အစ္စရေး - ဂါဇာအရေး နိုင်ငံတကာနဲ့ကုလသဘောထားအပါအဝင် အောက်တိုဘာ ၁၅ ရက် ညပိုင်းကမ္ဘာ့သတင်းများ

ရေးသားခဲ့သည်။

အရှေ့အလယ်ပိုင်းမှာ ရှိနေပြီး အီဂျစ်ကိုသွားဖို့ စီစဉ်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်က ဂါဇာအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူ အညီတွေပေးနိုင်ဖို့ အတွက် အီဂျစ် နယ်စပ် လမ်းဂိတ်ကို ဖွင့်ပေးဖို့ အရေးကို တိုက်တိုက် တွန်းတွန်း ပြောနေပါတယ်။

အမေရိကန် နိုင်ငံသားတွေ အပါအဝင် ဂါဇာမှာ ပိတ်မိနေတဲ့ နိုင်ငံခြားသား ရာနဲ့ချီ ရှိနေပြီး အီဂျစ်နဲ့ ဂါဇာ ကြားက ရက်ဖာ နယ်စပ် ဖြတ်သန်းရေးဂိတ်ကို ဖွင့်ပေးဖို့ မျှော်လင့်နေကြပါတယ်။

ဂါဇာကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အာမခံမှု မရှိမချင်း နိုင်ငံခြားသား တွေ ထွက်ခွာတာကို ခွင့်ပြုမပေးနိုင်ဘူးလို့ အီဂျစ်က ပြောပါတယ်။

မစ္စတာ ဘလင်ကင်ဟာ အစောပိုင်းက ဆော်ဒီ အိမ်ရှေ့စံမင်းသား မိုဟာမက် ဘင် ဆယ်မန်နဲ့ ရိယတ်ဒ်မှာ တွေ့ခဲ့ပါတယ်။

ဆော်ဒီ ခေါင်းဆောင်က အရပ်သားတွေ အပေါ်တိုက်ခိုက်မှုတွေ အပေါ် ရှုတ်ချခဲ့ ပါတယ်။ ဒါပေမဲ့သူက ပါလက်စတိုင်းတို့ဟာ သူတို့ရဲ့ တရားဝင် အခွင့်အရေးတွေကို ရရမယ်လို့ ဆိုပါတယ်။

ဒီသီတင်းပတ်အတွင်း ဂါဇာကမ်းမြောင်မှာ အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်မှု ကြောင့် အနည်းဆုံး ကလေးသူငယ်ပေါင်း ၇၀၀ သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများ အရေးပေါ် ရန်ပုံငွေအဖွဲ့ - UNICEF က ပြောပါတယ်။

ဂါဇာမြောက်ပိုင်းမှာ ဆေးရုံတွေက အစ လူတွေကို ပြောင်းရွှေ့ထွက်ခိုင်းတဲ့ အစ္စရေးရဲ့ အမိန့်ဟာ အလွန်ဒုက္ခရောက်နေတဲ့ လူနာတွေကို သေဒဏ်အမိန့်ချတာနဲ့ အတူတူပဲလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ - WHO က အစောပိုင်းတုန်းက ပြောထားပါတယ်။

ဂါဇာက ဆေးရုံတွေမှာ လူနာတွေ ပြည့်ကျပ်နေပြီး ဆေးတွေ ပြတ်လပ်နေကာ လျှပ်စစ်မီးအတွက် မီးစက် မောင်းစရာ လောင်စာဆီလည်း မရှိတော့ပါဘူး။

ဟားမတ်စ်တို့ တိုက်ခိုက်တဲ့ အရင်သီတင်းပတ် စနေနေ့ က စပြီး အစ္စရေးက ဂါဇာကို ရေနဲ့ လောင်စာဆီ တွေဖြတ်တောက်ထားပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝန်ယိက အစ္စရေးတို့ လုပ်ရပ်ဟာ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့ အဆင့်ထဲ ကျော်လွန်နေပြီ၊ ဂါဇာက လူအားလုံးကို ပေါင်းရုံးပြီး အပြစ်ပေးနေတာကို ရပ်သင့်တယ်လို့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုင်ဇယ် ဘင် ဖာရန်နဲ့ စကားပြောစဉ်မှာ ထုတ်ဖော်ပြောလိုက်ပါတယ်။

အပစ်အခတ် ရပ်စဲနိုင်ရေး၊ အရပ်သားတွေကို ကာကွယ်နိုင်ရေးတွေအတွက် ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ ဒေသတွင်းကို တရုတ်ရဲ့ အရှေ့အလယ်ပိုင်း ကိုယ်စားလှယ် မကြာခင် သွားရောက်လိမ့်မယ်လို့ တရုတ်က ကြေညာပါတယ်။

ဒီအတောအတွင်းမှာပဲ ရုရှားက ဒီပဋိပက္ခနဲ့ ပတ်သက်ပြီး သူတို့ ‌စီစဉ်ရေးဆွဲထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ တနင်းလာနေ့ကျရင် မဲခွဲဖို့ တောင်းဆိုထားပါတယ်။

ရုရှားက လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်ကြဖို့နဲ့ အရပ်သား‌တွေအပေါ် အကြမ်းဖက်မှု မှန်သမျှကို ရှုတ်ချကြဖို့ တိုက်တွန်းနေပါတယ်။

ဟားမတ်စ် နိုင်ငံရေးခေါင်း‌ဆောင် အစ္စမေးလ် ဟာနီရာဟာ ကာတာမှာ အီရန် နိုင်ငံခြားရေးဝန်ကြီး ဟူစိန် အဲမာရက် ဒူလာဟင် နဲ့ တွေ့ဆုံစကားပြောခဲ့ပါတယ်။

အီရန်မီဒီယာက ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ သူတို့ ဖက်လှဲတကင်း နှုတ်ဆက်နေကြတာကို တွေ့ရပြီး ဟားမတ်စ်ရဲ့ အစ္စရေးကို တိုက်ခိုက်မှုအကြောင်း သူတို့ ၂ ယောက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အီရန်နိုင်ငံခြားရေး ဝန်ကြီးက ဒီတိုက်ခိုက်မှုဟာ သမိုင်းဝင်တဲ့ တိုက်ခိုက်မှုဖြစ်ပြီး ပါလက်စတိုင်းနယ်မြေတွေကို အစ္စရေးက သိမ်းပိုက်ထားမှုကို ကောင်းကောင်း ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ဟားမတ်စ်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ရည်မှန်းချက်တွေအောင်မြင်ဖို့အတွက် သူတို့ နှစ်ဖက်အကြား ဆက်လက် ပူးပေါင်းဆောင်ရွက်သွားကြမယ့်အကြောင်း ထည့်သွင်းဖော်ပြထားပါတယ်။