ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဥတုပြောင်းလဲမှုကို စိုးရိမ်စေတဲ့ တောင်ကိုရီးယားဥမင်ရေမြုပ်မှုဖြစ်ရပ်ဆိုး
တောင်ကိုရီးယားက မြေအောက် ကားလမ်းဥမင်လိုဏ်ခေါင်းတစ်ခုထဲကရေတွေကို ရာနဲ့ချီတဲ့ ကယ်ဆယ်ရေးလုပ်သားတွေက ရေတွေ စစချင်း စုပ်ထုတ်ခဲ့ချိန်တုန်းကတော့ ရွှံတွေနဲ့ရောနှောနေတဲ့ရေတွေဟာ လမ်းမျက်နှာကျက်အထိအပြည့်ဖြစ်နေခဲ့တာပါ။ အခုတော့ ဒူးခေါင်းလောက်ပဲ ကျန်အောင် ရေတွေကို စက်နဲ့စုပ်ထုတ်နိုင်ခဲ့ပါပြီ။
ဒါပေမဲ့ ရေတွေစုပ်ထုတ်တာကို မရပ်သေးပါဘူး။ လူတစ်ယောက်ပျောက်ဆုံးနေသေးလို့ပါ။
၄၈ နာရီကျော်ကြာရွာခဲ့တဲ့မိုးနောက်ဆက်တွဲ မြစ်ရေလျှံ၊ ကမ်းနံဘေးရေကျော်ခဲ့တာကြောင့် အဲဒီလိုဏ်ခေါင်းထဲမှာကို ရုတ်တရက် ရေတွေပြည့်ခဲ့ပြီး လိုဏ်ခေါင်းထဲကကားတွေ စက်ပျက်ခဲ့တာပါ။
နိုင်ငံအလယ်ပိုင်း တောင်ထူတပ်တဲ့ ဂျုံဂူးဒေသက အဲဒီဥမင်လိုဏ်ခေါင်းထဲကနေ အလောင်း ၁၃ လောင်းကို ပြန်ဆယ်ယူထားနိုင်ပြီဖြစ်ပါတယ်။ ထိတ်လန့်နေတဲ့ကားမောင်းသူတစ်ယောက်က ရေမြုပ်လာတဲ့သူ့ကားထဲကနေ လွတ်အောင်ကြိုးစားနေတဲ့ စီစီတီဗီရုပ်သံကို ကယ်ဆယ်ရေးအဖွဲ့တွေက ရထားပါတယ်။ ဒါပေမဲ့ အဲဒီအမျိုးသားရဲ့ ရုပ်အလောင်းကိုတော့ ရှာမတွေ့သေးပါဘူး။
ရှာဖွေရေးဆက်လုပ်နေချိန်မှာပဲ ရေလုံးရိုက်ခတ်လို့ ကားနောက်ခန်းမှန်တံခါး ကွဲထွက်သွားတဲ့ကားတစ်စီးကိုလည်း တွေ့ထားရပါတယ်။
သည်းထိတ်ရင်ဖိုရုပ်ရှင်တစ်ကားလို ဖြစ်နေတဲ့ဒီမြင်ကွင်းနဲ့ တောင်ကိုရီးယားနိုင်ငံသားတွေ မနက်ခင်းနိုးထခဲ့ရတာပါ။
ပိုပူပြင်းတဲ့ တခြားနိုင်ငံတွေကြုံခဲ့ရတဲ့ ရာသီဥတုဖြစ်ရပ်ဆိုးတွေကို တောင်ကိုရီးယားနိုင်ငံမှာလည်း မကြုံစဖူးကြုံလာရပြီမို့ ရာသီဥတုပြောင်းလဲမှုဟာ တောင်ကိုရီးယားကို ဆုံးရှုံးမှုတွေကို စတင်ဖြစ်ပေါ်လာစေပါပြီ။
မုတ်သုံရာသီတဝက်ပဲ ရှိသေးပေမဲ့ တောင်ကိုရီးယားမှာ အခုရက်ပိုင်း ရွာသွန်းတဲ့မိုးရေချိန်က ခါတိုင်း အခုလိုကာလမှာ ရွာသွန်းနေကျပမာဏထက် ပိုလို့တောင် များနေပါတယ်။
တောင်ကိုရီးယားသမ္မတ ယွန်းဆောက်ယို ကတော့ အခုလိုအခြေအနေတွေ ပိုဖြစ်လာနိုင်တာကြောင့် ရာသီဥတုဆိုးရွားမှုဆိုင်ရာ တုံ့ပြန်ရေးကိစ္စတွေကို အလုံးစုံပြုပြင်ပြောင်းလဲမယ်လို့ ဆိုပါတယ်။
