ပါကစ္စတန်နိုင်ငံရဲ့ ၃ ပုံ ၁ ပုံ ရေဖုံးလွှမ်းသွားပြီ

ရေးသားခဲ့သည်။

သမိုင်းဝင်ရေလွှမ်းမိုးမှုကြီးကြောင့် ပါကစ္စတန်နိုင်ငံရဲ့ သုံးပုံတပုံဟာ ရေအောက်ကျရောက်သွားပါပြီ။  

အလွန်လျင်လျင်မြန်မြန်တရိပ်ရိပ်တက်လာတဲ့ရေတွေဟာ လမ်းတွေ၊ အိမ်တွေ၊ ကောက်ပဲသီးနှံတွေကို တိုက်စားသယ်ဆောင်သွားပါတယ်။ နေရာတိုင်းမှာ သေခြင်းတရားနဲ့ အပျက်အစီးတွေကိုသာ တွေ့မြင်နေရပါတယ်။ 

“အခုတော့ ပါကစ္စတန်ဟာ သမုဒ္ဒရာကြီးတခုလို နေရာတိုင်းမှာ ရေပြင်ချည်းပါပဲ။ ရေတွေကို ဖောက်ထုတ်လို့ရမယ့် ခြောက်ခြောက်သွေ့သွေ့မြေနေရာဆိုတာ မရှိတော့ပါဘူး။ ကပ်ဘေးရဲ့ အတိုင်းအတာဟာ စိတ်ကူးလို့မရနိုင်လောက်အောင်ကြီးမားလှပါတယ်” လို့ ပါကစ္စတန် ရာသီဥတုဝန်ကြီး ရှယ်ရီရေးမန်းက ဆိုပါတယ်။

 မုတ်သုန်ရာသီအစပျိုးတဲ့ ဇွန်လကနေ အခုထိအတောအတွင်းမှာ သေဆုံးသူ စုပေါင်းဟာ အနည်းဆုံး ၁၁၃၆ ယောက်ရှိသွားပြီလို့ အစိုးရရဲ့ တရားဝင်ကိန်းဂဏန်းတွေမှာ ဖော်ပြပါတယ်။  

ဆယ်နှစ်အတွင်းမှာ ဒါဟာမိုးအကြီးဆုံးရာသီဖြစ်ပြီး ဒီလိုဖြစ်ရတာဟာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့်လို့ ဝန်ကြီးရှယ်ရီရေးမန်းက လက်ညှိုးထိုး အပြစ်တင်ပါတယ်။  

“အခုဆိုရင် ပါကစ္စတန်နိုင်ငံရဲ့ သုံးပုံတပုံဟာ ရေအောက်ရောက်သွားပါပြီ။ အရင်က ကျွန်မတို့သိထားသမျှ စံနှုန်းတွေအားလုံးထက် ကျော်လွန်သွားပါပြီ။ ဒါမျိုးတခါမှ မမြင်ဖူးပါဘူး” လို့ ဝန်ကြီးရှယ်ရီရေးမန်းက AFP သတင်းဌာနကို ပြောပါတယ်။  

ပြီးခဲ့တဲ့ ၂၄ နာရီအတောအတွင်းမှာတွင် လူပေါင်း ၇၅ ယောက် သေဆုံးခဲ့ပြီလို့ သြဂုတ်လ ၂၉ ရက် တနင်္လာနေ့ မှာ ထုတ်ပြန်ကြေညာထားပါတယ်။ သေဆုံးတဲ့အရေအတွက်ဟာ တိုးမြင့်လာဖွယ်ရှိသေးတယ်လို့လည်း ဆိုထားပါတယ်။  

သေဆုံးသူတွေရဲ့ သုံးပုံတပုံဟာ ကလေးသူငယ်တွေ ဖြစ်လိမ့်မယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး ဘီလာဝါးဘူတိုဇာဒါရီက ဆိုပါတယ်။  

ပျက်စီးဆုံးရှုံးမှုတွေကို ထိန်းသိမ်းကာကွယ်နိုင်ဖို့ ကြိုးစားနေပါတယ်လို့ သူက ဆိုပါတယ်။   

ပါကစ္စတန်လူဦးရေ ၃၃ သန်းရှိတဲ့အနက် ၇ ယောက်မှာ ၁ ယောက်နှုန်းဟာ ရေဘေးဒုက္ခသင့်နေကြပြီလို့ အစိုးရအရာရှိတွေက ခန့်မှန်းထားပါတယ်။  

