ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တောင်ကိုရီးယားရေကြီးမှု - ရေမြုပ်လိုဏ်ခေါင်းထဲကနေ ၉ လောင်းတွေ့
တောင်ကိုရီးယားနိုင်ငံမှာတော့ ရှာဖွေကယ်ဆယ်ရေးသမားတွေဟာ အိုဆုန်မြို့ အနီးနားက ရေမြုပ်သွားတဲ့ ကားသွားလိုဏ်ခေါင်းထဲက ကားတွေဆီကိုရောက်ဖို့ ခက်ခက်ခဲခဲကြိုးပမ်းနေချိန်မှာပဲ အလောင်း ၉ လောင်းကို ရှာတွေ့ထားပါတယ်။
ရက်နဲ့ချီရွာသွန်းခဲ့တဲ့မိုးကြောင့် အဲဒီမြေအောက် ကားသွားလိုဏ်ခေါင်းထဲ ရေပြည့်ခဲ့ပြီးတဲ့နောက် လိုဏ်ခေါင်းထဲက ကားတွေနဲ့ ခရီးသွားတွေ ကားတွေထဲမှာ ပိတ်မိခဲ့တာဖြစ်ပါတယ်။
တောင်ကိုရီးယားမီးသတ်ဌာနကတော့ လိုဏ်ခေါင်းထဲကရေတွေကို ဒီနေ့မှာ စက်နဲ့ အကုန်စုပ်ထုတ်နိုင်လိမ့်မယ်လို့ ပြောပါတယ်။
နိုင်ငံ့နေရာအတော်များများမှာဖြစ်ပွားတဲ့ ရေကြီးမှု၊ မြေပြိုမှုနဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေကြောင့် သေဆုံးသူ ၃၅ ဦးထက်မနည်း ရှိလာပြီဖြစ်ပါတယ်။
နောက်ထပ် လူ ၁၀ ဦးကျော်လည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
၆၈၅ မီတာရှည်တဲ့ အဲဒီဥမင်လိုဏ်ခေါင်းထဲမှာ လူဘယ်လောက်အထိ ပိတ်မိနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိသေးပေမဲ့ ယာဥ် ၁၅ စီးကတော့ ရေပေါ် တဝက်တပျက်ပေါ်နေပါတယ်။
ဘတ်စ်ကားတစ်စီးထဲကနေ အလောင်းအတော်များများကို ကယ်ဆယ်ရေးအဖွဲ့တွေက ဆယ်ယူထားသလို လူ ၉ ဦးကိုလည်း အသက်ရှင်လျက်ကယ်ထားနိုင်ပါတယ်။
နောက်ထပ်ထိခိုက်သေဆုံးသူတွေကတော့ အိမ်တွေကို တိုင်လုံးကျွတ်ထွက်တဲ့အထိ ဆွဲရိုက်သွားသလို မြေကြီးတွေနဲ့အတူပိသွားတဲ့ မြေပြိုမှုဖြစ်ခဲ့ရာ တောင်ထူထပ်တဲ့မြောက်ယောင်ချမ်းဒေသက ဖြစ်ပါတယ်။
စနေနေ့မှာတော့ တောင်ကိုရီးယားနိုင်ငံတဝန်း မိုးရွာသွန်းမှုဟာ မိုးရေချိန် ၁၂ လက်မ နီးပါးအထိရှိခဲ့တာပါ။
တောင်ကိုရီးယားနိုင်ငံရဲ့မိုးလေဝသဌာနရဲ့အပြောအရဆိုရင် တစ်နှစ်ပတ်လုံးမိုးရေချိန်ဟာ ၃၉ လက်မကျော်နဲ့ လက်မ ၇၀ ကျော်အထိပဲ ရှိတာကြောင့် စနေနေ့တစ်နေ့တည်း မိုးရွာသွန်းမှုဟာ တစ်နှစ်ပတ်လုံးမိုးရေချိန်ရဲ့ ရာခိုင်နှုန်းအတော်များများအထိ များပြားနေတာဖြစ်ပါတယ်။