''ရာသီဥတုပြောင်းလဲမှုဖြစ်လာနေတယ်ဆိုတာကို ကျွန်တော်တို့လက်ခံရပါမယ်။ ဒါကိုလည်း ကိုင်တွယ်ဖြေရှင်းရပါမယ်'' လို့ မစ္စတာ ယွန်းက ပြောပါတယ်။
အီဒမ် လယ်ယာရွာလေး ကနေသွားရင် တစ်နာရီလောက်အကွာအဝေးမှာတော့ အသက် ၈၇ နှစ်အရွယ် အဖိုးအို ဆောင်ဒူဟိုဟာ အိမ်ရှေ့တံခါးဝမှာ မျက်စိမှိတ်ထိုင်ပြီး သူ့ပတ်ဝန်းကျင်မှာဖြစ်သွားတဲ့ အပျက်အစီးအတိုင်းအဆကို သိနိုင်ဖို့ ကြိုးစားနေပါတယ်။
သူ့ရဲ့တစ်ထပ်တည်းသာမန်အိမ်လေးကတော့ ကြမ်းခင်းတွေ ဆုတ်ဖွာပြီး ပစ္စည်းပစ္စယတွေလည်း မျက်နှာကျက်အထိ တက်လို့ နေပါတယ်။
သူပိုင်သမျှပစ္စည်းအများစုဟာ အခုတော့ အမှိုက်သာသာဖြစ်ကုန်ပါပြီ။ အဲဒီထဲမှာ စာအုပ်စင်တွေနဲ့ လျှပ်စစ်ပစ္စည်းတွေပါပါတယ်။ စစ်သား ၂ ယောက်ကတော့ အဲဒီပစ္စည်းတွေကို အပိုင်းပိုင်းဖြစ်အောင် ဖျက်ဆီးနေပါတယ်။ ဒါမှပဲ ဒီပစ္စည်းတွေကို အမှိုက်သယ်လှည်းပေါ် တင်လို့ရမှာပါ။
မစ္စတာဆောင်တစ်ယောက် ထခုန်လိုက်ပြီး ''သတ္တုပစ္စည်းတွေကို လွှင့်မပစ်နဲ့ဟေ့။ အဲဒါတွေကို ပြန်ရောင်းလို့ရတယ်။ ကျန်တာတွေတော့ လွှင့်သာပစ်လိုက်'' လို့ ထ ပြောပါတယ်။
တောင်ကိုရီးယားက တောင်ထူထပ်တဲ့မြောက်ယောင်ချမ်းဒေသမှာ ပုံမှန်ဆို ဒေသတွင်းအားထားရတဲ့ဆည်တစ်ခု စနေနေ့တုန်းက မိုးသည်းပြီး ဆည်ရေလျှံတော့ စပါးစိုက် ပဲစိုက်တောင်သူ မစ္စတာဆောင်ရဲ့ အိမ်လည်း ရေကြီးတဲ့အထဲပါသွားခဲ့တာပါ။
ညကြီးအချိန်အမတော် ကယ်ဆယ်ရေးအဖွဲ့တွေ သူ့ကို လာကယ်တော့ တက်နေတဲ့ရေက သူ့ခါးလောက်မြင့်နေပါပြီ။ ဇနီးသည်နဲ့အတူ ကျော်ပိုးအိတ်ပိုးပြီး နှစ်ကိုယ်တူ ရေဘေးရှောင်ခဲ့ကြရတာပါ။
''ရေတွေဝင်လာတော့ မကြောက်ဘဲ ဆက်ပြီးသာ လှဲနေမယ်ဆိုရင် ကျွန်တော်သေသွားမှာ''လို့ သူက ပြောပါတယ်။
မစ္စတာဆောင်တစ်ယောက် တွေတွေကြီး ထိုင်နေဆဲပါ။ ဇွန်လအစောပိုင်းကနေ သြဂုတ်လအစပိုင်းအထိကြာတဲ့ တောင်ကိုရီးယားရဲ့မုတ်သုံမိုးရာသီအခြေအနေကို မစ္စတာဆောင်တစ်ယောက် ကောင်းကောင်းသိထားခဲ့သူပါ။
