ဇန်နဝါရီ ၁၇ရက် ထိပ်တန်းရောက်သတင်းစုစည်းချက်။

ရေးသားခဲ့သည်။

ထိုင်းနိုင်ငံရေနံတင်သင်္ဘောပေါ်မီးလောင်မှုမှာ ထိခိုက်သူတွေထဲမြန်မာအများစုပါဝင်

ဒီကနေ့ ဇန်နဝါရီ ၁၇ရက်မနက်ပိုင်းမှာ ထိုင်းနိုင်ငံ၊ စမွတ်ဆွန်ခရမ်ပြည်နယ် (Samut Songkhram) မှာ ရေနံတင်သင်္ဘောတစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံး၊ လေးဦး ဒဏ်ရာရကာ ၇ဦး ပျောက်ဆုံးနေဆဲလို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။

ဒေသစံတော်ချိန် အင်္ဂါနေ့ မနက်ပိုင်းမှာ ဒီမီးလောင်မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူက ဘယ်သူ၊ ဘယ်နိုင်ငံသားဆိုတာ မသိရသေးပါဘူး။ အဲ့ဒီလို ထိခိုက်သူတွေထဲ အများစုဟာ မြန်မာနိုင်ငံက ဂ‌ဟေဆော်တဲ့အလုပ်လာရောက်လုပ်ကိုင်သူတွေဖြစ်တယ်လို့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးသက်သာရေး ခရိုင်ရုံးကနေ သိရတယ်လို့ ပြောပါတယ်။

သင်္ဘောမီးမလောင်ခင် ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေလည်းကြားခဲ့ရတယ်လို့ သိရပါတယ်။ ဘန်ကောက်မြို့တော် အနောက်တောင်ဘက်မှာရပ်နားထားတဲ့ ‌ရေနံတင်သင်္ဘော Smooth Sea 22 မှာမီးလောင်ပြီးနောက် မီးခိုးတွေထူထူထပ်ထပ်ထွက်ပေါ်လာတဲ့ ရုပ်သံဗီဒီယိုတွေလည်း လူမှုကွန်ရက်ပေါ်မှာ မျှဝေနေကြပြီး လှေငယ်တွေနဲ့ပါ မီးငြှိမ်းသတ်ဖို့ ရေဖြန်းနေတာကိုလည်း တွေ့ရပါတယ်။ အခုလိုပေါက်ကွဲရတဲ့ အကြောင်းအရင်းကို ထိုင်းအာဏာပိုင်တွေဘက်က စုံစမ်းနေဆဲဖြစ်သလို ပျောက်ဆုံးနေသူတွေနဲ့ပတ်သက်ပြီးလည်း ထပ်မံသတင်းထုတ်ပြန်လာတာမတွေ့ရသေးပါဘူး။

ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ်ရဲ့ သတင်းမှာတော့ ဆိပ်ကမ်းအလုပ်သမားတစ်ဦး သေဆုံးတယ်လို့ ဆိုပါတယ်။

အဲဒီသတင်းမှာပဲ ဂဟေဆော်နေချိန် မီးလောင်မှု ဖြစ်ခဲ့တာလို့ ဒေသအာဏာပိုင်တစ်ဦးက ပြောပြီး အဲဒီအချိန်မှာ သင်္ဘောပေါ်မှာ ၁၀ ဦးနဲ့ လူ ၃၀ လောက်က ဆိပ်ကမ်းဘက်ခြမ်းမှာ ရှိတယ်လို့လည်း ဆိုပါတယ်။

ဒဏ်ရာရသူတွေထဲမှာ ထိုင်းတစ်ဦးနဲ့ မြန်မာ လေးဦး ရှိတယ်လို့လည်း  ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။ ပျောက်ဆုံးနေသူ ခုနစ်ဦး ရှိပြီး ထိုင်းတစ်ဦးနဲ့ မြန်မာ ခြောက်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

မင်းကွန်းတိုက်နယ်၊ ထုံးဘိုကျေးရွာအုပ်စုကို စစ်ကောင်စီကစစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေပြော

