ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရေခဲတိုက်တွေ မလည်ပတ်နိုင်လို့ အလောင်းတွေ ဆေးရုံမှာ မြှုပ်နေရတဲ့ ဂါဇာ - နို၀င်ဘာ ၁၄ ရက် ညပိုင်း နိုင်ငံတကာသတင်းများ
ဂါဇာက အကြီးဆုံး ဆေးရုံကြီးဝန်း အတွင်းမှာ ကလေးငယ်တွေ အပါအဝင် လူပေါင်း ၁၇၉ ယောက် အလောင်းတွေကို အခုပဲစုပြီး မြှုပ်လိုက်ရတယ်လို့ ဒါရိုက်တာ မိုဟာမက် အဘူ ဆယ်လ်မီရက် က ပြောပါတယ်။
အစ္စရေးတပ်တွေရဲ့ ဟားမတ်စ်အဖွဲ့အပေါ် တိုက်ခိုက်မှုအတွင်း မီးဖြတ်ထားတာကြောင့် ဆေးရုံက အရေးပါတဲ့ ပစ္စည်းကိရိယာတွေ အလုပ်လုပ်လို့ မရတော့တာကြောင့် လူနာတွေ သေဆုံးကုန်တာလို့ သူက ဆိုပါတယ်။
သေဆုံးတဲ့အထဲ ကလေး ၇ ယောက်နဲ့ အတွင်းလူနာ ၂၉ ယောက် ပါဝင်တယ်လို့ သူက ပြောပါတယ်။
လျှပ်စစ်မီး မရှိလို့ ရေခဲတိုက်လည်း မလည်ပတ်နိုင်တာကြောင့် အလောင်းတွေက ဆေးရုံဝန်းထဲ အခုပဲ မြေမြုပ်လိုက်ရတယ်လို့ မစ္စတာ ဆယ်လ်မီယာ့က ဆိုပါတယ်။
ဒါ့အပြင် ဆေးရုံတဝိုက်မှာလည်း ပေါက်ကွဲမှုတွေ ဖြစ်နေပြီး အစ္စရေးတင့်ကားတွေကလည်း ဆေးရုံဝန်းတံခါးတွေတဝိုက် ရောက်ရှိနေပါတယ်။
အစ္စရေးဘက်ကတော့ ဒီဆေးရုံဝန်းကို ဟားမတ်စ်အဖွဲ့က အသုံးချနေပြီး မြေအောက်မှာ ထိန်းချုပ်ရေး စင်တာ ရှိတယ်လို့ ပြောနေပေမယ့် ဒီပြောဆိုချက်ကို ဟားမတ်စ် အဖွဲ့က ပယ်ချထားပါတယ်။
တချိန်တည်းမှာ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသမှာ အစ္စရေးတပ်တွေ ဝင်ရောက်စီးနင်းမှုကြောင့် ပါလက်စတိုင်း ၈ ယောက် သေဆုံးသွားတယ်လို့ ပါလက်စတိုင်း ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း အစ္စရေးတို့က ဒရုန်းတွေလည်း အသုံးပြုခဲ့ပါတယ်။
လက်နက်ကြီးတွေ ဘူဒိုဇာတွေ အပါအဝင် စစ်ယာဉ်တော်တော်များများ တူလ်ခါရင်မ် ဒုက္ခသည်စခန်းထဲ ဝင်သွားတာ ကိုလည်း တွေ့ရပါတယ်။
အစ္စရေးစစ်တပ်နဲ့ ပါလက်စတိုင်း တိုက်ခိုက်ရေးသမားတွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ သတင်းတွေ ရရှိထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက် ဟားမတ်စ် အဖွဲ့ အစ္စရေးတောင်ပိုင်းကို ၀င်ရောက် တိုက်ခိုက်မှု ဖြစ်ပြီးကတည်းက ခုထိ အနောက်ဘက်ကမ်း ဒေသမှာ ပါလက်စတိုင်းအယောက် ၁၇၀ ကျော် အစ္စရေး လက်ချက်နဲ့ သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။
ယူနက်စကို အသိအမှတ်ပြု အန်ကောဝပ် ဘုရားကျောင်းနား နေထိုင်သူတွေ ရွှေ့ပြောင်းခံရ