အလွန်မိုးကြီးတဲ့ မြောက်ပိုင်း ဆွပ်ဗေလီ ချိုင့်ဝှမ်းဒေသမှာဆိုရင် တံတားတွေ ရေထဲမျော၊ လမ်းတွေပျက်စီးသွားတဲ့အတွက် တချို့ရွာတွေဟာ လုံးဝ အဆက်အသွယ် ပြတ်တောက်သွားပါတယ်။

တောင်ကုန်းထူထပ်ရာဒေသတွေမှာ နေထိုင်သူတွေကို နေရာရွှေ့ပြောင်းဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ရွှေ့ပြောင်းရတာကလည်း လွယ်တဲ့အလုပ် မဟုတ်ပါဘူး။ ပိတ်မိနေသူတွေကို ရဟတ်ယာဉ်တွေနဲ့ ရွှေ့ပြောင်းနေတာတောင် ခက်ခက်ခဲခဲ ကြိုးစားနေရပါတယ်။  

တရွာပြီးတရွာ ရေထဲမြုပ်သွားပါတယ်။ သန်းနဲ့ချီတဲ့အိမ်တွေ ပျက်စီးသွားပါပြီလို့ ဝန်ကြီးချုပ် ရှဘတ်ဇ်ရှရစ်ဖ်ကဆိုပါတယ်။ သူဟာ ရေကြီးနေတဲ့နေရာတွေကို တနင်္ဂနွေနေ့က ရဟတ်ယာဉ်နဲ့ ပျံဝဲကြည့်ရှုခဲ့ပြီး အခုလိုပြောဆိုတာဖြစ်ပါတယ်။  

နိုင်ငံတဝန်းက ယာယီတဲတွေထိုးထားတဲ့ ရေဘေးဒုက္ခသည်စခန်းတွေထဲမှာလည်း လူတွေ ပြည့်ကျပ်နေကြပါတယ်။

“ဒီမှာနေရတဲ့ဘဝက ဝမ်းနည်းစရာကောင်းပါတယ်။ ကျွန်တော်တို့မှာ လူ့ဂုဏ်သိက္ခာလည်း မရှိတော့ပါဘူး” လို့ရေဘေးဒုက္ခသည် ဖာဇဲလ်မာလစ်က AFP ကို ပြောပါတယ်။ သူဟာ အနောက်မြောက် ခိုင်ဘာပတ်တွန်ဟွာဒေသ စာသင်ကျောင်းတခုမှာ တခြား ဒုက္ခသည်ပေါင်း ၂၅၀၀ နဲ့အတူ ခိုလှုံနေတာ ဖြစ်ပါတယ်။  

ဆင်းနဲ့ ဘလုချစ်စတန်နယ်မြေတွေဟာ အဆိုးဆုံးထိခိုက်ခဲ့တဲ့ နေရာတွေ ဖြစ်ပါတယ်။ တောင်ပေါ်ဒေသဖြစ်တဲ့ ခိုင်ဘာပတ်တွန်ဟွာဒေသဟာလည်း ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ပါတယ်။  

ပါကစ္စတန်သမိုင်းမှာ အဆိုးရွားဆုံး မိုးရွာရေကြီးမှုအဖြစ်မှတ်တမ်းတင်ထားတဲ့ ၂၀၁၀ ရေကြီးမှုနဲ့ နှိုင်းယှဉ်လောက်အောင်ကိုပဲ အခုရေဘေးဟာ ဆိုးဝါးပြင်းထန်ပါတယ်။ ၂၀၁၀ ရေဘေးတုန်းက လူပေါင်း ၂၀၀၀ ကျော်သေဆုံးခဲ့ပါတယ်။  

ပျက်စီးသွားတဲ့ အဆောက်အအုံတွေကို ပြန်လည်တည်ဆောက်ရမယ့် ကုန်ကျစရိတ်တွေအတွက်လည်း စိုးရိမ်ပူပန်နေကြပါတယ်။ နိုင်ငံတကာကယ်ဆယ်ရေးအေဂျင်စီတွေ၊ မိတ်ဆွေနိုင်ငံတွေ၊ နိုင်ငံတကာ အလှူရှင်တွေ အနေနဲ့ ပါကစ္စတန်ကိုကူညီကြဖို့ အစိုးရက ပန်ကြားထားပါတယ်။

