ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စက်တင်ဘာ ၁၆ရက်နေ့ထိပ်တန်းသတင်းများ
ဒီပဲယင်းမှာလေကြောင်းက ပစ်ခတ်မှုအတွင်း သေဆုံးသူ ၃ ဦးထိရှိလာ၊ သေဆုံးသူတွေမှာအလယ်တန်းကျောင်းသားကလေးငယ်တွေဖြစ်တယ်လို့ ဒေသခံတွေပြော
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းက ကျေးရွာတွေဖြစ်တဲ့ မူးခံတွင်း၊ လက်ယက်ကုန်းနဲ့ ညောင်လှရွာဘက်ကို ဒီကနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲ ၁ နာရီလောက် စစ်ကောင်စီက ထောက်ပို့လေယာဥ်၂ စီးနဲ့ လေကြောင်းကနေ ပစ်ခတ်မှုတွေလုပ်ခဲ့တာကြောင့် အနီးအနားက ဒေသခံတွေ ဘေးလွတ်ရာပြေးနေရပြီး သေဆုံးသူတစ်ဦးရှိကြောင်းကနဦးသိရှိရတဲ့သတင်းက ဘီဘီစီက ဒီကနေ့ညနေပိုင်းမှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ အခုအခါ စက်တင်ဘာ ၁၆ ရက်ည ၇ နာရီဝန်းကျင်မှာ ထပ်မံသိရှိရတဲ့အချက်အလက်တွေအရ လက်ယက်ကုန်းရွာက CDM လုပ်ထားတဲ့ ဆရာ၊ ဆရာမတွေ ဦးစီးပြီးစာသင်ကြားတဲ့ ကျောင်းကို ကျောင်းမဆင်းသေးခင် ကျောင်းချိန်အတွင်းမှာပဲ လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ကျောင်းသားတွေနဲ့ ဆရာမတွေ အပါအ၀င် ရွာသားတွေ ဒဏ်ရာရရှိခဲ့ပြီး အလယ်တန်း တက်နေတဲ့ ကျောင်းသား ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ညပိုင်းအချိန် ကျေးရွာအတွင်း ရှင်းလင်းရေး၀င်တဲ့အချိန်မှာ သိရတယ်လို့ ပြောပါတယ်။ " ညနေပိုင်းမှာ လက်ယက်ကုန်းကို မီးရှို့တယ်။ အိမ်တွေ ပါသွားတယ်။ နောက်ပြီး ဒဏ်ရာရတာက ၂၀ ဦးထက်မနည်းရှိတယ်။ သူတို့ရွာထဲ၀င်ပြီး ကျောင်းက ဆရာ ဆရာမတွေကိုလည်း ဖမ်းသွားတယ်။ ဒေသခံတွေလည်း ဖမ်းသွားတယ်။ ၁၄ ဦးလောက်ပါသွားတယ်" လို့ ဒေသကာကွယ်ရေးတပ်တွေနဲ့နီးစပ်သူတွေက ဘီဘီစီကို ပြောပါတယ်။
ဒေသတွင်းထုတ်ပြန်ချက်အရတော့ အသက် ၁၁ လသားအရွယ်ကလေးငယ်တစ်ဦးအပါအ၀င် ကျောင်းသားကလေးငယ်၃ ဦး စုစုပေါင်း ၄ ဦး သေဆုံးတယ်လို့ ဖော်ပြတာတွေရှိနေပြီး ဘီဘီစီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။ အခုလို စစ်ကိုင်းတိုင်းထဲက အရပ်သားတွေသေဆုံးရတဲ့အထိ ဖြစ်နေတဲ့ လေကြောင်းပစ်ခတ်မှုတွေ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ပ့တ်သက်ပြီး စစ်ကောင်စီဘက်ကတော့ စက်တင်ဘာ ၁၆ ရက် ညပိုင်းအထိ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေ လေကြောင်းကနေပစ်ခတ်ခံရမှုအတွင်း တစ်ဦး သေဆုံး
