ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မူးယစ်ဆေးပြဿနာ ကိုင်တွယ်ဖို့ပြင်လာတဲ့ ချင်းကာကွယ်ရေးတပ်တွေ
ချင်းပြည်နယ်မှာ စစ်ကောင်စီကို တော်လှန်ရေးကာလအတွင်း မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေ အထိန်းအကွပ်မဲ့ရောင်းချနေတာတွေ၊ ထုတ်လုပ်တာတွေနဲ့ သုံးစွဲတာတွေကို လုံးဝတားဆီးပိတ်ပင်တဲ့အကြောင်း ချင်းပြည်နယ် ကာကွယ်ရေးတပ်တွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ Chindland Joint Defense Committee - CJDC က ထုတ်ပြန်လာပါတယ်။
တော်လှန်ရေးကာလအတွင်း နိုင်ငံရေးမတည်ငြိမ်တာကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားတာတွေ ပိုများလာတာကြောင့် တားဆီးပိတ်ပင်တာဖြစ်တယ်လို့ CJDC က နိုဝင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
အရက်အပါအဝင် မူးယစ်ဆေးဝါးတွေဟာ ချင်းပြည်နယ်တွင်းသာမက အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အထိပါ ပျံ့နှံ့နေပြီး မြန်မာနိုင်ငံသားတွေ အဖမ်းခံရတဲ့အထိ ဖြစ်လာတာကြောင့် တားမြစ်ရတဲ့အကြောင်း CJDC တာဝန်ရှိသူက အခုလို ပြောပါတယ်။
“အရက်တွေလည်း လူတိုင်းလိုလို ရောင်းလာတာ ရှိသလို မူးယစ်ဆေးဝါး ဘိန်းတို့ဘာတို့ ရောင်းလာတာတွေ ရှိတယ်။ အိန္ဒိယဘက်မှာ ဖမ်းတဲ့ဟာမျိုး ဆိုရင်တော့ အရက်တွေ လောက်ပဲ မဟုတ်ဘဲနဲ့ ဘိန်းဖြူတွေ ဘာတွေ ဖမ်းတာ ပိုများနေတာပေါ့။ ချင်းပြည်နယ်မှာလည်း ရောင်းတာ ပိုများတာတွေ ရှိတယ်။”
ချင်းပြည်နယ် ၉ မြို့နယ်က မြို့ပေါ်အပိုင်းတွေမှာသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်တာဖြစ်ပြီး ကျန်တဲ့ နယ်ဘက်တွေကတော့ ချင်းတိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
လက်ရှိလည်း အရက်အပါဝင် မူးယစ်ဆေးတွေကို တော်လှန်ရေးအဖွဲ့အစည်းတွေက ကန့်သတ်ထားတာ ဖြစ်တဲ့အတွက် နောက်ထပ် သုံးစွဲ၊ ရောင်းချ၊ ဖြန့်ဝေတာတွေရှိလာရင် အရေးယူမှာဖြစ်တယ်လို့လည်း ပြောပါတယ်။
ချင်းပြည်နယ်ဟာ တောင်ပေါ်ဒေသ အအေးပိုင်းဖြစ်တာကြောင့် လူငယ် ၈၀ ရာခိုင်နှုန်းက အရက်နဲ့ မကင်းကြတဲ့အကြောင်း၊ တရားမဝင် မူးယစ်ဆေးတွေ သုံးလာတာ ရှိပေမဲ့ အထူးသဖြင့် အရက်ကတော့ သောက်သုံးမှုများကြောင်း ဒေသခံတွေက ပြောပါတယ်။
အရက်ကို တခြားဒေသတွေကနေ တင်သွင်းတာကို ဒေသကို ထိန်းချုပ်နိုင်သူ အသီးသီးက ကန့်သတ်လိုက်တဲ့အတွက် မှောင်ခိုဈေးဖြစ်လာပြီး အရက်ဈေးက ၃ ဆလောက်မြင့်လာတာတွေ ၊ အိမ်ချက်အရက်တွေ သောက်လာတာတွေအပါဝင် နောက်ဆက်တွဲပြဿနာတွေရှိလာတယ်လို့ ပြောကြပါတယ်။
ဟားခါးမြို့နယ်က ဒေသခံတစ်ယောက်က အရက်ကို ကန့်သတ်လိုက်တာကြောင့် လက်သန့်ဆေးရေကို ဖျော်သောက်တဲ့အထိ ဖြစ်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။
"အရက်တွေ ရှားပါးတဲ့ ပြဿနာ ဖြစ်လာတဲ့အခါမှာ သောက်ပြီး မူးလို့ရတဲ့ မှန်သမျှ သူတို့ စမ်းပြီး လုပ်လာတယ်။ အဓိက အဆိုးဆုံးက hand gel - လက်သန့်ဆေးတွေ သောက်တာတွေ ပိုများလာတယ်။"
" hand gel က 75 percent ဆိုတော့ မူးလို့လည်း လွယ်တယ်။ ပြီးတော့ အရသာလည်း မွှေးတယ်။ သူတို့က ရေနည်းနည်းလေးနဲ့ ပြန်ဖျော်ပြီးတော့ သောက်သုံးတာတွေ တွေ့ရတယ်။ ကျွန်တော်ကိုယ်တိုင် မြင်တဲ့ဟာပေါ့။"
"hand gel သောက်တဲ့သူတွေ မြင်တဲ့အခါမှာ သူတို့ရဲ့ ကျန်းမာရေး အခြေအနေ၊ အသားအရေကလည်း လုံးဝ ရေဓာတ်မရှိတေ့ာတဲ့ ပုံစံပေါက်တယ်။ အသားအရေက အကုန်လုံး ခြောက်ကပ်နေတယ်။"
ဘိန်းဖြူ၊ ဆေးခြောက်၊ WY စတဲ့ တရားမဝင် မူးယစ်ဆေးတွေကို တွေ့ရင်တော့ ဖမ်းဆီးသွားမှာဖြစ်ပြီး အရက်ကိုတော့ ဒေသနဲ့သင့်တော်သလို အရေးယူသွားမှာဖြစ်မယ်လို့ CJDC က ပြောသလို ဒေသခံတွေကလည်း အရက်ကို ထိန်းချုပ်တာကြောင့် နောက်ဆက်တွဲ ကျန်းမာရေး အန္တရာယ် ရှိလာနိုင်တဲ့အတွက် ထိန်းချုပ်မှု မှန်ကန်စေချင်တယ်လို့ တုံ့ပြန်ပြောကြပါတယ်။