအတည်ဆက်ဖြစ်နေတာပေါ့။ ကာယကံရှင်တွေနဲ့ ရှေ့နေတွေကတော့ဘာဆက်လုပ်မလဲမသိပေမယ့် ဥပဒေအရဆိုရင်တော့ ပြည်ထောင်စုအဆင့်တရားရုံးကိုဆက်တက်မယ်ဆိုလည်းရသေးတဲ့သဘောပေါ့။ ဒါကတော့ ကာယကံရှင်ဒေါ်အောင်ဆန်းစုကြည်နဲ့သူ့ရှေ့နေရဲ့ ဆန္ဒပေါ့'' လို့ ဥပဒေကျွမ်းကျင်သူတစ်ဦးကရှင်းပြပါတယ်။
လွန်ခဲ့တဲ့ နှစ်၂၀က ဖြစ်ခဲ့တဲ့ ဒီအမှုမှာ ဗဟန်းမြို့နယ်တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို တစ်ဦးတစ်ယောက်ကို မတရားတားဆီးကန့်ကွက်မှု၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၄၁ အရ ငွေဒဏ်ကျပ် ၅၀၀ ဒါမှမဟုတ် ထောင် ၇ ရက်ကျခံစေဖို့ အမိန့်ချခဲ့တာဖြစ်ပါတယ်။
အဲဒီအမိန့် ကို ဒေါ်အောင်ဆန်းစုကြည်က ဒဏ်ငွေကို မဆောင်ဘူးလို့ ပြောတဲ့အတွက် ထောင်ဒဏ် ၇ ရက် ချမှတ်ရမယ့်အချိန်မှာ မြို့နယ်တရားရုံးအဆင့်မှာမပြီးပြတ်ဖြစ်ခဲ့ပါတယ်။
'' သူက ထောင် ၇ ရက်ချဖို့ကလည်း အဲဒီအချိန်က အဆင်မပြေဖြစ်နေကြတော့ ခရိုင်တရားရုံးက သူ့ရဲ့ အမိန့်အာဏာ နဲ့ တရားရေးအရ Own Motion လို့ ခေါ်တယ် ။ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၄၃၅ (၁) အရအမှုတွဲကို တောင်းယူလိုက်တယ်။ တောင်းယူပြီးတော့ မြို့နယ်တရားရုံးက အမှုတွဲကို ခရိုင်ကတောင်းခေါ်လိုက်တယ်။ ပြီးတော့ အဲဒီကာလမှာပဲ ခရိုင်ကပဲဆိုင်းငံ့ထားလိုက်တယ်။ ဆိုင်းငံ့တာကနေ အခု အာဏာသိမ်းပြီး အခု ၂၀၂၂ ခုနှစ် ၅လပိုင်းကမှ ခရိုင်တရားရုံးက ဆိုင်းငံ့ထားတာကိုပယ်ဖျက်တယ်။ နှစ်ဖက်ပြန်ကြားနာမယ်ဆိုပြီး ပြန်ခေါ်တယ်။ ကြားနာပြီး မူလရုံးရဲ့ အမိန့်ကိုအတည်ပြုလိုက်တာ။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေက အမိန့် ၂ခုလုံးကို မကျေနပ်လို့ အခုပြင်ဆင်မှုလျှောက်လဲချက်တင်တာပေါ့။ အဲဒါကို ဒီနေ့တိုင်းရုံးက ပယ်ချတာပေါ့" လို့ အမှုနဲ့ပတ်သက်ပြီးသိရှိသူတစ်ဦးကပြောပြပါတယ်။
လက်ရှိမှာတော့ နှစ် ၂၀ ကြာနေတဲ့ ဒီအမှုကို ပြန်ပေါ်လာတဲ့အပေါ်မှာ စစ်ကောင်စီတရားရုံးကိုဝေဖန်ကြတာလည်းရှိနေပါတယ်။
'' ဒါကတော့ဗျာ ပြစ်ဒဏ်ကိုပြန်လည်အသက်သွင်းအမိန့်ချမှတ်ဖို့ယူဆရတာပေါ့၊ နှစ်ဖက် ကာယကံရှင်တွေတောင်မသိကြတော့တဲ့ အခြေအနေမှာ အမှုဟောင်းကိုအခုမှပဲပြန်ဖွင့်တဲ့သဘောဖြစ်နေတယ်'' လို့ တရားရေးကျွမ်းကျင်သူတစ်ဦးကပြောပါတယ်။