ဧက ၅၀၀၀ ကျယ်ဝန်းတဲ့ ကျွန်တော်တို့ လယ်ကွင်းတွေထဲမှာ အမျိုးအစားအကောင်းဆုံး စပါးတွေကို စိုက်ပျိုးပြီး တကမ္ဘာလုံးက စားသုံးနေကြတာပါ။ အခုအဲဒါတွေ အားလုံးသွားပါပြီ လို့ အသက် ၇၀ နှစ်အရွယ် လယ်သမားကြီး ခါလီအာမက်က ဆိုပါတယ်။ သူဟာ အရှေ့တောင်ပိုင်း ဆင်းပြည်နယ် ဆွတ်ခါးမြို့က စပါးစိုက်လယ်သမားတယောက်ဖြစ်ပါတယ်။  

ဆင်းပြည်နယ်တခုလုံးဟာ ရေတွေဖုံးလွှမ်းပြည့်လျှံနေပြီး ကယ်ဆယ်ရေးလုပ်သားတွေဟာ ကြိုးစား ကယ်ဆယ်နေကြဆဲ ဖြစ်ပါတယ်။  

“ရဟတ်ယာဉ်ဆင်းစရာ မြေမာကလေးတကွက်တောင်ရှာမရလို့ ကျွန်တော်တို့ ကယ်ဆယ်ရေးလုပ်ငန်းအတွက် အခက်အခဲတွေ အများကြီးကြုံနေရပါတယ်” လို့ ပါကစ္စတန်စစ်တပ်က အရာရှိတယောက်က AFP ကိုပြောပါတယ်။

ရေဘေးကြောင့် ပျက်စီးဆုံးရှုံးတဲ့ပမာဏဟာ ဒေါ်လာ ၁၀ ဘီလျံကျော်တယ်လို့ ပါကစ္စတန် စီမံကိန်း ဝန်ကြီးအာဆန်အက္ကဘဲက ရိုက်တာသတင်းဌာနကို ပြောပါတယ်။  

တနိုင်ငံလုံးမှာ စိုက်ပျိုးထားတဲ့ ဝါဂွမ်းစိုက်ခင်းတွေရဲ့ တဝက်နီးပါး ရေမြုပ်သွားပါပြီ။ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ စပါးစိုက်ခင်းတွေလည်း အလားတူ ပျက်စီးဆုံးရှုံးကုန်ပါတယ်။  

နောက်လာမယ့် ကာလတွေမှာ ပါကစ္စတန်နိုင်ငံဟာ စားနပ်ရိက္ခာပြတ်လပ်မှုဒဏ်ကို ဆိုးဆိုရွားရွား ခံစားရတော့မယ်လို့ လည်း စီမံကိန်းဝန်ကြီးအာဆန်အက္ကဘဲက ဆိုပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးတွေရဲ့ တာဝန်မဲ့ဖွံ့ဖြိုးရေးဆောင်ရွက်ချက်တွေကြောင့် ရာသီဥတုပျက်ပြားမှု ဖြစ်ပွားရပြီး အဲဒီရာသီဥတုပျက်ပြားမှုဒဏ်ကို ပါကစ္စတန်က ခံစားရတာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။  

ပါကစ္စတန်နိုင်ငံဟာ ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ရဲ့ ၁ ရာနှုန်းကိုသာ ထုတ်လွှတ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာကြီးပူနွေးမှုကြောင့် ဖြစ်ပွားတဲ့ ရာသီဥတုပျက်စီးမှုကို ခံစားရတဲ့ ကမ္ဘာ့ထိပ်ဆုံးနိုင်ငံတွေထဲမှာ ပါကစ္စတန်ဟာ အန္တရာယ်အများဆုံး အဆင့် ၁၀ နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာ့ရာသီဥတုပျက်ပြားမှုဟာ ရာသီဥတုပူနွေးမှုကို ဖြစ်စေပြီး နောက်ဆက်တွဲအကျိုးဆက်တွေထဲမှာ မိုးကြီးခြင်း၊ ရေကြီးခြင်း ၊ မိုးခေါင်ခြင်း စတဲ့ အစွန်းရောက်ဥတုပြောင်းလဲမှုတွေ အကျုံးဝင်ပါတယ်။  

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က တောင်အာရှဒေသဟာ ရာသီပြောင်းလဲမှုရဲ့ အန္တရာယ်စက်ကွင်းဒေသဖြစ်နေပြီလို့ သတိပေးပြောဆိုပါတယ်။ တောင်အာရှဒေသကလူတွေဟာ ရာသီဥတုဒဏ်ကြောင့် သေဆုံးနိုင်ခြေ ၁၅ ဆ ပိုမိုမြင့်မားနေတယ်လို့လည်း သူက ဆိုပါတယ်။  