ဒါပေမဲ့ မြစ်ရေလျှံတက်လာပြီး တောင်ထူထပ်တဲ့သူတို့ဒေသမှာ အိမ်တွေပါ၊ လူတွေသေဆုံးတဲ့အထိမြေပြိုမှုဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းတုန်းက မိုးရွာမှုမျိုးကိုတော့ သူ့တသက် တခါမှ မကြုံခဲ့ဖူးဘူးလို့ ပြောပါတယ်။
မစ္စတာဆောင်တစ်ယောက် သူ့အိမ်ကို ပြင်ဖို့ အတော်အချိန်ယူရမှာဖြစ်သလို သူတစ်ယောက်တည်းနဲ့လည်း မဖြစ်နိုင်ဘူးဆိုတာကို တွက်ဆမိပါတယ်။
''ကျွန်တော့်အသက် ၉၀ ဖြစ်တော့မယ်လေဗျာ'' စိတ်ပျက်သံနဲ့သူပြောပြပါတယ်။ ''ကျွန်တော် ဘာလုပ်နိုင်မတုန်း၊ ဘယ်သွားနိုင်မတုန်း။ လူအိုတွေဆိုတာ နေတဲ့နေရာမှာပဲ သေကြတာလေဗျာ''
သူ့အိမ်နီးချင်းကတော့ အသက် ၇၄ နှစ်အရွယ် ဟန်ချန်ငဲကတော့ ပျက်သွားတဲ့ ရေခဲသေတ္တာထဲက သုံးမရတော့တဲ့ ပစ္စည်းတွေကို ရွှံ့တွေနဲ့ပြည်နေတဲ့ သူ့ခြံဝန်းအလယ်တည့်တည့်မှာ ဆောင့်ကြောင့်ထိုင်ပြီး မှိုက်အိတ်တွေထဲ ထည့်နေပါတယ်။
အသီးအနှံချဥ်ပတ်တွေနဲ့ ကင်ချီတွေတောင် စားမရတဲ့အခြေအနေရောက်ကုန်ပါတယ်။
လောကဓံကို မဖြုံတော့တဲ့သူ့အတွက် ပစ္စည်းတွေရှင်းချိန် ချွေးတောင်စို့မနေပါဘူး။ နာရီကို လှည့်တောင်မကြည့်ဘဲ လက်က ရေပိုက်နဲ့ ပစ္စည်းတွေကို ရေဆေးချရင်း ''လုပ်စရာတွေအများကြီး ကျန်သေးတယ်''လို့ ညည်းညူရှာပါတယ်။
မစ္စတာဆောင်နဲ့ မတူတာက မစ္စဟန်ဟာ ပြီးခဲ့တဲ့ ၁၅ ရက်တုန်းကမှ ဒီနေရာကို ပြောင်းလာသူဖြစ်ပါတယ်။ တချို့ပစ္စည်းတွေကိုဆိုရင် စက္ကူပုံးတွေထဲကနေ အပြင်ကိုတောင် မထုတ်ရသေးပါဘူး။
သူ လည်း တွေတွေကြီးဖြစ်နေပါတယ်။ ''ကျွန်မအသက် ၇၄ နှစ်ရှိပြီ။ ဒီလို သဘာဝဘေးဆိုးမျိုး တခါမှမကြုံဖူးဘူး'' လို့ သူက ပြောပါတယ်။
''လူက ထုံသွားလို့ ဘယ်လိုခံစားလို့ခံစားရမှန်းတောင် မသိတော့ပါဘူး။ အသက်မသေခဲ့တာပဲ ကံကောင်းလှပြီ''
တောင်ကိုရီးယားနိုင်ငံသားတွေဟာ ပူနွေးလာနေတဲ့ကမ္ဘာကြီးရဲ့ သက်ရောက်မှုတွေကို အရင်က ကြုံတွေ့ဖူးတာနည်းပါးပေမဲ့ လာမယ့် အင်္ဂါနေ့အထိ မိုးသည်းထန်ဦးမယ်ဆိုတဲ့ခန့်မှန်းချက်တွေရှိနေတာကြောင့် အန္တရာယ်ကတော့ လက်တစ်ကမ်းမှာ ဆက်ရှိနေပါတယ်။
အီဒမ်လို စိုက်ပျိုးရေးလုပ်တဲ့ရွာလေးတွေအတွက်တော့ မုတ်သုံရာသီဟာ အခုတော့ နွေကာလရဲ့တစ်စိတ်တစ်ပိုင်း မဟုတ်တော့ပေမဲ့ စိုးရိမ်ကြောက်ရွံ့စရာ ရာသီဥတုဖြစ်လာနေပါတယ်။