အေအေသိမ်းလိုက်တဲ့ စခန်းက မြန်မာစစ်သား ၁၅၀ ကျော် အိန္ဒိယထဲ ဝင်ပြေး - ဒီဇင်ဘာ ၃၁ ထိပ်တန်း နိုင်ငံတကာသတင်း

ရေးသားခဲ့သည်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ် မီဇိုရမ်ထဲကို မြန်မာစစ်သား ၁၅၁ ယောက် ဝင်လာခဲ့ကြတယ်လို့ အိန္ဒိယ စစ်တပ်က ပြောပါတယ်။

သူတို့ဟာ မြန်မာဘက်ခြမ်း လူမျိုးစု လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှု ခံခဲ့ရပြီးတဲ့နောက် အခုလို အိန္ဒိယထဲ ဝင်ပြေးလာကြတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဲဒီသူတွေဟာ ရခိုင်တပ် AA က တိုက်ခိုက် စီးနင်း သိမ်းပိုက်လိုက်တဲ့ တပ်စခန်းတစ်ခုကနေ လက်နက်တွေနဲ့တကွ ပြေးလာကြတာ ဖြစ်တယ် ဆိုပြီး အိန္ဒိယ အာဏာပိုင်တစ်ဦးက ပြောပါတယ်။

အိန္ဒိယနဲ့ ကပ်ရက် မြန်မာဘက်ခြမ်းက ရခိုင်နဲ့ချင်း ပြည်နယ်တွေမှာ သက်ဆိုင်ရာ လူမျိုးစု တော်လှန်ရေး အဖွဲ့တွေနဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန် နေပါတယ်။

နိုဝင်ဘာလတုန်းကလည်း အိန္ဒိယထဲ မြန်မာစစ်တပ်က စစ်သား ၁၀၄ ယောက် အခုလိုပဲ ဝင်ပြေးလာခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီသူတွေဟာ နောက်ပိုင်းမှာတော့ မြန်မာဘက်ကို ပြန်ရောက်သွားကြပြီလို့ နားလည်ရပါတယ်။

ယူကရိန်းနေရာ အနှံ့ ရုရှားက ဒရုန်းတိုက်ခိုက်မှုတွေ တစ်ညလုံး ပြုလုပ်

ရုရှားဟာ ယူကရိန်းကို ဒရုန်းတိုက်ခိုက်မှုတွေ မနေ့ စနေညက တစ်ညလုံး ပြုလုပ်နေခဲ့ပါတယ်။ ရုရှားရဲ့ ဒရုန်း ၄၉ စင်းထဲက ၂၁ စင်းကို ဖျက်စီး နိုင်ခဲ့တယ်လို့ ကိယက်ဗ်မြို့တော်မှာ ရှိတဲ့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ရုရှားဟာ ယူကရိန်းရဲ့ နေရာ ဒေသ အနှံ့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ခါးကစ်ဗ်၊ ခါဆွန်၊ မီကိုလိုင်ဗ်နဲ့ ဇာပိုရေးရှား ဒေသတွေပါဝင်ပါတယ်။ ခါးကစ်ဗ်မှာ ဆိုရင် လူနေအဆောက်အအုံတွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှု နေရာ ထိုင်ခင်းတွေ ထိမှန်ခဲ့ပြီး၊ ထိခိုက် ဒဏ်ရာရသွားသူ အနည်းဆုံး ၂၈ ယောက် ရှိကြောင်း အတည်ပြုထား နိုင်ပါတယ်။ ရုရှားအစိုးရကတော့ သူတို့ဟာ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းကလည်း ရုရှားဟာ အခုနောက်ပိုင်းကာလတွေ အတွင်း အပြင်းထန်ဆုံး၊ အများပြားဆုံး အတိုင်းအတာ ပမာဏနဲ့ မစ်ဆိုင်းဒုံးတွေ၊ ဒရုန်းယာဉ်ပျံတွေ အစုလိုက် အပုံလိုက် သုံးပြီး ယူကရိန်းကို တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား အယောက် ၄၀ နီးပါး သေဆုံးခဲ့ရပါတယ်။ ယူကရိန်းရဲ့ လုံခြုံရေး ကဏ္ဍ သုတေသီ မာရီယာ အက်ဗ်ဒီဗာက အခုလို ဆိုပါတယ်။