ဒီပဲယင်းအရှေ့ခြမ်းက ရွာပေါင်း ၇ ရွာက ဒေသခံတွေ ဘေးလွတ်ရာထပ်မံထွက်ပြေးရပြန် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းက ကျေးရွာတွေဖြစ်တဲ့ မူးခံတွင်းနဲ့ ညောင်လှရွာဘက်ကို ဒီကနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲ ၁ နာရီလောက် စစ်ကောင်စီက ထောက်ပို့လေယာဥ်၂ စီးနဲ့ လေကြောင်းကနေ ပစ်ခတ်မှုတွေလုပ်ခဲ့တာကြောင့် အနီးအနားက ဒေသခံတွေ ဘေးလွတ်ရာပြေးနေရတယ်လို့ သိရပါတယ်။ လေကြောင်းကနေပစ်ခတ်မှုအပြီးမှာ မူးခံတွင်းနဲ့ ညောင်လှရွာအကြားမှာ စစ်ကောင်စီတပ် ဖွဲ့ဝင်တွေကို လေကြောင်းကနေ အင်အားတပ်ဖြန့်ချထားခဲ့ပြီး လက်ယက်ကုန်းကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
"စစ်ကြောင်းထိုးဖို့နဲ့ (တပ်) အင်အားချဖို့ပစ်တယ်လို့ပဲ ယူဆပါတယ်။ ထိခိုက်မှုကတော့ အခုထိမကြားရသေးဘူး။ ရွာသားတွေကတော့ ပြေးနေရပြီ’’ လို့ ဒီပဲယင်းဒေသခံက ဘီဘီစီကိုပြောပါတယ်။
ဒီပဲယင်းနယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက အခုလိုလေကြောင်းနဲ့ ပစ်ခတ်တာဟာ အခုတစ်ကြိမ်နဲ့ဆို ၁၀ ကြိမ်အထိရှိနေပြီလို့ လည်း သူကဆက်ပြောပါတယ်။ ဒီကနေ့ ပစ်ခတ်မှုကြောင့် ဒီပဲယင်းအရှေ့ခြမ်းကကျေးရွာတွေဖြစ်တဲ့ ညောင်ကြီးကုန်း၊ မဲအိုး၊ လက်ယက်ကုန်း၊ မူးခံတွင်း၊ ညောင်လှ၊ သစ်တုံကျေးရွာနဲ့ အနီးက ကျေးရွာဒေသခံတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
Updated: စက်တင်ဘာ ၁၆ ရက် ညနေ ၃ နာရီ ၄၅ မိနစ် ထပ်မံသိရှိရတဲ့သတင်းအရ
ညနေပိုင်းမှာတော့ ညောင်လှနဲ့ လက်ယက်ကုန်းရွာတွေကို လေယာဉ်နဲ့ပစ်ခတ်ခဲ့ရာမှာ လက်ယက်ကုန်းရွာက ဒေသခံတစ်ဦး လက်နက်ကြီးမှန် သေဆုံးခဲ့ပြီး လက်ယက်ကုန်းရွာထဲမှာဒေသခံတွေ အပါအ၀င် ကျောင်းတက်နေတဲ့ ကလေးတွေ ပိတ်မိနေကြပြီး ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
လက်ယက်ကုန်းရွာထဲမှာ စစ်ကောင်စီတပ်တွေ ရှိနေတာကြောင့် အခြေအနေအသေးစိတ်ကိုတော့ မသိရဘူးလို့ ဒေသကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။
အခုလို စစ်ကိုင်းတိုင်းထဲက အရပ်သားတွေသေဆုံးရတဲ့အထိ ဖြစ်ေနေတဲ့ လေကြောင်းပစ်ခတ်မှုတွေ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ပ့တ်သက်ပြီး စစ်ကောင်စီဘက်ကိုဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ေပမဲ့ အဆက်အသွယ်မရခဲ့ပါဘူး။
ပူတာအိုလုံရှာယန်ကျေးရွာမှာ ရာသီတုပ်ကွေး ဖြစ်ပွားမှုများနေပြီး ဆေးဝါးအကူအညီလိုအပ်၊ ကိုဗစ်ဟုတ်မဟုတ် မပြောနိုင်သေး
ပူတာအိုမြို့နယ်၊ လုံရှာယန်ကျေးရွာမှာ ရာသီတုပ်ကွေး ပုံစံ မျိုးတွေဖြစ်လို့ ဆေးဝါးကုသပေးမယ့်အကူအညီလိုအပ်တယ်လို့ လုံရှာယန် ဒေသခံတွေကဆိုပါတယ်။
လုံရှာယန်ကျေးရွာမှာ ကလေးတွေရာ လူကြီးတွေပါ နှားစေး ချောင်းဆိုး ဖျားနာ တာတွေရှိပေးမဲ့ ဆေးမြီးတိုတွေနဲ့သာ ကုသနေတယ်လို့ ဆိုပါတယ်။
ပူတာအိုမြို့ နယ် လုံရှာယန်ကျေးရွာဟာ ပူတာအို မြို့နဲ့ ၂၁ မိုင်ခန့် ဝေးတာကြောင့် ဖျားနာသူတွေ ဆေးကုသမှုခံယူဖို့ကလည်း ခက်ခဲနေတယ်လို့ဆိုပါတယ်။