အမှုဖြစ်စဥ်ဟာ ၂၀၀၂ ခုနှစ် က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မောင်တဝမ်းကွဲဖြစ်သူ ဦးစိုးအောင်က ဒေါ်အောင်ဆန်းစုကြည်ကို အသိပေးခြင်းမရှိဘဲ ၅၄ ခြံအတွင်းက သူ(ဦးစိုးအောင်)နေထိုင်တဲ့အိမ်ကိုပြင်ဖို့ အလုပ်သမားတွေခေါ်ဆောင်လာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက် ပြောဆိုရာကနေ အငြင်းပွားပြီး ဦးစိုးအောင်က ဒေါ်အောင်ဆန်းစုကြည်ကိုလက်သီးနဲ့ထိုးခဲ့တာလို့ အမှုဟောင်းကို သိရှိသူတစ်ဦးကပြောပါတယ်။
အဲဒီအချိန်က ဦးစိုးအောင်ကိုတော့ ငွေဒဏ်ကျပ် ၁၀၀၀ ဒါမှမဟုတ် ထောင် ၁ လကျခံဖို့အမိန့်ချခဲ့တယ်လို့ သိရပါတယ်။
တဖက်မှာလည်း ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်ခင်ကြည် အမည်ပေါက်ပိုင်ဆိုင်တဲ့ ခြံနံပါတ် ၅၄ နေအိမ်နဲ့ ခြံကွက် အမွေမှုနဲ့ပတ်သက်လို့ သားအကြီးဖြစ်သူ ဦးအောင်ဆန်းဦးရဲ့ အိမ်နဲ့ခြံကို တစ်ယောက်တစ်၀က်ခွဲ၀ေယူဖို့ ဦးအောင်ဆန်းဦးဘက်ကအထူးအယူခံတက်တဲ့ တောင်းဆိုမှုကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ၊ သြဂုတ် ၂၂ရက်ကမှ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ခွင့်ပြုထားတာပါ။
အတိုင်ပင်ခံကို ထောင်ဒဏ်အသစ်ချမှတ်မှု ပြင်သစ်ရှုတ်ချ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်ကြမ်းနဲ့ထောင်ဒဏ်အသစ် ချမှတ်ခဲ့တဲ့အပေါ် အပြင်းထန်ဆုံးရှုတ်ချတယ်ဆိုပြီး ပြင်သစ်နိုင်ငံက ပြောလာပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) နဲ့စွဲဆိုထားတဲ့အမှုအတွက် ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်တုန်းက အလုပ်နဲ့ထောင်သုံးနှစ်ချမှတ်ခံခဲ့ရတာပါ။
ပြင်သစ်နိုင်ငံကတော့ အခုလို ထောင်ဒဏ်အသစ်ချမှတ်တာဟာ နိုင်ငံရေးအရ လက်တုံ့ပြန်မှုဖြစ်ပြီး စစ်ဗိုလ်ချုပ်တွေ လက်ထဲမှာရှိတဲ့ တရားစီရင်ရေးမဏ္ဍိုင်ကနေ ထွက်ပေါ်လာတဲ့ ဒီ မတရားပြစ်ဒဏ်ချမှုအသစ်ဟာ တရားဥပဒေစိုးမိုးရေးနဲ့ အခြေခံအခွင့်အရေးတွေကို စစ်ကောင်စီက လုံးဝဂရုမစိုက်ကြောင်း သက်သေပြနေတယ်လို့လည်းဆိုပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲမသမာမှု စွပ်စွဲချက်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁)ရက် စစ်အာဏာသိမ်းမှုကို တရားဝင်စေဖို့ ရည်ရွယ်တာဖြစ်သလို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက် အထွေထွေ ရွေးကောက်ပွဲမှာ ဒီမိုကရေစီနည်းကျဖော်ပြခဲ့တဲ့မြန်မာပြည်သူလူထုရဲ့ဆန္ဒကို ဆန့်ကျင်နေတယ်လို့လည်း ပြင်သစ်နိုင်ငံက ပြောပါတယ်။