ရေကြီးရေလွှမ်းတဲ့ဒေသတွေကို ကောင်းကင်ကနေ ရိုက်ကူးထားတဲ့ ရုပ်သံတွေမှာတော့ ရွှံ့ရေညိုညိုတွေဟာ အားကောင်းကောင်းနဲ့ စီးဆင်းနေပြီး အိမ်တွေရဲ့ခေါင်မိုးတွေကိုပဲ ရေတွေကြားမှာ မြင်နေရပါတယ်။
ထောင်နဲ့ချီတဲ့ဒေသခံတွေ ဘေးလွတ်ရောပြောင်းရွှေ့နေ ရသလို တောင်ကိုရီးယားဝန်ကြီးချုပ် ဟန်ဒတ်ဆူးကလည်း ရှာဖွေကယ်ဆယ်ရေးမှာ ပါဝင်ဖို့ စစ်တပ်ကို အကူအညီတောင်းထားပါတယ်။
တနင်္ဂနွေနေ့ မနက်ပိုင်းမှာတော့ မြောက်ယောင်ချမ်းဒေသက ဂိုဆမ်းဆည်ရေလျှံလာတာကြောင့် ဒေသခံ ၆၄၀၀ ခန့်ကို ဘေးလွတ်ရာပြောင်းရွှေ့ပေးထားရတယ်လို့လည်း သိရပါတယ်။
အဲဒီဆည်နားက မြေနိမ့်ပိုင်းကျေးရွာအချို့နဲ့ ဒီရွာတွေကို ဆက်သွယ်ထားတဲ့လမ်းမကြီးအများစုဟာ ရေအောက်မြုပ်ကုန်တာကြောင့် နေအိမ်ထဲပိတ်မိနေတဲ့ဒေသခံတွေလည်း ရှိနေပါတယ်။
သောကြာနေ့ နှောင်းပိုင်းတုန်းကတော့ မြောက်ယောင်ချမ်းဒေသမှာပဲ မြေပြိုမှုကြောင့် ရထားတစ်စီး လမ်းချော်မှုဖြစ်ခဲ့ပါတယ်။ ရထားဟာ အဲဒီအချိန်တုန်းက ခရီးသည်တွေကို တင်ဆောင်လာတာမဟုတ်လို့ အင်ဂျင်နီယာတစ်ယောက်ပဲ ဒဏ်ရာရခဲ့ပါတယ်။
နိုင်ငံပိုင်ရထားပို့ဆောင်ရေးလုပ်ငန်း ခိုရေးကတော့ ကျည်ဆန်ရထားတချို့နဲ့ ပုံမှန်ရထားတချို့ကို ပြေးဆွဲတာရပ်ထားသလို ကျန်တဲ့ကျည်ဆန်ရထားခရီးစဥ်တချို့လည်း ရာသီဥတုကြောင့် ပြေးဆွဲမှု ကမောက်ကမဖြစ်မယ်လို့ ဆိုပါတယ်။
ကိုရီးယားမိုးလေဝသဌာနကတော့ လာမယ့်သီတင်းပတ် ဗုဒ္ဓဟူးနေ့အထိ မိုးရွာသွန်းမှုရှိနေဦးမှာဖြစ်တယ်လို့ ခန့်မှန်းသလို ဒီမိုးလေဝသအခြေအနေဟာ စိုးရိမ်စရာအန္တရာယ်ရှိတယ်လို့ သတိပေးပါတယ်။
ပြီးခဲ့တဲ့ရက်တွေအတွင်း အိန္ဒိယ၊ တရုတ်နဲ့ ဂျပန်အပါအဝင် နိုင်ငံအတော်များများမှာ မိုးသည်ထန်စွာရွာသွန်းတာကြောင့် ရေကြီးတာနဲ့မြေပြိုတာတွေဖြစ်ထားပါတယ်။
ရေကြီးရတဲ့အကြောင်းရင်းအများကြီးရှိပေမဲ့ သိပ္ပံပညာရှင်တွေကတော့ ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်တာတဲ့ လေထုပူနွေးမှုဟာ မိုးသည်းထန်စွာရွာသွန်းမှုတွေကို ပိုပြီးဖြစ်ပေါ်လာစေတယ်လို့ ဆိုကြပါတယ်။
လေထုပိုနွေးလာလေလေ လေထုထဲအစိုးဓာတ်ကို ပိုထိန်းထားလေလေဖြစ်တာကြောင့် မိုးစက်မိုးပေါက်တွေပိုစုမိပြီး အချိန်တိုတိုအတွင်း၊ နေရာကွက်ကွက်လေးမှာတင် မိုးသည်းထန်စွာရွာသွန်းမှုဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။