ဒါ့အပြင် တခြားဒေသတွေထက် စက်သုံးဆီနဲ့လောင်စာဆီ စျေးနှုန်း ပိုပြီး ကြီးမြင့်လေ့ရှိိတဲ့ ပူတာအိုမှာ ဓာတ်ဆီ ကုန်ကျစရိတ်ကလည်း မတတ်နိုင်တာကြောင့် ဆေးဝါးကုသမှုလက်လှမ်းမမီတာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။
“ဖြစ်တာတော့ဖြစ်နေတယ်။ ဖျားနာတာပေါ့နော်။ ရာသီတုပ်ကွေးလို့ပြောရမှာပေါ့နော်။ အဲ့ဒါတော့ဖြစ်တယ်။ ဖြစ်သလို တိုင်းရင်းဆေးနဲ့ကုပြီးသက်သာတဲ့သူတွေလည်းရှိနေတယ်။ ဆေးရုံဆေးခန်းက ကျွန်တော်တို့က မြို့ပေါ်နဲ့ဝေးတယ်လေ။ ကျန်းမာရေးဆေးခန်းရှိတာတော့ရှိတာပေါ့။ ဒါမဲ့ လူတွေ(ဝန်ထမ်း) မရှိဘူး” ဘူးလို့ လုံရှာယန် ရပ်မိရပ်ဖ တစ်ဦးကပြောပါတယ်။ ဒါ့အပြင် တချို့ကတော့ ဖျားနာတွေအပြင် ဝမ်းသွားသူတွေလည်းရှိသလို အဆစ်အမြစ် ကိုက်ခဲတဲ့ ဝေဒနာတွေခံစားနေရတာ နှစ်ပတ်ဝန်ကျင်လောက်ရှိနေပြီးလို့ဆိုပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ပတ်သက်ပြီးစောင့်ရှောက်ပေးဖို့ အဖွဲ့အစည်း အကူအညီလည်း လိုအပ်တယ်လို့လုံရှာယန်ဒေသခံတွေကဆိုပါတယ်။
လက်ရှိမှာလည်းပြည်တွင်းမှာ ကိုဗစ်တစ်ကျော့ပြန်ကူးစက်မှုတွေ ဆက်တိုက်မြင့်တက်နေပြီးကူးစက်မှုအများစုဟာ ပြည်တွင်းကူးစက်သူတွေဖြစ်တယ်လို့ စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အခု လုံရှာယန်က ဖျားနာမှုတွေနဲ့ပတ်သက်လို့တော့ စစ်ကောင်စီရဲ့ ကိုဗစ်စာရင်းထုတ်ပြန်မှုထဲမှာ ပါဝင်လာခြင်းမရှိသေးသလို ကိုဗစ်ဟုတ်မဟုတ် အတိအကျ ထုတ်ပြန်ချက်မျိုးလည်းမတွေ့ရသေးပါဘူး။
ရန်ကုန်၊ ကမာရွတ်နဲ့ သာကေတမြို့နယ်တွေမှာ ပစ်ခတ်ပေါက်ကွဲမှုတွေဖြစ် ၊သာကေတမှာ စစ်ကောင်စီသတင်းပေးလို့ နာမည်ကြီးသူပစ်ခတ်ခံရပြီးသေဆုံး
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်နဲ့ သာကေတမြို့နယ်တွေမှာ ဒီကနေ့ စက်တင်ဘာ ၁၆ ရက်မနက်ပိုင်းက ပစ်ခတ်မှုနဲ့ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး ထိခိုက်သေဆုံးမှုတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီကနေ့ မနက်ပိုင်း ၁၀ နာရီလောက်မှာ ကမာရွတ်မြို့နယ်၊ နာနတ်တောစည်ပင်ဝင်းထဲမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး စစ်ကောင်စီက ကမာရွတ်မြို့နယ်ကနေ စမ်းချောင်းဗဟိုလမ်းအထိ တောက်လျှောက်ကားပိတ်စစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ အနီးအနားက ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
‘’စည်ပင်ရုံးထဲ ဗုံးပေါက်တာ။ ဟံသာဝတီအဝိုင်းနားက လမ်းစပိတ်လိုက်တော့ စမ်းချောင်းဂွစျေးနားအထိကားပိတ်သွားပြီး တစ်လမ်းမောင်းလမ်းက နှစ်လမ်းမောင်းတွေ ဖြစ်ကုန်တယ်’’ လို့ ပေါက်ကွဲမှုဖြစ်ပြီးနောက်အခြေအနေကို ကိုယ်တိုင်ကြုံရသူက ဘီဘီစီကိုပြောပါတယ်။
