ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့ ရဲ့အယူခံအမှုတွေကို ကြားနာပြီးရင် ဘာဆက်ဖြစ်မလဲ

ရေးသားခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးဝင်းမြင့်တို့ ရဲ့ ပြင်ဆင်မှု လျှောက်ထားတဲ့ အမှု ၂ ခု ကို ဇူလိုင် ၅ ရက်နေ့က နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှာ လျှောက်လဲချက် ကြားနာခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သြစတေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်နဲ့ အတူတရားစွဲခံရတဲ့ နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေအတွက်ဖြစ်ပြီး ဦးဝင်းမြင့်ကတော့ ရွေးကောက်ပွဲမှာ မလျော်ဩဇာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၁၃၀ (က) အမှုအတွက် ပြင်ဆင်ချက်ကြားနာခဲ့တာ ဖြစ်ပါတယ်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၁၃၀ (က) မှာ သမ္မတ ဦးဝင်းမြင့်နဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်တာဖြစ်ပါတယ်။

လက်ရှိ ‌မှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာ‌ရေးကောင်းမွန်တယ်လို့သာသိရပြီး လူချင်းတွေ့ဆုံခွင့်မရလို့ ရှေ့နေအဖွဲ့က စစ်ကောင်စီကို အခုနှစ် ဇန်နဝါရီလကစပြီး ၅ ကြိမ် တိုင်တိုင် တင်ပြတောင်းဆိုထားပေမဲ့ တွေ့ခွင့်မရသေးတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမှု ၁၉ ခုအတွက် ထောင်ဒဏ် ၃၃ နှစ် ကျခံနေရပြီး သမ္မတ ဦးဝင်းမြင့်ကတော့ အမှုရှစ်မှု အတွက် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

ပြင်ဆင်ချက်အမိန်ကြားနာမှုနဲ့ အယူခံကြားနာမှုတွေကိုတော့ စွပ်စွဲခံရသူတွေက တရားခွင်လာရောက်စရာ မလိုပဲ စစ်ဆေးလေ့ရှိတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်‌ထောင်အချုပ်ထောင်အတွင်းမှာဘဲ စစ်ကောင်စီက ဆက်လက်ထိန်းသိမ်းထားတယ်လို့လည်း ယူဆရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ထံကို အပတ်စဥ် တနင်္လာနေတိုင်းမှာ ထောင်ဝင်စာပို့ဆောင်ပေးတာမျိုးတွေကို လုပ်ဆောင်ခွင့်ပြုထားတယ်လို့ အကျဥ်းဦးစီးနဲ့ တရားရုံးနီးစပ်သူ တွေထံကသိရပါတယ်။

ဒီကနေ့ ဇူလိုင်လ ၅ ရက်နေ့ တရားခွင်မှာတော့ ပြင်ဆင်ချက်အမိန့်လျှောက်ထားမှုအတွက် နှစ်ဖက် အပြီးသတ်လျှောက်လဲချက် တွေပေးခဲ့ရတယ်လို့ တရားရုံးအသိုင်းအဝန်းက သိရပါတယ်။

အခုလို လျှောက်လဲချက်တွေပေးပြီးနောက်ပိုင်း တစ်လကျော်အတွင်းမှာတော့ လျှောက်ထားတဲ့အမှုတွေ အတွက် ဆုံးဖြတ်ချက်အမိန့်တွေ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

အခု အမှု ၂ ခုအတွက် ထောင်ဒဏ် ၃ နှစ်စီကို မန္တလေးခရိုင်တရားရုံးက ၂၀၂၂ ခုနှစ်အတွင်းမှာအမိန့်ချခဲ့သလို၊ ရှေ့နေ့အဖွဲ့ဘက်ကလည်း တိုင်းအဆင့်မှာ အယူခံဝင်ခဲ့ပါတယ်။

အဲဒီအယူခံကိုပယ်ချပြီး အခုလို အမိန့်ပြင် ဆင်ချက်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ လျှောက်ထားခဲ့တာပါ။

အလားတူ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနဲ့ပြစ်ဒဏ်ချခဲ့တဲ့ အမှု ၂ ခုအပါအဝင် ပြစ်ဒဏ်ချပြီးတဲ့ နောက်ထပ်အမှု စုစုပေါင်း ၆ ခု ရဲ့ အထူးအယူခံဝင်ခွင့် သင့်မသင့်ကို လာမယ့် ဇူလိုင်လ ၁၈ ရက်နေ့မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆုံးဖြတ်ဖို့ ရှိပါသေးတယ်။