ဒီကနေ့ ဇန်နဝါရီ ၁၇ရက်မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ်ထဲက ထုံးဘိုကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်ရောက်လာတာကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဘီဘီစီကိုဆက်သွယ်ပြောကြပါတယ်။

စစ်ကောင်စီလက်အောက်တာဝန်ထမ်းနေတဲ့ အုပ်ချုပ်ရေးပိုင်းက လူကြီးတစ်ဦး မင်းကွန်းစေတီတော်ကို လာရောက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာအပြီးမှာ စစ်ကောင်စီတပ်ဘက်က အခုလို စစ်ကြောင်းထိုးလာတာလို့လည်း ဒေသခံတွေက ဘီဘီစီကို ပြောထားပါတယ်။

"အိမ်ခြေ ၆၀၀ကျော်လောက်ရှိမယ့် ထုံးဘို၊ အုန်းသဇင်၊ မြေတိုင်း၊ ကသဲတာ ကျေးရွာ‌တွေက ပြည်သူထောင်ချီပြေးနေရတာဗျ။ မင်းကွန်းနယ်ကိုဧရာဝတီမြစ်ဘေးရွာတွေကို စစ်ကြောင်းထိုးတာပါ။ မနေ့ညက ကားတွေနဲ့လာချပြီး မနက်ရွာတွေဝင်စီးတာပဲ" လို့ မင်းကွန်းဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဒါ့အပြင် ရွာတွေက နေအိမ်တွေကို ရွေးပြီး မီးရှို့နေသလို ‌ရွာခံတချို့ဖမ်းဆီးထားရတယ်လို့ ပြောကြပြီး ဘီဘီစီဘက်ကတော့ သီးခြားထပ်မံအတည်ပြုနိုင်တာမရှိသေးပါဘူး။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရာထုတ်ပြန်လာတာလည်း မတွေ့ရသေးပါဘူး။

ဆားလင်းကြီး၊ ဆားထုံးရွာတိုက်ပွဲအတွင်း နှစ်ဖက်သေဆုံးမှုတွေရှိ

မနေ့ ဇန်နဝါရီ ၁၆ရက်တုန်းက စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး‌မြို့နယ်ရဲ့ အရှေ့ဘက်ခြမ်းက ကျေးရွာတွေထဲကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေအကြား တစ်နာရီနီးပါ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနဲ့ လေးကြိမ်တိတိပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဆားထုံးရွာတိုက်ပွဲအတွင်း ဆားလင်းကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က အသက် ၁၉နှစ်အရွယ်ရှိ အဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့သလို စစ်ကောင်စီဘက်ကလည်း အများအပြားထိခိုက်ဒဏ်ရာရတယ်လို့ ပြောပါတယ်။

"ဆားလင်းကြီး‌ကိုနှစ်ကျော့ပြန်စစ်ကြောင်းထိုးခဲ့တဲ့ အဖွဲ့နဲ့ တိုက်ပွဲဖြစ်ခဲ့တာပါ။ သူတို့က အယောက် ၄၀ပါတယ်၊ အမျိုးသမီးတွေလည်းပါတယ်ဗျ။ တိုက်ပွဲက ဆားထုံးရွာခေါင်းရင်းမှာဖြစ်တော့ သူတို့အထိနာချိန် Mi 35 တပ်ကူက ဟုမ္မလင်းဘက်က ရောက်လာတာပဲ" လို့ ဆားလင်းကြီးကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီတပ်တွေဟာ ဆားလင်ကြီးမြို့ဘက်ကို ပြန်ထွက်ခွာသွားပြီလို့ သိရပါတယ်။

ဆားလင်းကြီးအရှေ့ဘက်ခြမ်းက ကျေးရွာငါးရွာထပ်မနည်းက ဒေသခံရာချီကတော့ စစ်တိမ်းရှောင်နေကြရဆဲလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ အခုဆားထုံးရွာတိုက်ပွဲနဲ့ပတ်သက်လို့ ဒီကနေ့ဇန်နဝါရီ ၁၇ရက် နေ့လယ်ပိုင်းအချိန်အထိ တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။

အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မိမိတို့လေပိုင်နက်ကို စစ်ကောင်စီအတွက် အသုံးပြုခွင့်မပေးဖို့ NUG တောင်းဆို

ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေဘေးကင်းလုံခြုံရေးကို ရှေုးရှုပြီး မြန်မာ့အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မိမိတို့လေပိုင်နက်တွေကို အသုံးပြုခွင့် မပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ တောင်းဆိုကြောင်း ဒီကနေ့ ဇန်နဝါရီ ၁၇ရက်မှာပဲစာထုတ်ပြန်လာပါတယ်။

ဒီလို အိမ်နီးချင်းနိုင်ငံတွေရဲ့ လေပိုင်နက်တွေကိုသုံးပြီး မြန်မာပြည်သူတွေအပေါ် တိုက်ခိုက်မှုကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်တွေကို ခွင့်မပြုပေးဖို့ မေတ္တာရပ်ခံတယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ရက်၊ ၁၁ရက်တွေမှာ ချင်းအမျိုးသားတပ်ဦး CNF ရဲ့ ဗဟိုဌာနချုပ်ရှိရာ အိန္ဒိယ-မြန်မာနယ်စပ်က Camp Victoria ကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ချိန်အတွင်း အိန္ဒိယလေပိုင်နက်ကို ကျူးကျော်အသုံးပြုခဲ့တယ်လို့ CNF ဘက်ကပြောကြားချက်အရ NUG က သိရတယ်လို့ ဆိုပါတယ်။

ဒါဟာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်စတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ လေပိုင်နက်တွေကိုလည်း ကျူးကျော်အသုံးပြုခဲ့တဲ့တာတွေလည်းရှိခဲ့ တယ်လို့ NUG ကထောက်ပြပါတယ်။

အခုတောင်းဆိုမှုဟာလည်း အရပ်သားတွေနဲ့ အများပြည်သူပိုင် အဆောက်အအုံတွေကို တိုက်ခိုက်တာကနေ ဆန့်ကျင်ရှုတ်ချထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် - ၂၆၆၉ အရ ဖြစ်ပြီး ဒီလုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့၊ တားဆီးဟန့်တားဖို့ ဆိုတဲ့ အချက်တွေအရ ထောက်ပြတောင်းဆိုတာလို့ ထုတ်ပြန်ပါတယ်။

ရန်ကုန်၊ ကန်တော်ကြီးရေကန်ထဲ အမျိုးသားရုပ်အလောင်းတွေ့ရှိ

ဒီကနေ့ ဇန်နဝါရီ ၁၇ရက် မနက် ၇နာရီခွဲလောက်မှာ ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ဘက်ခြမ်းက ကန်တော်ကြီးရေကန်ထဲမှာ အသက် နှစ်ဆယ်ကျော်အရွယ်ရှိတဲ့ အမျိုးသားရုပ်အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိခဲ့ရသူတွေရဲ့ ပြောပြချက်အရသိရပါတယ်။

သေဆုံးရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးကို ပေးပို့ထားပြီး စစ်ဆေးမှုတွေဆက်လုပ်နေတယ် လို့ ဆိုပါတယ်။

"ရေကန်ထဲမှာ လူသေအလောင်းတွေ့တာက မကြာခဏဖြစ်နေတာ၊ အဲ့ဘက်ခြမ်းကို တစ်ယောက်ထဲသွားဖို့ မသင့်တော်ဘူး" လို့ မျက်မြင်မင်္ဂလာတောင်ညွန့်ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

လွန်ခဲ့တဲ့ တစ်လခွဲကျော်ကလည်း ကန်တော်ကြီးပန်းခြံထဲက၊ ငါးပြတိုက်အနီး ရေကန်ထဲမှာ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ရသေးသလို ပန်းခြံလည်ပတ်သူတွေလည်း မကြာခဏ ငွေကြေးပစ္စည်းတွေလုယက်ခံရလေ့ရှိနေတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