ပေါက်ကွဲမှုပြီးတဲ့နောက်မှာလည်း စမ်းချောင်းမြို့နယ်အတွင်းက ဘက်ထရီစက်ဘီးနဲ့ သွားလာသူတချို့ကို စစ်ကောင်စီတပ်တွေက ပိတ်ဆို့စစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဒီကနေ့ စက်တင်ဘာ ၁၆ ရက် မနက် ၁၁ နာရီဝန်းကျင်မှာပဲ သာကေတမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ မြို့မရဲစခန်းအနီးမှာရှိတဲ့ ဇောတရုံ အ.မ.က(၃) ကျောင်းအနီးမှာ စစ်ကောင်စီသတင်းပေးလို့ နာမည်ကြီးသူတစ်ဦး ပစ်ခတ်ခံရမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ သာကေတ အမှတ် (၂) ရဲစခန်းကို ဘီဘီစီကဆက်သွယ်မေးကြည့်ရာမှာတော့ ပစ်ခတ်မှုဖြစ်တာ မှန်ကန်ကြောင်းနဲ့ အသေးစိတ်ကိုတော့ သာကေတမြို့မရဲစခန်းအနီးမှာဖြစ်ပွားခဲ့တာကြောင့် မြို့မရဲစခန်းကိုသာ ဆက်သွယ်ဖို့ ပြောခဲ့ပါတယ်။
သာတေကမြို့မရဲစခန်းဆီကို ဘီဘီစီကဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိခဲ့ပါဘူး။ ဒီပစ်ခတ်မှုကြောင့် စစ်ကောင်စီသတင်းပေးလို့နာမည်ကြီးတဲ့ စစ်သားပေါ်တောလို့ ရပ်ကွက်က ခေါ်ဆိုကြသူသေဆုံးသွားတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
စစ်အာဏာသိမ်းပြီးကတည်း က ပစ်ခတ်မှုနဲ့ ပေါက်ကွဲမှုတွေ အရှိန်လျော့သွားတာမရှိတဲ့ ရန်ကုန်မြို့မှာတော့ စစ်ကောင်စီက လုံခြုံရေးကင်းလှည့်တာ၊ ဘန်ကာတွေအခိုင်အမာတည် ဆောက်တာတွေ နဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါဝင်တဲ့ လူငယ်တွေကို ဖမ်းဆီးတာတွေဆက်လုပ်နေပါတယ်။
တဖက်မှာလည်း ပြောက်ကျားသပိတ်တွေနဲ့ မြို့ပြပြောက်ကျားတွေရဲ့ စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေဆက်ရှိနေပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ကိုယ်စားပြုခွင့်ပေးဖို့ ကုလသမဂ္ဂကို ထောင်တွင်း နိုင်ငံရေးအကျဥ်းသားတွေ အိတ်ဖွင့်ပေးစာနဲ့ထုတ်ဖော်တောင်းဆို
အခု စက်တင်ဘာ ၁၃ ရက်စလို့ စတင်ကျင်းပနေတဲ့ ကုလသမဂ္ဂရဲ့ ၇၇ ကြိမ်မြောက် အထွေထွေညီလာခံမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ မြန်မာပြည်သူတွေရဲ့ကိုယ်စားပြု သံအမတ်ကြီးအဖြစ် လက်ခံအတည်ပြုပေးဖို့ အကျဥ်းထောင်တွင်းက နိုင်ငံရေးအကျဥ်းသားတွေက အိတ်ဖွင့်ပေးစာနဲ့ ထုတ်ဖော်တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားအကျဥ်းသူများမဟာမိတ်တပ်ပေါင်းစု (Myanmar Political Prisoners Alliance)-MPPA) က အခုလို အိတ်ဖွင့်ပေးစာနဲ့ အခုလို တောင်းဆို လာတာလည်းဖြစ်ပါတယ်။
ကုလအနေနဲ့လည်း လူသားချင်းစာနာသောအားဖြင့် စစ်ကောင်စီက စေလွှတ်တဲ့ ကိုယ်စားလှယ်နဲ့ အဆိုပြုအထောက်အထားတွေကို ငြင်းပယ်ပြီး မြန်မာပြည်သူ သန်း ၅၀ နဲ့ ဖမ်းဆီးခံ နိုင်ငံရေး အကျဥ်းသားတွေရဲ့ တောင်းဆိုချက်ကို လျစ်လျူမရှုဘဲ ဦးကျော်မိုးထွန်းကိုသာ မြန်မာကိုယ်စားလှယ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခွင့်ပြုမယ်လို့ မျှော်လင့် ကြောင်းကိုလည်း