အဲဒီမတိုင်ခင် ဇူလိုင်လ ၁၅ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ့အဖွဲ့တွေဘက်က အယူခံ တင်ပြထားတဲ့ သဘာဝဘေးအန္တရာယ်အရေး အသုံးပြုမယ့် ရဟတ်ယာဥ် ငှားရမ်းဝယ်ယူတာနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်ထားတဲ့ အမှု ၅ ခုကိုလည်း နေပြည်တော် တရားလွှတ်တော်မှာ အပြီးသတ်လျှောက်လဲချက်ပေးဖို့လည်း ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က စလို့ ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ကို ၁ နှစ်နဲ့ ၄လ‌‌ လောက်နေအိမ်အကျယ်ချုပ်ထားခဲ့ပြီးမှ အဲဒီနောက်ပိုင်းမှာ နေပြည်တော်အချုပ်ထောင်ထဲ ပြောင်းရွှေ့အကျဥ်းချခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဖမ်းဆီးပြီး အမှု စုစုပေါင်း အမှု ၁၉ မှုအထိ တရားစွဲခဲ့တာဖြစ်ပါတယ်။

အဲဒီအမှုတွေကတော့ ၂၀၂၀ ရွေးကောက်ပွဲကြိုကာလ မဲဆွယ်ယာဥ်တန်းကိုလက်ပြမှု၊ နေပြည်တော်ရွှေကြာပင်ရပ်ကွက်မှာ မဲဆွယ်စည်းရုံးရေးသွားရောက်မှုတို့နဲ့ပတ်သက်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာပုဒ်မနဲ့ နှစ်မှု၊ နေအိမ်မှာ စကားပြောစက်နဲ့ Jammer တွေတွေ့ရှိတယ်ဆိုပြီး ပို့ကုန်သွင်းကုန်ဥပဒေနဲ့ ဆက်သွယ်ရေးဥပဒေတို့နဲ့ နှစ်မှု၊ NLD ပါတီက ဖေဖော်ဝါရီ ၆ ရက်နဲ့ ၇ ရက်တို့မှာ ထုတ်ပြန်ခဲ့တဲ့ စာနှစ်စောင်နဲ့ပတ်သက်လို့ ပုဒ်မ ၅၀၅ (ခ) နဲ့တစ်မှု၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း ထံက အမေရိကန်ဒေါ်လာနဲ့ ရွှေ ၇ ပိဿာရယူတယ်ဆိုပြီး အဂတိတစ်မှု၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ဆက်စပ်ပြီး အဂတိမှု ၄ မှု၊ စီးပွားရေး လုပ်ငန်းရှင် ဦးမောင်ဝိတ်ထံက အမေရိကန်ဒေါ်လာ ငါးသိန်းခွဲ လာဘ်ယူတယ်ဆိုတဲ့စွပ်စွဲချက် အဂတိမှု ၂ မှု၊ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့တစ်မှု၊ ရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တစ်မှု၊ ရဟတ်ယာဥ်ငှားရမ်းဝယ်ယူပြုပြင်ထိန်းသိမ်းရေးနဲ့ပတ်သက်လို့ အဂတိမှု ၅ မှု တို့ ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားခဲ့ပေမယ့်လို့ NLD ပါတီဝင်တချို့ကို ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံဖို့ လျှို့ဝှက်စီစဥ်ပေးခဲ့ဖူးတာတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစု ကြည်ကတော့ တွေ့ဆုံမှုကို ငြင်းဆိုခဲ့တယ်လို့လည်း သိထားရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ထွေးကတော့ မြန်မာ့နိုင်ငံရေးပြဿနာကို မှန်မှန်ကန်ကန် ဖြေရှင်းချင်တယ် ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုနည်းနဲ့မှ ချန်လှပ်ထားလို့မရဘူး လို့ ဘီဘီစီကို ပြောထားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပါတီ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ချစ်ခင်လေးစားမှုကလည်း အပြည့်ရှိနေဆဲဖြစ်ပါတယ်’’ လို့ သူက ပြောပါတယ်။

အာဏာသိမ်းပြီးကတည်းက ပေါ်ပေါက်လာတဲ့ ပြည်တွင်းပြည်ပက ဆန္ဒပြပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့က ထိပ်ဆုံးက ပါဝင်ခဲ့သလို ကုလသမဂ္ဂရဲ့ မြန်မာ့အရေး သမိုင်းဝင်ဆုံးဖြတ်ချက် ၂၆၆၉ မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ပါဝင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့နိုင်ငံရေးမှာ အရေးပါနေဆဲပဲလို့ သူရဲ့ သားအငယ်ဖြစ်သူ ကင်မ်ကလည်း ဘီဘီစီကိုပြောထားပါတယ်။