စက်တင်ဘာ ၇ ရက်ထိပ်တန်းသတင်းများ - ကမမောင်းမြို့နယ်ထွေအုပ်ရုံး ဗုံးပစ်ချတိုက်ခိုက်ခံရ

ရေးသားခဲ့သည်။

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့က အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို KNLA/PDF ပူးပေါင်းအဖွဲ့က ဒရုန်းသုံး ဗုံးချတိုက်ခိုက်မှုမှာ စစ်ကောင်စီ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးသေဆုံးတယ်လို့ ဖာပွန်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။

ဗုံးပစ်ချတိုက်ခိုက်မှုဟာ ဒီနေ့မနက် ၁၀ နာရီကျော်ဝန်းကျင်မှာဖြစ်ခဲ့တာလို့သိရပါတယ်။

ထွေအုပ်ရုံးအစည်းအဝေးပွဲကျင်းပချိန် ဗုံးပစ်ချခဲ့တာကြောင့် အစည်းအဝေးတက်ရောက်သူတွေ ဒဏ်ရာရပြီး အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးသေဆုံးခဲ့တာလို့လည်း ထုတ်ပြန်ချက်ကဆိုပါတယ်။

ဗုံးဘယ်နှလုံးအထိ ပစ်ချခဲ့တယ်ဆိုတာ ထုတ်ပြန်ချက်မှာမဖော်ပြပေမဲ့ စုစုပေါင်း ဗုံး ၄ လုံး ပစ်ချခံခဲ့ရပြီး တစ်လုံးကတော့ မပေါက်ကွဲခဲ့ဘူးလို့ ဘီဘီစီရဲ့သတင်းရင်းမြစ်တွေက ပြောပါတယ်။

KNLA/PDF ဘက်ကတော့ ဒီတိုက်ခိုက်မှုဟာ ကရင်အမျိုးသားအစည်းအရုံး KNLA တပ်မဟာ ၅၊ မူတြော်(ဖာပွန်)ခရိုင်ထဲမှာ ထုတ်ပြန်ထားတဲ့ ဖာပွန်နဲ့ကမမောင်းမြို့က စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားမှာပါဝင်သူတွေ အမြန်ဆုံးထွက်ခွာကြဖို့ ကြေညာချက်ကို မလိုက်ကြတာကြောင့် သတိပေးတိုက်ခိုက်မှုဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာမှာ အကွက်ချနှိပ်ကွပ်မှုရှိနေတယ်လို့ ကုလအကြီးအကဲပြော

အကွက်ချဖိနှိပ်မှုနဲ့နှိပ်ကွပ်မှုတွေရှိနေတာကြောင့် စစ်ကောင်စီလက်အောက်က မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေးမျှော်လင့်ချက်တွေ နင်းချေခံနေရတယ်ဆိုပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်ထှော်ညူ ဂူတားရက်စ်က ပြောလာပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ဒီနေ့ ကျင်းပနေတဲ့ အမေရိကန်၊ တရုတ်၊ အာဆီယံနဲ့ ဒေသတွင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန် ကုလအတွင်းရေးမှူးချုပ်က အခုလိုပြောလိုက်တာပါ။

‘‘ရက်စက်တဲ့အကြမ်းဖက်မှု၊ ဆင်းရဲမွဲတေမှုဆိုးရွားလာတာနဲ့ အကွက်ကျကျဖိနှိပ်မှုတွေကြောင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး မျှော်လင့်ချက်တွေ ချေဖျက်ခံနေရတယ်’’ လို့ သူက ပြောပါတယ်။

‘‘ဒီလိုမဖြစ်အောင်လုပ်ဖို့ မစွမ်းသာနဲ့အခြေအနေဖြစ်နေတယ်’’ လို့လည်း သူကပြောပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ မြန်မာ့အခြေအနေဟာ ပိုဆိုးရွားလာခဲ့ပြီး ကမ္ဘာဟာ ဝမ်းနည်းစရာဖြစ်ရပ်ကြီးကို မျက်မြင်ကြုံနေရတယ်လို့ သူက ပြောပါတယ်။

အာဆီယံ ခေါင်းဆောင်တွေနဲ့ မတွေ့ဆုံခင်တုန်းကတော့ မြန်မာစစ်တပ်အနေနဲ့ ထိန်းသိမ်းထားတဲ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ပြန်လွှတ်ပေးဖို့ သူက တောင်းဆိုခဲ့သလို ဒီမိုကရေစီနည်းကျအုပ်ချုပ်မှုကို ပြန်သွားဖို့ကိုလည်း သူက တိုက်တွန်းတောင်းဆိုထားပါတယ်။

ဒါ့အပြင် ၂၀၁၇ ခုနှစ်မှာ မြန်မာကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဘေးကင်းစွာနဲ့နေရပ်ပြန်ရေးဟာလည်း အခုအထိ မမြင်ရသေးဘူးလို့ သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးစောင့်ရှောက်မှုရဖို့ ကုလတိုက်တွန်း

နေပြည်တော်မှာ ဖမ်ဆီးထိန်းသိမ်းခံနေရတဲ့ အသက် ၇၈ နှစ်အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါဝင် ဖမ်းဆီးထိန်းသိမ်းခံရသူတွေဟာ ကျန်းမာရေးစောင့်ရှောက်ခွင့်ရသင့်တယ်လို့ ကုလသမဂ္ဂဘက်က တိုက်တွန်း ပြောဆိုလာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေး‌စောင့်ရှောက်မှု မရဘူးလို့ သားဖြစ်သူရဲ့ စိုးရိမ်ချက်ကို ထောက်ပြပြီး မှတ်ချက်ပေးဖို့ သတင်းထောက်တွေက မေးမြန်းချိန် ကုလပြောခွင့်ရသူက အခုလိုပြောလာတာပါ။

