ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပီတာ ရွေးကောက်ပွဲဥပဒေ မချိုးဖောက်ဘူးလို့ ထိုင်းဖွဲ့စည်းပုံတရားရုံး အမိန့်ချ - ဇန်နဝါရီ ၂၄ ရက် နိုင်ငံတကာသတင်းများ
ထိုင်းနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မယ့် ခေါင်းဆောင် အဖြစ် ထင်ရှားတဲ့ ပီတာ လင်မ်ဂျာရွန်ရက်ကို ဖွဲ့စည်းပုံ တရားရုံးက အပြစ်မရှိကြောင်း အမိန့်ချမှတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ပီတာဟာ ရွေးကောက်ပွဲ ဥပဒေချိုးဖောက်တယ်ဆိုပြီး တရားစွဲ ခံခဲ့ရပြီး အမတ်နေရာ စွန့်လွှတ်ထားခဲ့ရတာပါ။
အခုတရားရုံး ဆုံးဖြတ်ချက်ကြောင့် သူဟာ လွှတ်တော် အမတ်ရာထူးကို ပြန်လည် ရယူနိုင်ခဲ့ပါပြီ။
မနှစ် ရွေးကောက်ပွဲမှာ မစ္စတာ ပီတာရဲ့ Move Forward ပါတီက အနိုင်ရခဲ့ပေမယ့် လွှတ်တော်အတွင်းမှာ ရွေးကောက်ခံမဟုတ်တဲ့ အမတ်တွေရဲ့မဲနဲ့ သူ့ကို ပါလီမန်ထဲက ထုတ်ပယ်ခဲ့တာပါ။
ဒီအမှုဟာ သူနဲ့ သူ့ပါတီအပေါ် စွဲဆိုထားတဲ့ အမှု နှစ်ခုထဲက တခု ဖြစ်ပါတယ်။
သူဟာ အမတ်ဘဝတုန်းက မီဒီယာ ကုမ္ပဏီ တခုဆီက တရားမဝင် ရှယ်ယာတွေ ရယူခဲ့တယ်ဆိုပြီး တရားစွဲ ခံခဲ့ရပေမယ့် အဲဒီ ကုမ္ပဏီဟာ လည်ပတ်မှု မရှိတော့တာ နှစ်ပေါင်းများစွာ ရှိနေပြီလို့ သူက ပြန်လည် ချေပ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။
လာမယ့် အပတ်မှာလည်း သူ့ပါတီအပေါ် စွဲဆိုထားတဲ့ အမှုကို ကြားနာဖို့ ရှိပါတယ်။
တော်ဝင်မိသားစုအကြောင်းပြောရင် အရေးယူမယ့် ဥပဒေကို ဖျက်သိမ်းဖို့ကြိုးစားမယ့် သူ့ပါတီရဲ့ ကြွေးကြော်ချက်ဟာ တိုင်းပြည်ကို ဖျက်လိုဖျက်ဆီး လုပ်တာပဲ ဆိုပြီး Move Forward ပါတီ တရားစွဲ ခံထားရတာ ဖြစ်ပါတယ်။
စစ်သုံ့ပန်းပါတဲ့ စစ်လေယာဉ် ပစ်ချခံခဲ့ရတယ်လို့ ယူကရိန်းကို ရုရှား စွပ်စွဲ
ရုရှားစစ်တပ်က လေယာဉ်တစင်းကို ယူကရိန်းက ပစ်ချတယ်လို့ စွပ်စွဲထားပါတယ်။
အဲဒီ လေယာဉ်မှာ ယူကရိန်း စစ်သုံ့ပန်း ၆၅ ယောက်ပါပြီး သူတို့ကို သုံ့ပန်းအပြန်အလှန် လဲလှယ်ရေး အစီအစဉ်အရ ခေါ်ဆောင်လာစဉ်မှာ သူတို့ပါတဲ့ လေယာဉ်ပစ်ချခံရတာလို့ ဆိုပါတယ်။
Illysushin အမည်ရ လေယာဉ်ဟာ ဘဲဂါးရက်ဒ် ဒေသမှာ ပစ်ချခံခဲ့ရတ ဖြစ်ပြီး အဲဒီဒေသဟာ ယူကရိန်း နယ်စပ်မှာ ရှိတာပါ။
ပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ အသက်ရှင် ကျန်ရစ်သူ မရှိဘူးလို့ ပြောနေပါတယ်။
ယူကရိန်းဘက်ကတော့ အခင်းဖြစ်ပွားမှုနဲ့ ပတ်သက်လို့ စစ်ဆေးနေတယ်လို့ ပြောပြီး အလျင်အမြန် ကောက်ချက်မချကြပါနဲ့လို့ ဆိုပါတယ်။
သူတို့နိုင်ငံ မတည်မငြိမ်ဖြစ်အောင် ရုရှားက ဝါဒဖြန့်ဖို့ ကြိုးစားနေတယ်လို့လည်း ယူကရိန်းက သတိပေးထားပါတယ်။