အခုလို ပြစ်ဒဏ်ချမှတ်လိုက်တာဟာ နိုင်ငံတကာအသိုင်းအဝိုင်းက တောင်းဆိုထားတဲ့ ဒေါ်အောင်ဆန်းစုကြည် မဖြစ်မနေပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲ အလားအလာနဲ့လည်း ပိုဝေးကွာစေတယ်လို့ ပြင်သစ်ဘက်က မှတ်ချက်ပေးပြောထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အခုလိုထောင်ဒဏ်အသစ်ချမှတ်ခဲ့တဲ့အပေါ် အမေရိကန်နဲ့ ဥရောပသမဂ္ဂအပါအဝင် လူ့အခွင့်အရေးနဲ့ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေကပါ ရှုတ်ချပြောဆိုထားပါတယ်။
အုတ်တွင်းမှာ ၆ တန်းကျောင်းသူတစ်ဦး ကိုဗစ်ပိုးတွေ့ရှိပြီးနောက် သေဆုံး
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့၊ ကြက်သွန်ခင်း ၂ ရပ်ကွက်မှာနေထိုင်တဲ့ ၆ တန်းကျောင်းသူတစ်ဦးဟာ ကျောင်းမှာ ကစားနေတုန်း သတိလစ်သွားတာကြောင့် ဆေးရုံပို့ရာကနေ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
နေပြည်တော် ကုတင် ၁ ထောင်ဆေးရုံဆေးစစ်ချက်အရ အဲဒီမိန်းကလေးငယ်မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် ကလေးငယ်အလောင်းကို နေပြည်တော်မှာပဲ သင်္ဂြိုဟ်ခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးမှာ ပါဝင်သူတွေက ပြောပါတယ်။
‘‘ကလေးက အုတ်တွင်းအထက်တန်းကျောင်းမှာ မနေ့တုန်းက ကစားနေတုန်း မူးလဲ သတိလစ်လို့ အုတ်တွင်းမြို့ဆေးခန်းကနေ၊ တောင်ငူဆေးရုံ၊ နောက် အဲဒီကနေ နေပြည်တော် ကုတင် ၁ ထောင်ဆေးရုံကို လွှဲလိုက်တာ။ ဆေးရုံဆေးစစ်ချက်အရ ကိုဗစ်တွေ့တယ်ပေါ့။ မိဘတွေကတော့ အခုမှ နေပြည်တော်ကနေ ပြန်လာနေကြတယ်’’လို့ ကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးက ပြောပါတယ်။
အခုတော့ ကျန်းမာရေးဌာနက ကျောင်းမှာရှိတဲ့ သူနဲ့ ထိတွေ့တဲ့ အတန်းသားတွေရော၊ မိသားစုတွေရော ကိုဗစ်စစ်ဆေးတာလုပ်နေပြီလို့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။
အုတ်တွင်းမြို့နယ်ထဲ ကိုဗစ်ပိုးတွေ့ရှိထားသူမရှိဘဲ ဒီကလေးငယ်မှာ ဘာကြောင့် ကိုဗစ်ပိုးတွေ့ရှိတယ် ဆိုတာနဲ့ ဘယ်ကနေ ကူးစက်ခံရတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
မြန်မာပြည်တွင်းမှာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ပြည်တွင်းကိုဗစ်ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာသလို မြောက်ဥက္ကလာနဲ့ မင်္ဂလာဒုံလိုမြို့နယ်တွေမှာ ကိုဗစ် အစုလိုက် ကူးစက်မှုတွေတွေ့ရှိထားတယ်လို့ စစ်ကောင်စီ ကျန်းမာရေးကထုတ်ပြန်ထားပါတယ်။
အမေရိကန်ဗဟိုဘဏ်ထဲက ဒေါ်လာသန်းတစ်ထောင်ကို ဒစ်ဂျစ်တယ်နည်းနဲ့ အသုံးပြုနိုင်ရေး NUG ကြိုးပမ်းနေ