ဝ နဲ့ ကိုးကန့် ဒေသတွေမှာ နိုင်ငံသားစိစစ်ရေးကတ်ပြား ၁သောင်းကျော်ထုတ်ပေး

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ရက်နဲ့ ၁၆ရက်အတွင်း ဝ အထူးဒေသက မိုင်းမော၊ နမ့်တစ် မြို့တွေအပါအဝင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့က နိုင်ငံသားတွေအတွက် စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကနေ နိုင်ငံသားစိစစ်ရေးကတ်ပြား ၁ သောင်းကျော် ဆက်တိုက်ထုတ်ပေးခဲ့တာကို တွေ့ရပါတယ်။

မိုင်းမောမြို့မှာ ၁၅၈၈ခု၊ နမ့်တစ်မြို့မှာ ၇၇၁၅ ခုနဲ့ လောက်ကိုင်မှာ အခု ၂၀၀၀ ထုတ်ပေးတာပါ။ ဒါ့အပြင် အိမ်ထောင်စုလူဦးရေစာရင်းတွေလည်း သုံးမြို့နယ်ပေါင်း ၄၁၁၆ စောင်ထုတ်ပေးခဲ့ပြီး နမ့်တစ်မြို့မှာ အများဆုံးဖြစ်ပါတယ်။

အခုအခါ နိုင်ငံတဝန်းရာနှုန်းပြည့်နီးပါး နိုင်ငံသားစိစစ်ရေးကတ်နဲ့ အိမ်ထောင်စုစာရင်းတွေ ထုတ်ပေးနေပြီဖြစ်ပြီး ကျန်နေသေးတဲ့ ရှမ်းပြည်နယ်ထဲက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသတွေမှာ ဆက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒါဟာ စစ်ကောင်စီရဲ့ လမ်းညွှန်ချက်နဲ့ လာမယ့်ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိတဲ့ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်နိုင်အောင် အသက် ၁၆နှစ်ပြည့်သူတိုင်းကို ဆောင်ရွက်ပေးနေတာလို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ကတ်ပြားပေးအပ်ပွဲတွေမှာ ထည့်သွင်းပြောထားပါတယ်။

အခုလို နိုင်ငံသားစိစစ်ရေးကတ်ပြား အလွယ်တကူရရှိတာကို တန်ဖိုးထားကြဖို့နဲ့ နိုင်ငံသားအခွင့်အရေးရရှိသလို နိုင်ငံတော်အပေါ် သစ္စာစောင့်သိဖို့လိုပြီး နိုင်ငံသားတာဝန်ကို ကျေပွန်အောင်ထမ်းရမယ်လို့လည်း ဆိုပါတယ်။

နိုင်ငံ့စီးပွားရေးအတိုင်းအတာတခုအထိ တိုးတက်လာပြီလို့ စစ်ခေါင်းဆောင်ပြော

စစ်ကောင်စီအနေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်တွင်းထုတ်ကုန်တွေရော နိုင်ငံရဲ့ အဓိကစီးပွားရေးလုပ်ငန်းဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို အခြေခံတဲ့ ကုန်ထုတ်လုပ်ငန်းတွေနဲ့ အသေးစား၊ အလတ်စားနဲ့ အငယ်စား (MSME) လုပ်ငန်းတွေကိုပါ အားပေးခဲ့တာကြောင့် အတိုင်းအတာတခုအထိ စီးပွားရေးတိုးတက်လာပြီလို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

အာဏာမသိမ်းခင်ကတည်းက နိုင်ငံစီးပွားရေးကျဆင်းနေတာဖြစ်ပြီး ကိုဗစ်ကပ်ရောဂါကြောင့်ပါ ကမ္ဘာ့နိုင်ငံတွေရော မြန်မာမှာပါ စီးပွားရေးကျဆင်းနေခဲ့တာလို့ သူက ဆက်ပြောပါတယ်။