ထိန်းသိမ်းခံရသူတွေတိုင်း ကျန်းမာရေးစောင့်ရှောက်မှု ရပိုင်ခွင့်ရှိတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေကို လွှတ်ပေးရေး ဆက်ပြီးတောင်းဆိုမယ်လို့လည်း ပြောခွင့်ရက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ရက်တွေမှာ သွားနာပြီး အစားအသောက်မစားနိုင်တဲ့အခြေအနေဖြစ်နေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် ဗြိတိန်မှာနေထိုင်တဲ့ သားဖြစ်သူအပါအဝင် ဒေါ် အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို စိုးရိမ်သံတွေ ပေါ်ထွက်လာခဲ့ကြပါတယ်။

စစ်ကောင်စီဘက်ကတော့ သတင်းတွေမှာဖော်ပြနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေး ချို့တဲ့တယ်ဆိုတဲ့သတင်းကို ပယ်ချသလို ဒေါ်အောင်ဆန်းစုကြည်ကို ပုံမှန် ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ပေးနေတယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။

မြန်မာ့အရေး စစ်တပ်ကို ဖိအားပေးသွားမယ်လို့ အမေရိကန်ဒုသမ္မတ ပြော

မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ စစ်တပ်ကို ဆက်ပြီး ဖိအားပေးသွားမယ်လို့ အမေရိကန်ဒုတိယသမ္မတ ကမ်မလာ ဟဲရစ်က ပြောလာပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမှာပြုလုပ်နေတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲကို စက်တင်ဘာလ ၆ ရက်မှာ တက်ရောက်ရင်း သူက အခုလိုပြောလိုက်တာဖြစ်ပါတယ်။

''ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့၊ တရားမဲ့ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ဖို့၊ စိုးထိတ်စရာအကြမ်းဖက်မှုကို အဆုံးသတ်ဖို့ စစ်တပ်ကို အမေရိကန်ပြည်ထောင်စုက ဆက်ပြီး ဖိအားပေးမယ်''လို့ ဒုသမ္မတက ပြောပါတယ်။

ဒါ့အပြင် မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံဦးဆောင်နေတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကိုလည်း ဆက်ပြီး ထောက်ခံမယ်လို့ ဆိုပါတယ်။

အမေရိကန်ဟာ မြန်မာစစ်ခေါင်းဆောင်အပါအဝင် စစ်ကောင်စီအဖွဲ့ဝင်တွေ၊ စစ်ကောင်စီလက်အောက်က ဘဏ်တွေကို အရေးယူ ပိတ်ဆို့မှုတွေကို ခပ်စိပ်စပ်ပြုလုပ်နေတာဖြစ်ပါတယ်။

စသုံးလုံး ညွှန်ချုပ်နေရာ တပ်ကလူနဲ့ အစားထိုး

ပြည်ထဲရေးဝန်ကြီးဌာန အောက်က အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ကို စစ်ကောင်စီက အပြောင်းအလဲလုပ်လိုက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက ဦးအောင်ဇော်လင်း နဲ့ အစားထိုးလိုက်ပါတယ်။

စစ်တက္ကသိုလ်အပတ်စဉ် (၂၅) ဆင်း ဖြစ်တဲ့ ဦးမောင်မောင်ကျော်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်အစိုးရရဲ့ အတွင်းရေးမှူး(၂) တာဝန်ယူခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး ရဲ့ သားမက်ဖြစ်ပြီး စသုံးလုံးမှာ ဆယ်စုနှစ်တစ်ခုကျော် အနေကြာခဲ့သူ ဖြစ်ပါတယ်။

ဦးမောင်မောင်ကျော်ဟာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန က ပြန်လည်ထူထောင်ရေးဦးစီးဌာန ကို ရွှေ့ပြောင်းခံရပါတယ်။

‘’ဦးမောင်မောင်ကျော် ကို အားမရလို့လဲတာ။ ရှေ့လျှောက် ပိုကျပ်ဖို့ပဲ ရှိတယ်’’ လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တစ်ဦး ကပြောပါတယ်။

လက်ရှိအချိန်မှာ ရွှေ၊ဒေါ်လာ၊အိမ်ခြံမြေ လုပ်ငန်းရှင်တွေကနေ ပို့ကုန်သွင်းကုန် လုပ်ငန်းတွေအထိ စီးပွားရေးလုပ်ငန်းရှင်တွေကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက စောင့်ကြည့်စစ်ဆေးတာတွေ လုပ်နေတယ် လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

အရပ်သားအစိုးရလက်ထက်မှာတော့ စသုံးလုံးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းတွေကို အဓိကအာရုံစိုက်ဖို့ တွဲဖက်တာဝန်ပေးခဲ့ပေမဲ့ စစ်တပ်ကအာဏာသိမ်းပြီးနောက်မှာတော့ စသုံးလုံးကို အာဏာသိမ်းမှုဆန့်ကျင်သူတွေ နဲ့ လုပ်ငန်းရှင်တွေကို စုံစမ်းစစ်ဆေးဖို့ အဓိကထား အသုံးပြုလာတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။