အမေရိကန်ဗဟိုဘဏ်ထဲရောက်နေတဲ့ မြန်မာနိုင်ငံတော်ပိုင် ဒေါ်လာသန်းတစ်ထောင်ကို ဒစ်ဂျစ်တယ်နည်းနဲ့ အသုံးပြုနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကကြိုးပမ်းနေတယ်လို့ သိရပါတယ်။
အဲဒီငွေတွေကို မြန်မာပြည်တွင်းမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် လွဲပြောင်းအသုံးပြုခွင့်ကို အမေရိကန်ဗဟိုဘဏ်က ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။
အခုတော့ အမျိုးသားညီညွတ်ရေးအစိုးရက အဲဒီငွေတွေကို ဒစ်ဂျစ်တယ်နည်းလမ်းနဲ့ အသုံးပြုခွင့် ရဖို့ ကြိုးပမ်းနေတဲ့အကြောင်း NUG စီမံကိန်းဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောထားတယ်လို့ ဘလွန်းဘာ့ သတင်းဌာနက သတင်းဖော်ပြပါတယ်။
‘’အမေရိကန်အနေနဲ့ များမကြာမီကာလမှာ ဒီငွေတွေကို ထုတ်ယူအသုံးပြုခွင့်ပေးမှာ မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ ကောင်းကောင်းနားလည်ပါတယ်။ ဒါပေမဲ့ ဒီငွေတွေကို ငွေသားနဲ့မဟုတ်ဘဲ ဒစ်ဂျစ်တယ်နည်းနဲ့ သုံးနိုင်ဖို့ ကျွန်တော်တို့ ရည်ရွယ်ထားပါတယ်’’လို့ ဦးတင်ထွန်းနိုင်က ပြောထားတယ်လို့လည်း ဆိုပါတယ်။
စီးပွားရေးအရေးယူပိတ်ဆို့မှုတွေချမှတ်ရေးမှာပါဝင်တဲ့ အမေရိကန်ဘဏ္ဍာရေးဌာနဟာ NUG ရဲ့တောင်းဆိုမှု တွေကို အမေရိန်ဗဟိုဘဏ်ဆီ ပေးပို့ထားပြီးဖြစ်တယ်လို့လည်း သတင်းမှာဖော်ပြပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ငွေတိုက်စာချုပ်ရောင်းချတာအပြင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့နေအိမ်ကို ကြိုပွိုင့်ရှယ်ယာအဖြစ်ရောင်းချတာတွေ လုပ်ပြီး ရန်ပုံငွေရှာဖွေနေတာဖြစ်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး- ကေအဲန်ယူရဲ့ တပ်မဟာ ၅ နယ်မြေ မူတြော်(ဖာပွန်)ခရိုင်အတွင်းမှာ ပြီးခဲ့တဲ့ဩဂုတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA)တို့ရဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ၈၀ ကျော်သေဆုံးတယ်လို့ မူတြော်သတင်းစဥ်က ဖော်ပြလာပါတယ်။
ဩဂုတ်လ တစ်လလုံးမှာ တိုက်ပွဲပေါင်း အကြိမ်ရေ ၁၂၀ နီးပါးဖြစ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့တာဆိုပြီး မူတြော်သတင်းစဥ်က ထုတ်ပြန်လာတာပါ။
ပြီးခဲ့တဲ့တစ်လအတွင်းတိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က အကျအဆုံးမှာ အရာရှိအဆင့်မပါဝင်ဘူး လို့တော့ ထုတ်ပြန်ချက်ကဆိုပါတယ်။
KNLA ဘက်ကတော့ တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ မူတြော်ခရိုင်အတွင်းက တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းမထုတ်ပြန်ပါဘူး။