အစ္စရေးတပ်ဖွဲ့တွေ ဂါဇာက ဘယ်အချိန် ရုပ်သိမ်းမလဲလို့ မေးခွန်းထုတ်
အစ္စရေးတို့ရဲ့ ညလုံးပေါက် တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း အယောက် ၁၂၀ကျော် သေဆုံးတယ်လို့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဂါဇာမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာ အဲဒီအရေအတွက်ထက် နှစ်ဆနီးပါးလောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အစ္စရေး စစ်တပ်ကတော့ ပါလက်စတိုင်းသေနတ်သမားတွေကို စစ်ဆင်ရေးအတော်များများ လုပ်ခဲ့တဲ့အတွင်းမှာ သတ်ဖြတ်ခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဂါဇာတောင်ပိုင်းမှာ အကြီးဆုံးဖြစ်တဲ့ ဟန်းယူနစ်မြို့မှာ ရှိတဲ့ တချို့အရပ်က ဒေသခံတွေဟာလည်း ဘေးလွတ်ရာပြောင်းကြဖို့ အမိန့်ထုတ်ထား ခံထားရပါတယ်။
အဲဒီမြို့မှာ လူငါးသိန်းလောက် လူမှုဘေးဒုက္ခ ကျရောက်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
တချိန်တည်းမှာ ဂါဇာမှာ အပစ်ရပ်ဖို့ကိုလည်း ဆက်လက် ဆွေးနွေးနေပါတယ်။
မနေ့ အင်္ဂါနေ့တုန်းက အီဂျစ်မှာ ဆွေးနွေးခဲ့တဲ့ အမေရိကန် အထူးသံ ဘရက်ထ် မက်ခ်ဂါ့ခ် ဟာ ဒီနေ့တော့ ကာတာအစိုးရ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံနေပါတယ်။
သူ့ဆွေးနွေးမှုတွေအတွင်း အဓိကအချက်ကတော့ ဂါဇာကနေ အစ္စရေးတပ်ဖွဲ့တွေ ဘယ်လို အခြေအနေမျိုးကျမှ ရုပ်သိမ်းမလဲ ဆိုတာ မေးခွန်းထုတ်ခဲ့ပါတယ်။
တောင်ကိုရီးယား ရေတပ်စစ်ရေးလေ့ကျင့်ခဲ့ပြီးနောက် မြောက်ကိုရီးယားက ခရုစ် ဒုံးကျည် ပစ်လွှတ်
မြောက်ကိုရီးယား ဟာ အနောက်ဘက် ကမ်းရိုးတန်းကို ခရုစ် ဒုံးကျည် တော်တော်များများနဲ့ ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်အကြီးအကဲ က ပြောပါတယ်။
ဒီနေ့ ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ဒုံးကျည်ပစ်ခတ်မှုတွေကို တောင်ကိုရီးယားနဲ့ အမေရိကန် ထောက်လှမ်းရေးတို့က လေ့လာသုံးသပ်နေပါတယ်။
မြောက်ကိုရီးယားနဲ့ နယ်စပ်မှာရှိတဲ့ ဂမ်ဝမ်းပြည်နယ် အရှေ့ဘက်ကမ်းတလျှောက်မှာ ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုမှာ တောင်ကိုရီးယား ရေတပ်အထူးတပ်ဖွဲ့ ပါဝင်ခဲ့ပြီးနောက်မှာ အခုလို ဒုံးကျည် ပစ်ခတ်မှုပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
အခုအစောပိုင်းတုန်းကလည်း အသံထက်မြန်တဲ့ ဒုံးကျည်တစင်းကို ဒုံးကျည်အလတ်စား စမ်းသပ်မှုနဲ့အတူ ပြုလုပ်ခဲ့တယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။
အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ကတော့ ဒီလို စမ်းသပ်မှုတွေကို ရှုတ်ချထားပါတယ်။