ကမ္ဘာကြီးဟာ အခုအခါ အပူချိန် ၁ ဒသမ ၂ ဒီဂရီစင်တီဂရိတ် တိုးမြင့်နေပါပြီ။ ထိန်းချုပ်ပြုပြင်မှုတွေ မလုပ်ရင် ပိုမိုဆိုးရွားတဲ့ အခြေအနေဆီ ဦးတည်နေပါတယ်။  

“အိပ်မက်ယောင်ပြီးလမ်းလျှောက်နေတာတွေကို ရပ်တန်းက ရပ်ကြပါစို့။ ရာသီပြောင်းလဲမှုဟာ ကမ္ဘာကြီးကို ဖျက်ဆီးနေပါပြီ။ ဒီနေ့ပါကစ္စတန်၊ မနက်ဖြန်မှာ ခင်ဗျားတို့နိုင်ငံ ဖြစ်လာနိုင်ပါတယ်” လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ဗီဒီယိုမိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။

လူပေါင်း ၅ ဒသမ ၂ သန်းအတွက် အစားအစာ၊ ရေ၊ သန့်ရှင်းရေး၊ အရေးပေါ်ပညာရေး၊ ကျန်းမာရေး အကူအညီတွေ ပေးအပ်ထောက်ပံ့ကြဖို့လည်း သူက ပန်ကြားတောင်းခံသွားပါတယ်။  

နောက်ဆက်တွဲရောက်လာနိုင်ဖွယ်ရှိတဲ့ စားနပ်ရိက္ခာပြတ်လပ်မှုကို ရင်ဆိုင်နိုင်ဖို့အတွက် ပါကစ္စတန် ဘဏ္ဍာရေးဝန်ကြီး မစ်ဖတာအစ္စမေးလ်က သူတို့ရဲရန်သူတော်နိုင်ငံ အိန္ဒိယဆီက အသီးအနှံတွေ တင်ပို့ဖို့ စဉ်းစားကောင်းစဥ်းစားမယ်လို့ ဆိုပါတယ်။  

ပါကစ္စတန်ဟာ အခုရေဘေးမတိုင်ခင်ကတည်းက စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်နေရပြီး ဖြစ်ပါတယ်။ ပါကစ္စတန်ကြွေးမြီကိစ္စဖြေရှင်းရေးအတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့ International Monetary Fund နဲ့ညှိနှိုင်းနေချိန်မှာ ရေဘေးပေါ်ပေါက်လာတာ ဖြစ်ပါတယ်။  

ရေဘေးမတိုင်ခင်မှာ ပါကစ္စတန်ရဲ့ အရန်နိုင်ငံခြားငွေဟာ သွင်းကုန် ၁ လစာတင်သွင်းဖို့ အတွက်သာ ကျန်ပါတော့တယ်။ ငွေကြေးဖောင်းပွမှုနှုန်းကလည်း ၂၅ ရာနှုန်း နီးပါးအထိမြင့်တက်နေပါတယ်။  

အခုအခါ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ပါကစ္စတန်ကို ဒေါ်လာ ၁.၂ ဘီလျံထုတ်ချေးဖို့ သဘောတူလိုက်ပါပြီ။ နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့ရဲ့ ကြေညာချက်ထဲမှာ ပါကစ္စတန်စီးပွားရေးဟာ ယူကရိန်းစစ်ပွဲလို ပြင်ပအချက်အလက်တွေကြောင့် ဆိုးရွားတဲ့ အခြေအနေ ဆိုက်ရောက်ခဲ့ရတယ်လို့ ဆိုထားပါတယ်။ အိုးအိမ်စီမံကိန်းလို မညီမျှမှု၊ ဖွံ့ဖြိုးမှု မညီညာမှု စတဲ့ပြည်တွင်းအခြေအနေတွေရဲ့ သက်ရောက်မှုကြောင့်လည်း စီးပွားရေးဆိုးရွားခဲ့တယ်လို့ ထောက်ပြထားပါတယ်။ ရာသီဥတုကပ်ဘေးကို လုံးဝထည့်သွင်းရေးသား မထားပါဘူး။  

 အာရပ်စော်ဘွားများနိုင်ငံ UAE နဲ့ တူရကီတို့က ဒုက္ခသည်စခန်းအတွက် ရွက်ဖျင်စတွေ၊ ဆေးဝါးတွေ ပေးပို့ကူညီနေကြပါတယ်။ အမေရိကန်နဲ့ ဗြိတိန်တို့ကလည်း အထောက်အပံ့ အကူအညီတွေ ပေးသွားမယ်လို့ ကတိပြုထားပါတယ်။