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ပူတင်တို့ တွေ့ဆုံဖို့ရှိ
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့ဟာ ရုရှားနိုင်ငံ၊ ဗလာဒီဗိုစတော့မြို့ မှာကျင်းပနေတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)အတွင်း တွေ့ဆုံဖို့ရှိနေပါတယ်။
မနက်ဖြန် စက်တင်ဘာလ ၇ ရက်မှာ တွေ့ဆုံဖို့ရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရသူက အတည်ပြုပေမဲ့ အစီအစဥ်အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ရုရှားနိုင်ငံပိုင်မီဒီယာကတော့ သမ္မတပူတင်ဟာ မြန်မာစစ်ခေါင်းဆောင်အပါအဝင် ဖိတ်ကြားခံပြည်ပဧည့်သည်တွေဖြစ်တဲ့ အာမေးနီးယားနိုင်ငံဝန်ကြီးချုပ်၊ မွန်ဂိုလီယားနိုင်ငံဝန်ကြီးချုပ်၊ တရုတ်အမျိုးသားပြည်သူ့ကွန်ရက်အမြဲတမ်းကော်မတီဥက္ကဋ္ဌတို့နဲ့ မျက်နှာစုံညီ ဆွေးနွေးပွဲ ပြုလုပ်မှာ ဖြစ်သလို နှစ်ဖက်တွေ့ဆုံမှုတွေကိုလည်း သီးခြားစီပြုလုပ်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
သမ္မတ ပူတင်ဟာ ဖိတ်ကြားခံပြည်ပဧည့်သည်တွေနဲ့ သီးခြားတွေ့ဆုံတဲ့အခါ ဒေသတွင်းနဲ့နှစ်နိုင်ငံဆိုင်ရာအရေးကိစ္စတွေကို အမြင်ချင်းဖလှယ်ဖို့ရှိတယ်လို့တော့ ရုရှားနိုင်ငံပိုင် တက်စ် သတင်းဌာနက အစောပိုင်းမှာ ပြောထားပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားအစိုးရက ဦးဆောင်တဲ့ EEF ဖိုရမ်ရဲ့ ဖိတ်ကြားမှုနဲ့ အဲဒီဖိုရမ်ကို တက်ဖို့ ဗလာဒီဗိုစတော့မြို့ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကတည်းက ရောက်ရှိနေတာဖြစ်ပါတယ်။
စစ်ကောင်စီ ထိန်းချုပ်နိုင်တဲ့ နယ်မြေအခြေအနေ စစ်တမ်းထွက်ပေါ်
မြန်မာပြည်တွင်း မျက်မှောက် အခြေအနေတွေကို ကြည့်ရင် မြန်မာနိုင်ငံရဲ့ နယ်မြေဒေသ အားလုံးကို effective control လို့ ခေါ်တဲ့ ပိုင်စိုး ထိန်းချုပ်ထားနိုင်မှု အာဏာသိမ်း စစ်တပ်ထံမှာ မရှိဘူးလို့ မြန်မာ့အရေး အထူးအကြံပေး ကောင်စီအဖွဲ့ (SAC-M) က လောလောလတ်လတ်မှာပဲ အသေးစိတ် အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ပါတယ်။
နယ်မြေဒေသတွေကိုလည်း မပိုင်စိုးနိုင်၊ ပြည်သူလူထုရဲ့ ထောက်ခံမှုကိုလည်း မရတဲ့ အတွက် အစိုးရရဲ့ တာဝန်ဝတ္တရား လုပ်ငန်း ဆောင်တာတွေကို မပြုလုပ်နိုင်တဲ့ စစ်ကောင်စီဟာ ဒေသတစ်ခုခုကို ထိန်းချုပ်နိုင်ဖို့ ဆိုရင် လူအမြောက်အများ အပေါ် ရက်စက်ကြမ်းကြုတ်မှု ကျူးလွန်တဲ့ နည်းနာကို သုံးနေတယ်ဆိုပြီးတော့လည်း SAC-M အဖွဲ့က ဝေဖန် ထောက်ပြပါတယ်။