တောင်းဆိုချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေကို စာနာသောအားဖြင့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတဲ့အပေါ် No Fly Zone အဖြစ် တရားဝင်ကြေညာပေးဖို့ နဲ့ မြန်မာစစ်ဘေးရှောင်တွေအတွက် လုံခြုံရေးတပ်ဖွဲ့တွေ စေလွှတ်ပေးဖို့ စတဲ့အချက်တွေကိုလည်း နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူမဟာမိတ်တပ်ပေါင်းစုက ထုတ်ပြန်တောင်းဆိုလာကြပါတယ်။
အခုကျင်းပနေတဲ့ ကုလအထွေထွေညီလာခံရဲ့အရည်အချင်းစစ်ကော်မတီက အာဏာသိမ်း စစ်တပ်ကို ကိုယ်စားပြုခွင့် ပေးမှာလား၊ NUG ရဲ့ လျှောက်ထားမှုကို လက်ခံမှာလား ဆိုတာကို အထွေထွေ ညီလာခံကနေ ခန့်အပ်ဖွဲ့စည်းလိုက်တဲ့ အရည်အချင်းစစ် ကော်မတီက ဆုံးဖြတ်ပေးဖို့ ရှိနေပါတယ်။သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလညီလာခံမှာ ဆက်တက်ကိုယ်စားပြုခွင့်ရရေး နိုင်ငံတဝန်းက စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းတွေမှာလည်း ထည့်သွင်း ဆန္ဒပြတောင်းဆိုနေကြပါတယ်။
မိုးဗြဲဘုန်းကြီးကျောင်းပေါ် လက်နက်ကြီးကျလို့ စစ်ရှောင်ကလေးငယ်နှစ်ဦးအပါအဝင် လေးဦးသေဆုံး
ရှမ်း၊ ကယားနယ်စပ်မှာရှိတဲ့ မိုးဗြဲမြို့က မွေတော်ဘုရားဘုန်းကြီးကျောင်းပေါ်ကို ဒီကနေ့ စက်တင်ဘာ ၁၆ ရက်မနက်ပိုင်းက စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျတာကြောင့် ကလေးငယ် နှစ်ဦးအပါအဝင်လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
‘’ ဒီကနေ့မနက် ၆ နာရီလောက်က လက်နက်ကြီးတစ်လုံးကျလာတာ။ ကလေးငယ် နှစ်ဦးကတော့ နေရာမှာပဲဆုံးတယ်။ တချို့ဒဏ်ရာရတဲ့ သူတွေက အိမ်ကိုပြန်ပြေးရင်းလမ်းမှာ သွေးထွက်လွန်ပြီး ဆုံးတာတွေလည်းရှိတယ်။ နှစ်ဖက်တိုက်ပွဲက ရပ်သွားပြီ။ သူတို့ဘက်က လက်နက်ကြီးနဲ့ ဆက်ထုနေတာ’’ လို့ မိုးဗြဲဒေသခံကဘီဘီစီကိုပြောပါတယ်။
လက်ရှိမှာဆိုရင်လည်း လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာရသူ ၁၃ ဦးထက်မနည်းရှိနေတယ်လို့ သိရပါတယ်။ မိုးဗြဲမြို့မှာဆိုရင် ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့စပြီး စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေး တပ်တွေကြားတိုက်ပွဲတွေပြင်းထန်နေတာကြောင့် တစ်မြို့လုံးနီးပါးဟာ နီးစပ်ရာစစ်ရှောင်စခန်းတွေနဲ့ ဘုရားကျောင်း၊ ဘုန်းတော်ကြီးကျောင်းတွေမှာ စစ်ရှောင်နေထိုင်နေကြရတာလို့ စစ်ရှောင်နေရတဲ့ ဒေသခံတွေကပြောပါတယ်။
တိုက်ပွဲပြင်းထန်ခဲ့တဲ့ လေးရက်တာကာလအတွင်းမှာလည်း စစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သားကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး ဖခင်ဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်နီလူမှုအဖွဲ့အစည်းတွေနဲ့ ဒေသကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။