ကမ္ဘောဒီးယားက ယူနက်စကို ကမ္ဘာ့အမွေအနှစ် အန်ကောဝပ် ဘုရားကျောင်း တဝိုက် နေထိုင်နေတဲ့ ထောင်နဲ့ချီ ရှိသူတွေကို အစိုးရက ဖယ်ရှားနေတယ်လို့ လူ့အခွင့်အရေး အဖွဲ့တခုက ပြောပါတယ်။
ဘုရားဝန်းတဝိုက် နေထိုင်တဲ့ မိသားစုတွေကို အာဏာပိုင်တွေက ခြိမ်းခြောက်ပြီး သေချာပြင်ဆင်ထားခြင်းမရှိတဲ့ နေရာကို အတင်းပြောင်းခိုင်းနေတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ အစီရင်ခံစာတရပ်မှာ ဖော်ပြထားပါတယ်။
နှင်ထုတ်ခံရသူတွေဟာ အဲဒီနေရာမှာ မျိုးရိုးစဉ်ဆက်လိုက် နေထိုင်ခဲ့ကြတာကြောင့် အများစုက မပြောင်းချင်ကြဘူးလို့ ဆိုပါတယ်။
ကမ္ဘောဒီးယား အစိုးရကတော့ လူတွေကို သူတို့ဆန္ဒအရ ယူနက်စကို စည်းမျဉ်းအတိုင်း နေရာချထားပေးနေတယ်လို့ ပြောပါတယ်။
မလေးရှားမှာ သေဒဏ်ချမှတ်ခံထားရသူတွေကို ပြစ်ဒဏ်လျှော့ပေါ့ပေး
မလေးရှားမှာ သေဒဏ်ချခံထားရသူ ၇ ယောက်ကို နိုင်ငံရဲ့ အမြင့်ဆုံး တရားရုံးက ပြစ်ဒဏ် လျှော့ပေါ့ ပေးလိုက်ပြီး ဒါဟာ မလေးရှားသမိုင်းမှာ ထူးခြားတဲ့ အမိန့်တရပ် ဖြစ်ပါတယ်။
အခုနှစ် အစောပိုင်းတုန်းက သေဒဏ်အမိန့်ချမှတ်မှုတွေကို ပယ်ဖျက်ပေးပြီးနောက်ပိုင်း သူတို့ ၇ ယောက်ဟာ ပထမဆုံး ပြစ်ဒဏ်လျော့ခံရတဲ့ အုပ်စု ဖြစ်ပါတယ်။
သူတို့ နှစ်ပေါင်း ၂ဝ ကျော် ထောင်ကျခံရပြီးပြီမို့ အားလုံးကို အခုတော့ ပြန်လွှတ်ပေးသင့်ပြီလို့ သူတို့ရဲ့ ရှေ့နေတွေက ဆိုပါတယ်။
မလေးရှားမှာ ပုံမှန်ဆိုရင် ထောင်တသက်ဟာ နှစ်ပေါင်း ၃ဝ ဖြစ်ပေမယ့် ထောင်ထဲမှာ စည်းကမ်းလိုက်နာရင် လျော့ပေါ့ပေးလေ့ရှိပါတယ်။
သေဒဏ်ချမှတ်မှုကို မလေးရှားမှာ ပယ်ဖျက်ပေးလိုက်ချိန်မှာ သေမိန့်ချခံထားရသူပေါင်း ထောင့်သုံးရာကျော် ရှိပါတယ်။
လေယာဉ်အတက်အဆင်းလုပ်ခွင့်မပေးလောက်အောင် အရေးကြီးတဲ့ တက္ကသိုလ်၀င် စာမေးပွဲ
တောင်ကိုရီးယား နိုင်ငံမှာ အခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုချိန်မှာ လေယာဉ် အတက်အဆင်း ခေတ္တ တားမြစ်ထားမယ်လို့ ကြေညာပါတယ်။
လာမယ့် ကြာသပနေးနေ့ မွန်းလွဲချိန် အင်္ဂလိပ်စာ နားထောင်စွမ်းရည် စစ်ဆေးနေချိန် ၃၅ မိနစ်လောက် လေယာဉ် အတက်အဆင်း အသွားအလာ ဆိုင်းငံ့ထားမှာ ဖြစ်ပါတယ်။
ပို့ဆောင်ရေး ဝန်ကြီးဌာနကတော့ ဒီလိုလုပ်ရတာဟာ အသံဆူညံမှုတွေကို ကန့်သတ်ထားချင်လို့ ဆိုပြီး ပြောပါတယ်။
အမှန်တကယ် စာမေးပွဲ အချိန်က ၈ နာရီ ကြာမြင့်တာ ဖြစ်ပါတယ်။
တောင်ကိုရီးယားမှာ ထိပ်တန်း တက္ကသိုလ်ကြီးတွေမှာ ဝင်ခွင့်ရဖို့အတွက် ဒီစာမေးပွဲဟာ အရေးကြီးဆုံးတွေထဲက တခု ဖြစ်ပါတယ်။