ဒီတော့ အဲဒီစစ်တမ်းအရ နယ်မြေစိုးမိုးမှု ဘယ်သူ့လက်ထဲမှာပါလဲ။ ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ်ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။
စက်သုံးဆီ စျေး ပြန်တက်လာ
စက်တင်ဘာလ ၆ ရက်နေ့မှာ စက်သုံးဆီ စျေးနှုန်းတွေက အောက်တိန်း ၉၅ တစ်လီတာကို ၂၅၀၀ ကျပ်ကျော် ၀န်းကျင်ကို ရောက်ရှိနေပြီး မနေ့ကနဲ့ ဒီနေ့ နှစ်ရက်တည်းမှာကိုပဲ တစ်နေ့ကို တစ်လီတာကို ကျပ် ၁၀၀ ကျော်စီ စျေးတက်လာတာတွေ့ရပါတယ်။
စစ်ကောင်စီက ရုရှားက စက်သုံးဆီတန်ချိန် သုံးသောင်း ရက်ပိုင်းအတွင်းရောက်လာမယ်၊ တစ်ခါ စက်သုံးဆီစျေးနှုန်းမြင့်တက်မှုကြောင့် ကုန်စျေးနှုန်းကြီးမြင့်မှုကို သက်သာစေဖို့ဆိုပြီး နိုင်ငံခြားငွေကြေးစျေးကွက်ထဲကို အမေရိကန် ဒေါ်လာ သန်း ၂၀၀ ချထားပေးခဲ့တယ် ဆိုပြီး စက်သုံးဆီစျေးကျမယ်လို့ မျှော်လင့်နေပေမဲ့ စျေးကွက်ထဲမှာတော့ စက်သုံးဆီစျေးတွေက ပြန်လည်မြင့်တက်လာတာပါ။
“ ဆီတွေစျေးတက်လာလို့ တက္ကစီခတွေက အရင်စျေးနဲ့ မလိုက်နိုင်တော့ဘူး။ ပုံမှန် ၄၀၀၀ လောက်ခရီးကို အခု ၅၀၀၀ ၊ ၆၀၀၀ လောက် တောင်းနေရပြီ။ စီအန်ဂျီ ဂက်စ်သမားတွေကလည်း အခုရက်ပိုင်း မီးတွေပျက်လို့ ဆိုင်တွေမှာ တန်းစီနေရင်းတောင် မီးပျက်တော့ ဂက်စ်အပြည့်မရဘူး။ အဲဒီတော့ အားလုံး ဒုက္ခရောက်နေကြတယ်။” လို့ ရန်ကုန်မြို့က အငှားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
ရန်ကုန်မှာ စက်သုံးဆီတစ်လီတာ ဒီနေ့ စက်တင်ဘာ ၆ ရက်နေ့မှာ စက်သုံးဆီ ၉၂ အောက်တိန်းတစ်လီတာကို ၂၄၂၅ ကျပ် ၊ ၉၅ အောက်တိန်းတစ်လီတာကို ၂၅၃၅ ကျပ် ထိ တက်လာခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့နှစ်ရက်အတွင်း ဆီစျေးနဲ့ယှဥ်လိုက်ရင် တစ်လီတာကို ကျပ် နှစ်ရာအထိ တက်လာတာဖြစ်တယ်လို့ စက်သုံးဆီရည်ညွှန်းစျေး ဖော်ပြချက်တွေအရ သိရပါတယ်။
ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေကို ပြည်ပကနေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဝန်းကျင် တင်သွင်းနေရလို့ ပြည်ပကနေတင်သွင်းမှု လျှော့ချသွားဖို့လိုအပ်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်၊ နေပြည်တော်မှာလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့လုပ်ငန်းဆောင်ရွက်ချက်များ ညှိနှိုင်းမှုအစည်းအဝေးမှာ ပြောခဲ့ပါတယ်။
အဲဒီနောက်ပိုင်း တစ်လအကြာအထိ စက်သုံးဆီ ရည်ညွှန်းစျေးလည်း ဆက်လက်မြင့်တက်နေပြီး နယ်မြို့တွေမှာ စက်သုံးဆီ ပြတ်လပ်လို့ အရောင်းရပ်ဆိုင်းထားရတာတွေလည်း ဖြစ်လာနေဆဲ ဖြစ်ပါတယ်။