ဒါကြောင့် စစ်ကောင်စီအနေနဲ့ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုး‌တက်ဖို့အတွက် အခက်အခဲအကျပ်အတည်းတွေကြားက နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့ရတယ်လို့ မနေ့ ဇန်နဝါရီ ၁၆ရက်နေ့လယ်ပိုင်းမှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လဟယ်မြို့က နယ်မြေခံတပ်၊ ဟုမ္မလင်းမြို့က တပ်မိသားစုတွေနဲ့ တွေ့ဆုံချိန် အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

တဖက်မှာတော့ အာဏာသိမ်း နှစ်နှစ်နီးပါးကာလအတွင်း အခြေခံစားသောက်ကုန်တွေသာမက စက်သုံးဆီ၊ ရွှေစျေး၊ ဒေါ်လာစျေးတွေပါ စံချိန်တင် စျေးမြင့်တက်လာခဲ့သလို အလုပ်အကိုင်ရှားပါးမှုဒဏ်ကိုပါ ပြည်သူတွေရင်ဆိုင်နေရတာဖြစ်ပါတယ်။

သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် တို့ မူလထိန်းသိမ်းခံနေရာတွေမှာဆက်ရှိနေ

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ သူတို့ရဲ့ မူလနေရာတွေမှာ ဆက်လက်ထိန်းသိမ်းခံထားရဆဲလို့ နီးစပ်သူတချို့က ဘီဘီစီကို အတည်ပြုပါတယ်။ နှစ်ဦးစလုံးရဲ့ ကျန်းမာရေး ကောင်းမွန်တယ်လို့သိရပါတယ်။

မနေ့ ဇန်နဝါရီ ၁၆ရက်က သမ္မတဦးဝင်းမြင့်အတွက် လိုအပ်တဲ့ အစားအသောက်နဲ့ ရိက္ခာကို နေပြည်တော်မြို့မရဲစခန်း ကိုသာ ပေးပို့ခဲ့ရပြီး တခြားအကြောင်းကြားပြောဆိုမှုဘာမှမရှိတာကို သိရတယ်လို့ နီးစပ်သူတချို့သိရတာကို ပြောပြပါတယ်။

မနေ့ က လူမှုကွန်ရက်မှာ သမ္မတဦးဝင်းမြင့်ကို ‌နေပြည်တော်တွင်းလက်ရှိထိန်းသိမ်းထားတဲ့နေရာကနေ တောင်ငူထောင်ကိုပြောင်းရွှေ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့တဲ့အပေါ် နီးစပ်သူတွေက ‌အခုလိုပြောလာတာပါ။

''ပြန်ကြားရတာတော့ မနေ့ကအထိ ရိက္ခာကို နေပြည်တော်ကပို့နေကျ နေရာကိုပို့ခဲ့တယ်လို့သိရတယ် ။ သဘော ကတော့ ဒါအရင်နေရာမှာပဲရှိနေသေးလို့ နေရာမပြောင်းသေးတဲ့ သ‌ဘော လို့ပြောလို့ရမယ်။ ဒါပေမဲ့ မနေ့ကအထိပေါ့နော်။ သူတို့ကလည်း ရိက္ခာပေးတာကိုလက်ခံထားတယ်လို့သိရတယ်'' လို့ နီးစပ်သူတစ်ဦးက သူသိရတာကိုပြောပြပါတယ်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မနေ့က အစားအသောက်နဲ့ ရိက္ခာပို့ပေးခဲ့ရပြီး နေပြည်တော်အချုပ်ထောင်ကိုသာပို့ခဲ့ရတဲ့ အခြေအနေဖြစ်လို့ အဲဒီအချုပ်ထောင်မှာပဲဆက်ရှိနေတယ်လို့နားလည်ရကြောင်း နီးစပ်သူက ဆိုပါတယ်။