“ယူကရိန်း နေ့စဥ် ကြုံတွေ့နေရတဲ့ အခြေအနေ အစစ်အမှန် ဟာ အခုအတိုင်းပဲ ဖြစ်ပါတယ်။ လူတွေဟာ နေ့စဉ်နဲ့ အမျှ ရုရှားက တိုက်ခိုက်လာတော့မလား … ဘယ်နေရာကို တိုက်ခိုက်မှာလဲ … ဆိုတဲ့ စိတ်နဲ့ နေထိုင် နေကြရတာ ဖြစ်ပါတယ်။ ဒါတွေကို ကာကွယ်နိုင်ဖို့ ဟန့်တားနိုင်ဖို့ ယူကရိန်းက လေကြောင်းရန်ကာစနစ်တွေ၊ လက်နက်တွေ ပေးကြပါ ဆိုပြီး တောင်းဆို နေတာ ဖြစ်ပါတယ်။ အရပ်သားတွေရဲ့ အသက်ကို ကာကွယ်ဖို့ပါ။ ရုရှားရဲ့ ပစ်မှတ်ထားမှု အဓိက ခံနေရတာ ထိခိုက်ခံစား နေကြရတာဟာ အရပ်သားတွေပဲ ဖြစ်ပါတယ်” ဆိုပြီး ပြောပါတယ်။

ယူအက်စ်အက်စ် အိုင်ဆင်ဟောင်းဝါးပေါ်က ရဟတ်ယာဉ်တွေက ဟူသီ စက်လှေတွေကို တိုက်ခိုက် နှစ်မြှုပ်

ပင်လယ်နီထဲမှာ နေရာချထားတဲ့ အမေရိကန် ရေတပ်ဟာ ယီမင် ဟူသီသူပုန်တွေရဲ့ ရေယာဉ် ၃ စင်းကို နှစ်မြုပ် ပစ်လိုက်တယ်လို့ အမေရိကန် ဘက်က ကြေညာပါတယ်။

ပင်လယ်နီထဲက အရေးကြီးတဲ့ သင်္ဘောကုန်သွယ်လမ်းကြောင်းပေါ် ခုတ်မောင်းနေတဲ့ ဒိန်းမတ် ကုန်တင်သင်္ဘောလိုင်း မာ့စ်ခ်ရဲ့ ကွန်တိန်နာ သင်္ဘောတစ်စင်း ကို ၂၄ နာရီ အတွင်း ဟူသီတွေက ဒုတိယ အကြိမ် တိုက်ခိုက်လာခဲ့တဲ့နောက် အခုလို အမေရိကန် ရေတပ်ရဲ့ ရဟတ်ယာဉ်တွေက ကြားဝင် ဟန့်တား တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီ့မတိုင်ခင်တုန်းကလည်း အဲဒီ မာ့စ် ကွန်တိန်နာ သင်္ဘောကို ဟူသီတွေက ထိပ်ဖူးတပ် ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် အမေရိကန် ဖျက် သင်္ဘောက ဒုံးတွေကို ဖျက်ချ ခဲ့ရပါတယ်။

ပင်လယ်နီ ရေကြောင်း ကုန်သွယ် လမ်းကြောင်းတွေကို စောင့်ရှောက်ဖို့ ဆိုပြီး အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေဟာ သူတို့ရဲ့ စစ်သင်္ဘောတွေကို ပင်လယ်နီထဲ နေရာချ ကင်းလှည့်နေတာ သီတင်းပတ် နှစ်ပတ် ရှိနေပြီ ဖြစ်ပါတယ်။

အခု ဖြစ်ရပ် အပြင်၊ နောက် သင်္ဘောတစ်စင်းကိုလည်း စက်လှေငယ် ၃ စင်းက ဝိုင်းတိုက်တာမျိုး ပေါ်ပေါက်ခဲ့တယ်လို့ ဗြိတိန် ရေတပ်ကလည်း ဆိုပါတယ်။ အပြန်အလှန် ပစ်ခတ်တာတွေ ပေါ်ပေါက်ခဲ့ပြီး နိုင်ငံတကာ ကင်းလှည့် ရေယာဉ်တွေက ရောက်လာတဲ့ အခါ တိုက်ခိုက်လာတဲ့ စက်လှေတွေ ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။

ဂါဇာအပေါ် ကျူးလွန်နေတဲ့ အစ္စရေးနဲ့ အဆက်အစပ်ရှိတဲ့ သင်္ဘောတွေကို ပင်လယ်နီထဲ တိုက်ခိုက်သွားမယ် ဆိုပြီး ယီမင်ဟူသီတွေက ကြေညာထားပါတယ်။

ပြုပြင်ရေး အစီအစဉ်ကို လွှတ်တော်ငြင်းပယ်ရင် လူမှုဒုက္ခကပ်ဘေး ရှောင်နိုင်မှာ မဟုတ်ဘူးလို့ အာဂျင်တီးနား သမ္မတ သတိပေး