မြောက်ဦးမြို့လယ်မှာ ပေါက်ကွဲသံထွက်ပေါ် ပြီးနောက် ဈေးဆိုင်တွေပိတ်သိမ်း
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့လယ်မှာ စက်တင်ဘာလ ၆ ရက်၊ ဒီကနေ့မနက်ပိုင်း ၉ နာရီကျော်အချိန်က ပေါက်ကွဲသံတစ်ချက်ထွက်ပေါ်ခဲ့တာကြောင့် စိုးရိမ်မှုတွေရှိနေကြတယ်လို့ မြို့ခံတွေကပြောဆိုကြပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာဟာ နန်းတော်ရာကုန်းရဲ့ အရှေ့ဘက် ဒုတိယရင်ပြင်မှာဖြစ်ပြီး လွမ်းတောင်နဲ့ ဆေးရုံဟောင်းအဆောက်အဦအနီးက ဝရစ်တောကွင်းမှာ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ အဲ့ဒီနေရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအများအပြားရောက်ရှိနေကြပြီး မြို့ခံတွေကတော့ စိုးရိမ်ကြောက်လန့်ကြတာကြောင့် ဘယ်သူမှ သွားမကြည့်ရဲကြဘူးလို့ ဆိုပါတယ်။
မြို့တွင်းမှာလည်း မနက်ပိုင်းက ဖွင့်လှစ်ရောင်းချနေကြတဲ့ ဈေးဆိုင်တွေဟာ ပေါက်ကွဲသံထွက်ပေါ်လာပြီးနောက်ပိုင်းမှာ ဆက်လက်မရောင်းချရဲကြတော့ဘဲ ဈေးဆိုင်တွေကို ပိတ်သိမ်းနေကြပြီလို့ ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
“ဆိုင်မရောင်းရတာ သုံးရက်ရှိပြီ။ ဒီနေ့လည်း အဲဒီပေါက်သံကြားတော့ ဘယ်သူမှ မရောင်းရဲကြတော့ဘူး။ အခုပိတ်နေရပြီ”လို့ ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
မြောက်ဦးမြို့နဲ့အနီးဝန်းကျင်နေရာမှာ တိုက်ပွဲဖြစ်ပွားတာတွေလည်းမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့တွေဟာ စက်တင်ဘာ ၃ ရက်နေ့ညကတည်းက မြို့တွင်းကိုဝင်ရောက်လာကာ ညအချိန် လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ကြသလို မြို့ခံတချို့ကိုလည်း ဖမ်းဆီးမှုတွေရှိခဲ့ပါတယ်။
မြို့တွင်းနေရာအများအပြားမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေက နေရာယူထားကြတာကြောင့် မြို့ခံတွေအနေနဲ့ အပြင်ထွက်သွားလာတာတွေမလုပ်ရဲကြတဲ့အတွက် တစ်မြို့လုံး လူသူအသွားအလာ ကင်းမဲ့နေတယ်လို့ သိရပါတယ်။
မြိုင်မြို့နယ်က ရွာနှစ်ရွာ စစ်ကြောင်းထိုးခံရပြီး အိမ်ခြေ ၂၀ နီးပါး မီးလောင် ပျက်စီး