'' နှစ်ဦးလုံးကို အရင်ကတော့ ထောင်မှာပေးရင်ပေး မပေးရရင် သမ္မတအတွက်ကတော့ သူတို့ သတ်မှတ်တဲ့နေပြည်တော်ထဲကရဲစခန်းတစ်ခုပေါ့၊ အဲဒီကိုပေးရတယ်၊ အမိန့်တွေချပြီးကတည်းက သမ္မတကိုလည်းထောင်မှာမပေးရတော့ဘူး ရဲစခန်းမှာပဲပေးရတယ်ကြားတယ်၊ အရင်က ရုံးချိန်းကထောင်ထဲမှာ ဆိုတော့အဲဒီမှာလက်ခံတဲ့သဘောပေါ့။ အခုတော့ ရုံးချိန်းမရှိတော့ ရဲစခန်းမှာလက်ခံတာ'' လို့ ရိက္ခာပေးပို့ရတဲ့ အခြေအနေကို ပြန်သိရှိသူတစ်ဦးက ရှင်းပြပါတယ်။

သမ္မတ ဦးဝင်းမြင့် ဟာ အမှု ၈ မှုနဲ့ စုစုပေါင်း ထောင် ၁၂ နှစ်အထိချမှတ်ခံထားရပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ အမှုပေါင်း ၁၉ မှုနဲ့ ထောင် စုစုပေါင်း ၃၃ နှစ်ချမှတ်ခံထားရတာပါ။

သူတို့ အမှုအားလုံးကို ပြင်ဆင်မိန့်တွေနဲ့ အယူခံတွေတက်ထားပြီး အမှု တချို့က ပယ်ချခံထားရသလို ဆက်လက်အယူခံကြားနာရမယ့် အမှုတွေလည်း ကျန်ရှိနေပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက် စခန်းတွေက ရိုဟင်ဂျာတွေ ခြိမ်းခြောက်သတ်ဖြတ်ခံရမှုတွေရှိနေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်အတွင်းက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာအရေး၊ လူ့အခွင့်အရေးဆောင် ရွက်သူ Rohingya Society for Peace and Human Right(ARSPH) အဖွဲ့ဝင်တွေအပေါ် ခြိမ်းခြောက်တာ၊ ပစ်မှတ်ထားသတ်ဖြတ်တာတွေ ရှိလာတယ်လို့ ကိုယ်တိုင် သတိပေးခံရသူတွေက ပြောလာ ပါတယ်။ 

သူတို့အပြောအရ အာဆာလို့လူသိများတဲ့ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် အဖွဲ့ဝင်တွေ ဘက်က ပြန်လုပ်လာတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ရက်နေ့က လည်း စခန်းအမှတ် ၈ နဲ့ စခန်းအမှတ် ၁၅ တို့က ရိုဟင်ဂျာခေါင်းဆောင်သူတွေ လည်းဖြစ်တဲ့ ARSPH အဖွဲ့ဝင် ၂ဦးသတ်ဖြတ်ခံခဲ့ရတယ်လို့ အဲဒီအဖွဲ့ကပြောပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၂၃ခုနှစ် ဇန်နဝါရီလအတွင်းမှာကို ဒေသခံရိုဟင်ဂျာ ၂၀နီးပါး သတ်ဖြတ်ခံခဲ့ ရတယ်လို့ ဆိုပါတယ်။သတ်ဖြတ်ခံရသူတွေထဲ အမျိုးသမီးတွေလည်းပါဝင်ပြီး အားလုံးက ARSPH အဖွဲ့ဝင် တွေဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကိုရွှေ့ပြောင်းနေထိုင်နေရချိန် ဒီလို အခြေအနေကြုံနေရတာကို ခြိမ်းခြောက်ခံရသူတစ်ဦးက “မြန်မာပြည်မှာလည်း ကျွန်တော်တို့အတွက်နေစရာမရှိဘူး အဲဒါမို့လို့ ဒီဘက်ကို ထွက်ပြေးလာရတယ်။ ဒီဘက်မှာလည်းသတ်ဖြတ်ခံရဖို့ခြိမ်းခြောက်ခံနေရတော့ ကျွန်တ်ောတို့စိတ်မကောင်းဖြစ်နေရတယ်” လို့ပြောပြပါတယ်။