အာဂျင်တီးနားနိုင်ငံမှာ သမ္မတ ဟာဗီးယား မီလေးက သူ အခု သီတင်းပတ် အစောပိုင်း တုန်းက ကြေညာထားတဲ့ ကဏ္ဍစုံ ဘက်ပေါင်းစုံ အခြေခံကစလို့ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အစီအစဥ်ကို ကွန်ဂရက်စ် လွှတ်တော်က သဘောမတူ၊ ခွင့်မပြုဘူး ဆိုရင် နိုင်ငံတွင်း မတည်ငြိမ်မှုတွေ၊ ချွတ်ခြုံကျ ပျက်စီးရမှုတွေ ကြီးမားတဲ့ အတိုင်းအတာနဲ့ ပေါ်ပေါက်လာမှာကို ဘယ်လိုမှ ရှောင်လွှဲနိုင်မှာ မဟုတ်ဘူး ဆိုပြီး ပြောပါတယ်။

အာဂျင်တီးလက်ရှိ ကြုံတွေ့နေရတဲ့ စီးပွားရေး အကျပ်အတည်းဟာ နိုင်ငံရဲ့ သမိုင်း တလျှောက် အဆိုးရွားဆုံး ဖြစ်တယ် ဆိုပြီးတော့လည်း သမ္မတ မီလေးက ရုပ်မြင်သံကြားပေါ်ကနေ ပြောတဲ့ မိန့်ခွန်းထဲ ထည့်ပြီး ပြောပါတယ်။

“ပြီးခဲ့တဲ့ အစိုးရအဆက်ဆက် တာဝန်မဲ့ ပြုလုပ်ခဲ့တဲ့ ဆုံးဖြတ်တွေကြောင့် လာမယ့်နှစ်သစ်မှာ ကျွန်တော်တို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အမှားတွေ ကျူးလွန်ခဲ့တဲ့ အုပ်စုနွယ်ဝင်တွေကပဲ အပြောင်းအလဲကို လက်မခံချင်ကြပဲ ပိတ်ဆို့ နေကြဦးမယ် ဆိုရင် တိုင်းပြည်ရဲ့ ကပ်ဆိုးကြီးတွေကို ဘယ်လိုမှ ရှောင်နိုင်မှာ မဟုတ်ဘူး” ဆိုပြီး သမ္မတ မီလေးက ပြောသွားပါတယ်။

သမ္မတ ဟားဗီးယား မီလေး ရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ထဲ အပိုဒ်ရေ ၆၆၄ ပိုဒ် ပါဝင်ပြီး၊ နိုင်ငံပိုင် လုပ်ငန်းတချို့ကို ပုဂ္ဂလိကပိုင် လွှဲပေးဖို့ကအစ အခွန်စနစ်နဲ့ ရွေးကော်ပွဲ စနစ် အခြေခံက စပြီး ပြောင်းလဲတာတွေ လုပ်ဖို့ အထိ ကဏ္ဍစုံ ပြုပြင်ရေးတွေ အချက်တွေ ပါဝင်ပါတယ်။

တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံ ပြန်လည် ပေါင်းစည်းရေး မူကို ကင်မ်ဂျုံအွန်း ပယ်ဖျက်

တောင်-မြောက်ကိုရီးယား တစ်နေ့မှာတော့ ပြန်လည် ပေါင်းစည်းရမယ် ဆိုပြီး မြောက်ကိုရီးယား နှစ်ရှည်လများ တရားဝင် ချမှတ်ထားတဲ့ မူဝါဒကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်း ပယ်ဖျက်လိုက်ပါတယ်။

တောင်ကိုရီးယားဟာ သူ့နိုင်ငံအပေါ် ရန်သူသဖွယ် ပြုမူနေတာတွေဟာ အနှစ် ၇၀ ကွဲကွာနေမှုကို ပြန်ပေါင်းနိုင်ရေး မျှော်လင့်ချက်မှန်သမျှကို ရိုက်ချိုးပစ်ခဲ့တယ်လို့ ကင်မ်ဂျုံအွန်းက ဆိုပါတယ်။

တောင်ကိုရီးယားဘက်က ကျူးလွန်လာမယ် ဆိုရင် တခါတည်း ပျောက်ကွယ်သွားစေဖို့ မြောက်ကိုရီးယား အနေနဲ့ နြူကလီယာ လက်နက် အသုံးပြုကောင်း ပြုမယ်လို့လည်း သတိပေး ခြိမ်းခြောက်ပါတယ်။

အမေရိကန်ထံကလည်း မကြုံစဖူး ဖိအားမျိုးတွေ ပေးနေတဲ့ အတွက် ပြုံယမ်း အနေနဲ့ နြူကလီယာ ရည်မှန်းချက်တွေ အပေါ် ပိုပြီး အားသွန် ကြိုးပမ်းကြဖို့ လိုတယ် ဆိုပြီးတော့လည်း မြောက်ကိုရီးယား ခေါင်းဆောင်က သူ့ရဲ့ နှစ်သစ် ရည်မှန်းချက်ထဲ ထည့်သွင်း ပြောဆို သွားပါတယ်။