မကွေးတိုင်းဒေသကြီး အိုးဘိုကျေးရွာနဲ့ ကန်နက်ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မနေ့က စက်တင်ဘာ ၅ ရက်နေ့မှာ အင်အား ၅၀ နီးပါးခန့် ၀င်ရောက်လာပြီး မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၂၀ နီးပါး မီးလောက် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွေက ပျူစောထီးအဖွဲ့တွေ အများဆုံးနေထိုင်တဲ့ ကန်နီကျေးရွာကို ဒေသကာကွယ်ရေးတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိခဲ့တာကြောင့် ဒါကို လက်တုံ့ပြန်တဲ့အနေနဲ့ ကန်နီရွာနဲ့ နီးစပ်တဲ့ရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးတာ ၀င်ရောက်မီးရှို့တာတွေပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတစ်ဦး ပြောတာက “ ပြီးခဲ့တဲ့ တစ်ရက် နှစ်ရက်တုန်းက ပျူတွေရှိတဲ့ရွာဖြစ်တဲ့ ကန်နီရွာကို ဒေသကာကွယ်ရေးတပ်တွေဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိတယ်။ အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်တွေရော ပျူတွေရောပေါင်းပြီး အဲဒီကန်နီရွာနဲ့ နီးစပ်ရွာတွေကို လိုက်ပြီး မီးရှို့နေတာ” လို့ ဆိုပါတယ်။
ဒီဖြစ်စဥ်မှာ ဒေသခံတစ်ဦး သေဆုံးတယ်လို့သတင်းတွေထွက်ပေါ်နေပြီး ဘီဘီစီက အတည်ပြုဖို့ကြိုးစားနေပါတယ်။
အိုးဘိုကျေးရွာနဲ့ ကန်နက်ကျေးရွာတို့ဟာ ခုတစ်ကြိမ်နဲ့ဆိုရင် နှစ်ကြိမ်မြောက်မီးရှို့ခံရတာဖြစ်ပါတယ်။
မြန်မာ-ရုရှား တိုက်ရိုက်လေယာဥ်ပေးဆွဲဖို့ ဆွေးနွေးနေ
မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံကို တိုက်ရိုက်လေယာဥ်ပျံသန်းပြေးဆွဲဖို့ ဆွေးနွေးနေတယ်ဆိုပြီး ရုရှားသမ္မတ အိမ်တော်ဘက်ကပြောလာပါတယ်။'
'တိုက်ရိုက်လေယာဥ်ခရီးစဥ်တွေ ပျံသန်းပြေးဆွဲဖို့ ညှိနှိုင်းတာတွေလုပ်နေပါတယ်'' ရုရှားသမ္မတပူတင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Yury Ushakov က ပြောပါတယ်။
ဒါ့အပြင် မြန်မာဟာ နိုင်ငံ့ ရေနံနဲ့သဘာဝဓာတ်ငွေ့စီမံကိန်းတွေမှာ ရုရှားကုမ္ပဏီတွေပါဝင်လာစေလိုကြောင်းလည်း ပြသနေတယ်လို့ သူက သတင်းထောက်တွေကိုပြောပါတယ်။
လက်ရှိမှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မှာ ပြုလုပ်နေတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)ကို တက်ရောက်နေတာဖြစ်ပြီး ရုရှားသမ္မတ ပူတင်နဲ့ မနက်ဖြန် စက်တင်ဘာလ ၇ ရက်မှာ တွေ့ဆုံနိုင်ချေရှိနေတယ်လို့ ရုရှားနိုင်ငံပိုင် တက်စ်သတင်းဌာနက ဖော်ပြပါတယ်။
မြန်မာ့ရေနံနဲ့သဘာဝတူးဖော်ရေးလုပ်ငန်းမှာ ရုရှားကုမ္ပဏီတွေ ပါဝင်လာစေလိုကြောင်း မြန်မာဘက်က ပြသနေတယ်လို့ ရုရှားဘက်က ပြောလာနေချိန်မှာပဲ ရုရှားစက်သုံးဆီတန်ချိန်သုံးသောင်းနီးပါးဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်၊ တနင်္ဂနွေနေ့ကတည်းက ရောက်နေပြီလို့ ဘီဘီစီက သိရှိရပါတယ်။