ခြိမ်းခြောက်ရတဲ့ အကြောင်းအရင်းတွေထဲ  သတင်းမီဒီယာတွေမှာ စခန်းတွေက အခြေအနေကို မပြောဆိုဖို့၊ ARSPH မှာမပါဝင်ဖို့၊ အခွင့်အရေးတောင်းဆိုတာတွေ မလုပ်ဖို့နဲ့ အာဆာနဲ့ ပူးပေါင်းဖို့ ဆိုပြီး လူကိုယ်တိုင်လာ ရောက်ခြိမ်းခြောက်တဲ့အထိ အခု ၃လအတွင်း ဆက်တိုက်ပြုလုပ်နေတာ လို့ ခြိမ်းခြောက်ခံရသူတွေက ဘီဘီစီကို ပြောပြကြပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း၊ တောင်ပြိုလက်ဝဲအပိုင် ဘင်္ဂလားဒေ့ရှ် - မြန်မာနယ်စပ်မိုင်တိုင် ၃၅ အနီးက စစ်ဘေး ရှောင် စခန်းတွေထဲမှာ အာဆာအဖွဲ့ဝင်တွေက ခြေကုတ်ယူပြီး နှစ်နိုင်ငံအတွင်းကရိုဟင်ဂျာ စခန်းတွေကို ဝင်ရောက်လှုပ်ရှားနေကြတာလို့ ရိုဟင်ဂျာ ဒေသခံတွေက ပြောပြကြပါတယ်။

၂၀၁၈ခုနှစ်နောက်ပိုင်းကစလို့ အခုလိုသတ်ဖြတ်မှုတွေကြောင့် ရိုဟင်ဂျာ ၅၀၀ လောက်သေဆုံးခဲ့ပြီလို့ NUG အစိုးရလူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၏ အကြံပေး ဖြစ်သူဦးအောင်ကျော်မိုးက သူရရှိထားတဲ့ အချက် အလက်တွေကို ကိုးကားပြောပြပါတယ်။

သတ်ဖြတ်ခံရပြီး တရားမျှတမှုမရရှိကြတဲ့ အတွက် အခုလိုအခြေအနေမျိုးတွေကို အကောင်းဆုံးလုပ်ဆောင် ဖြေရှင်းပေးဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ နိုင်ငံတကာလုပ်ဆောင်ပေးသင့်တယ်လို့ သူကပြောပါတယ်။

မြန်မာဘက်ကနေ ဘင်္ဂလားဒေံရှ်ဘက်ကို ရောက်ရှိတဲ့ ၂၀၁၇ခုနှစ် နောက်ပိုင်းမှာ ARSPH အဖွဲ့ကို ဦးမူဟိ ဘူလာ အပါအဝင် အဖွဲ့ဝင် ၅၁ ဦးနဲ့ ဖွဲ့စည်းခဲ့တာပါ။

ဦးမူဟိဘူလာကို ၂၀၂၁ခုနှစ် နှောင်းပိုင်းမှာဘဲ ARSA အဖွဲ့ဝင်တွေက လုပ်ကြံသတ်ဖြတ်ခဲ့တာလည်းဖြစ်ပါ တယ်။ အဲဒီလုပ်ကြံသတ်ဖြတ်မှုအပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက စခန်းတွေအတွင်း စီးနင်းပြီးနောက် အာဆာ အဖွဲ့ဝင်တွေကို ဖမ်းဆီးခဲ့ပါတယ်။ ဦးမူဟိဘူလာအပါအဝင် ရိုဟင်ဂျာတွေကို သတ်ဖြတ်မှုနဲ့ အာဆာခေါင်း ဆောင်အချို့အပါအဝင် ၂၉ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးအရေးယူထားပါတယ်။

ကော့ဘဇားခရိုင်ထဲက အူကီးယား မြို့နယ် နဲ့ တက္ကနာဖ့် မြို့နယ်စတဲ့မြို့နယ် ၂ခုအတွင်း ဒုက္ခသည်စခန်းပေါင်း ၃၄ ခုမှာ ရိုဟင်ဂျာ ၉သိန်းကျော် နေထိုင်နေကြတာပါ။