ကရင်နီလူမှုအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်အတွင်းမှာ အရပ်သားသေဆုံးမှု ၂၆၀ ကျော် ရှိပြီဖြစ်သလို နေအိမ်အဆောက်အဦပေါင်း ၈၂၉ ခု ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာလည်း တိုက်ပွဲတွေကြောင့် မိုးဗြဲမြို့မှာ စစ်ရှောင်အရေအတွက်ပိုတိုးလာပြီး စစ်ရှောင်တွေအတွက် အကူအညီတွေလိုအပ်နေတယ်လို့လည်း မိုးဗြဲစစ်ရှောင်ကော်မတီကထုတ်ပြန်ထားပါတယ်။
ရွေးကောက်ပွဲအတွက် စစ်ကောင်စီက ပြင်ဆင်မှုတွေစလုပ်လာ
လက်ရှိအခြေအနေတွေအရ ကာလတိုအတွင်း ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ သုံးသပ်မိ တာကြောင့် အချိန်ရွေ့ဆိုင်းဖို့ရှိလားဆိုတဲ့ ရုရှားသတင်းဌာနရဲ့ မေးမြန်းချက်ကို စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခြေအနေကြည့်ပြီးဆုံးဖြတ်မယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက သွားရောက်ခဲ့တဲ့ ရုရှားခရီးစဥ်အတွင်းမှာ ဖြေကြားခဲ့ပါတယ်။
ဒါပေမဲ့ တဖက်မှာလည်း စစ်ကောင်စီက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မဲစာရင်းစိစစ်တာ၊ မဲရုံနေရာတွေ သတ်မှတ်တာတွေအတွက် မနေ့ စက်တင်ဘာ ၁၅ ရက်နေ့က နေပြည်တော်မှာရှိတဲ့ ရွေးကောက်ပွဲကော်မရှင် ရုံးမှာပြင်ဆင်မှုတွေ ဆက်လုပ်နေပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲမှာတော့ နိုင်ငံသား၊ ဧည့်နိုင်ငံသားကတ်၊ အိမ်ထောင်စုဇယား ပုံစံ ၆၆/၆ ရှိမှာသာ မဲပေးနိုင်မယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ် PR ကို ပြောင်းလဲ ကျင့်သုံးမယ်လို့လည်း ရွေးကောက်ပွဲကော်မရှင်က ပြောကြားထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံတွင်း ခရိုင်ပေါင်း ၄၆ ခရိုင်ကို အသစ်တိုးချဲ့ဖွဲ့စည်း ခဲ့တာဟာ စစ်ကောင်စီပြင်နေတဲ့ ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုစနစ် - PR ကျင့်သုံးဖို့အတွက် မဲဆန္ဒနယ်တွေပြင်ဆင်ဖို့ အဓိကရည်ရွယ်တာလို့ နိုင်ငံရေးအကဲခတ်တွေက အစောပိုင်းကတည်းက ကြိုတင်သုံးသပ်ထားခဲ့ကြပါတယ်။
စစ်ကောင်စီကပြုလုပ်မယ့် PR စနစ် အချိုးကျစနစ်ရွေးကောက်ပွဲကိုတော့ နိုင်ငံရေးပါတီအချို့ကတာ့ လိုလားနှစ်သက်မှုမရှိကြသလို တချို့နိုင်ငံရေးပါတီတွေဆိုရင်လည်း အဲ့ဒီရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ ငြင်းဆိုထားကြပါတယ်။
လက်ရှိပြည်တွင်းမှာဆိုရင်လည်း အာဏာသိမ်းပြီး တနှစ်နဲ့ ရှစ်လကျော်ကြာတဲ့ အထိ စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ၊ မြို့ပြပြောက်ကျားတွေရဲ့ စစ်ကောင်စီအုပ်ချုပ်ရေး ပိုင်းတွေကို တိုက်ခိုက်မှုတွေနဲ့ နိုင်ငံတဝန်း နှစ်ဖက်တိုက်ပွဲတွေ ရပ်တန့်သွားတာမရှိသေးပါဘူး။