လေးကေ့ကော်၊ ဖလူး၊ ဝေါလေတစ်ဝိုက် တိုက်ပွဲ ရက်ဆက်

ဓာတ်ပုံ ရင်းမြစ်, KIC
ကရင်ပြည်နယ်တွင်းက လေးကေ့ကော်၊ ဖလူး၊ ဝေါလေ နေရာသုံးနေရာမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်ပြည်နယ်အခြေစိုက် ကာကွယ်ရေးတပ်တွေကြား ဒီရက်ပိုင်း တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်ပွားနေပါတယ်။
မြဝတီမြို့နယ်က စစ်ကောင်စီရဲ့ ဥကရစ်စခန်းအနီးမှာ ကရင်ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်ပွားနေတာ ဒီကနေ့ ဇူလိုင် ၃၀ရက်နဲ့ ဆို လေးရက်တိတိ ရှိနေပြီ ဖြစ်ပါတယ်။
ဒီတိုက်ပွဲတွေအတွင်း ကာကွယ်ရေးအဖွဲ့တွေဘက်က ၆ ဦးဒဏ်ရာရပြီး တစ်ဦးသေဆုံးထားတယ်လို့ တိုက်နေတဲ့အဖွဲ့တွေထဲကတစ်ခုဖြစ်တဲ့ ဗီနွန်စစ်ကြောင်းထံကနေ သိရပါတယ်။
စစ်ကောင်စီတပ်တွေဘက်ကလည်း လူဆယ်နဲ့ချီသေဆုံးခဲ့တယ်လို့ ဆိုပေမဲ့ ဒီတိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဥကရစ်ထစခန်းတိုက်ပွဲကြောင့် ပြီးခဲ့တဲ့လတုန်းက ထိုင်းဘက်ကို ထွက်ပြေးခဲ့ရတဲ့ ဒေသခံတွေဟာ နေရပ်ကိုပြန်လာပြီး ငါးရက်အတွင်းမှာပဲ အခုလို တိုက်ပွဲတွေပြန်ဖြစ်တာကြောင့် ထိုင်းနိုင်ငံဘက်ကို ထပ်မံစစ်တိမ်းရှောင်ကြရပါပြီ။

ဓာတ်ပုံ ရင်းမြစ်, Google Maps
အခုတစ်ကြိမ် စစ်ရှောင်ရာမှာတော့ အရင်လို စစ်ဘေးရှောင်တွေကို တစ်နေရာတည်း မထားတော့လို့ အဆင်ပြေသလို နီးစပ်ရာမှာ နေကြရကြောင်းနဲ့ စစ်ဘေးရှောင်သူ ၃၀၀ လောက် ရှိမယ်လို့ ဥကရစ်ထဒေသစစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အခုတိုက်ပွဲဖြစ်ပွားနေတဲ့ ဥကရစ်ထ၊ ဝေါလေဘက်ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဖလူး၊ ဝေါလေ ဘက်ခြမ်းက သုံးထပ်ကွေ့လမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ဖြစ်တဲ့ ကော်ဘရာစစ် ကြောင်းနဲ့ ဆက်တိုက်တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ဒီ သုံးထပ်ကွေ့လမ်းတဝိုက်မှာ အခုဇူလိုင်တစ်လလုံးနီးပါး နေ့စဉ်လိုလို တိုက်ပွဲတွေရှိနေတဲ့အကြောင်း ကော်ဘရာစစ်ကြောင်းက ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
“တိုက်ပွဲက နေ့စဥ် ရက်ဆက် လက်နက်ကြီးနဲ့ သူတို့ ပစ်တာတွေ ရှိတယ်။ စစ်ကြောင်းထိုးလာတာ ရှိတယ်။ ကျွန်တော်တို့နဲ့ ထိတွေ့လို့ သူတို့ ဆုတ်ခွာပြေးရတယ်။ အခုထက်ထိတော့ ကျွန်တော်တို့ဘက်က ဆုံးရှုံးနယ်မြေတော့ မရှိသေးပါဘူး။”
“သူတို့ဘက်ကတော့ အကျအဆုံးများစွာနဲ့ ဖွဲ့စည်းပုံပျက်တဲ့အထိ ဖြစ်တယ်။ ဒီနေ့မနက်ဆိုရင် မနက် ၉ နာရီ ၅ မိနစ်ကနေ ၁၀ နာရီ ၄ မိနစ် အထိဆို လက်နက်ကြီး စုစုပေါင်း ၁၂ လုံး ကျွန်တော်တို့ဆီကို ပစ်ထားပါတယ်။”

ဓာတ်ပုံ ရင်းမြစ်, CJ
ဒါ့အပြင် လေးကေ့ကော်ဒေသက စွယ်တော်ကုန်းဘက်မှာလည်း ဒီကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တွေ အကြား ပစ်ခတ်မှုတွေ ဒီကနေ့မနက်ပိုင်းအထိ ဆက်ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။
ဒီလို သုံးနေရာ ခွဲပြီး တိုက်ပွဲတွေဆက်ရှိနေသလို စစ်ကောင်စီဘက်ကလည်း အင်အားတွေ ထပ်ဖြည့်နေတာကြောင့် စစ်ရေးပိုတင်းမာလာနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက သုံးသပ်နေကြပါတယ်။
အခုလို တိုက်ပွဲတွေ ခပ်စိပ်စိပ် ရှိနေပေမဲ့ မြဝတီ - ဝေါလေကားလမ်းမ၊ နောက် အာရှလမ်းမကြီးကိုပါ ပြည်သူတွေ ပုံမှန်အတိုင်းဖြတ်သန်းသွားလာခွင့်ပြုထားတယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောကြပါတယ်။
အဲဒီဒေသတစ်ဝိုက်မှာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက လေးကေ့ကော်ဒေသကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ရှာဖွေဖမ်းဆီးမှုတွေ လုပ်ပြီးကတည်း တိုက်ပွဲတွေ ဖြစ်နေခဲ့တာပါ။ အခု ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာတော့ စစ်ကောင်စီရဲ့ ဦးကရစ်ထစခန်း စတင်တိုက်ခိုက်ခံရချိန်နောက်ပိုင်းကစပြီး တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်နေတာပါ။








