ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဧပြီလ ၂ရက် ထိပ်တန်းသတင်းများ- မုံရွာက မြဝတီဘဏ်မှာစောင့်နေတဲ့စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခံရ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့က မြဝတီဘဏ်မှာ လုံခြုံရေးစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီနေ့ ဧပြီလ ၂ ရက် မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်ဆိုပြီး မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(ပလဖ) ပူးပေါင်းအဖွဲ့တွေ ဘက်က သတင်းထုတ်ပြန်ပါတယ်။
ပူးပေါင်းအဖွဲ့တွေ ဘက်က ထုတ်ပြန်တဲ့ရုပ်သံဖိုင်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိတဲ့ လုံခြုံရေး ကင်းနေရာကို အနီးကပ် သေနတ်အချက်ပေါင်းများစွာ ပစ်ခတ် တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ ကင်းစောင့်နေတဲ့စစ်သားအချို့ ထိခိုက်သေဆုံးတယ်လို့ ပူးပေါင်းအဖွဲ့တွေက ပြောပေမဲ့ ဘီဘီစီ အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီတပ်ဘက်က သတင်းတွေကိုဖော်ပြနေတဲ့တယ်လီဂရမ်ချန်နယ်တွေမှာတော့ လာရောက် ပစ်ခတ်သူတွေကို လိုက်လံ ရှင်းလင်းချိန် တိုက်ခိုက်သူတွေ လွတ်သွားပေမဲ့ သူတို့ စီးနင်းလာတဲ့ အရပ်အခေါ် ခွေးလူးလို့ခေါ်တဲ့ ဆူဇူကီး ဟိုက်ဂျက်ကားတစ်စီးကို ဖမ်းမိတယ်လို့ သတင်းဖော်ပြနေကြပါတယ်။
ကလေးမြို့နယ်၊ ပျဥ်းတောဦးရွာမှာ တိုက်ပွဲပြန်ဖြစ်
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းက ပျဥ်းတော်ဦးကျေးရွာအနီးမှာ ဒီနေ့ ဧပြီလ ၂ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကြားမှာ တိုက်ပွဲပြန်လည်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ပျဥ်းတော်ဦး ကျေးရွာအနီးမှာ ပြီးခဲ့တဲ့မတ်လ ၃၁ ရက်တို့မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က ရဟတ်ယာဥ်နဲ့တိုက်ခိုက်တဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပါတယ်။
ကလေးမြို့နယ်မြောက်ပိုင်းမှာ မနေ့ ဧပြီလ ၁ ရက်မှာ တိုက်ပွဲတွေငြိမ်သက်ခဲ့ပေမဲ့ ဒီနေ့ မနက်ပိုင်းမှာတော့ မင်းလှရွာနဲ့ ပျဥ်းတော်ဦးရွာကြားမှာ တိုက်ပွဲ ပြန်လည်ဖြစ်ပွားတာလို့ သိရပါတယ်။
ဒီနေ့မှာလည်း မနက် ၁၀ နာရီဝန်းကျင်လောက်ကစပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ရော ရဟတ်ယာဥ်တွေနဲ့ပါပစ်ခတ်နေတယ်လို့သိရပါတယ်။
ဒီနေ့တိုက်ပွဲမှာ နှစ်ဖက် ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပေမဲ့ တိုက်ပွဲဖြစ်တဲ့ကျေးရွာတွေအပြင် ကလေးမြို့နယ်မြောက်ပိုင်းကျေးရွာတွေက ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
ပြီးခဲ့တဲ့မတ်လ ၃၀ ရက်နဲ့ ၃၁ ရက်နေ့မှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာတော့ ပျဥ်းတော်ဦးကျေးရွာထဲကို လက်နက်ကြီးတွေကျရောက်လို့ နေအိမ်တွေ ပျက်စီးခဲ့သလို အရပ်သားတစ်ဦးလည်း ခြေထောက်ကို လက်နက်ကြီးစ ထိမှန်ခဲ့ပါတယ်။
ဆားတောင်မြို့ရဲစခန်းက ရဲတွေ တိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပြီး ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက သတင်းထုတ်ပြန်လာပါတယ်။
မန္တလေး- ရွှေဘိုလမ်းမကြီးပေါ်မှာ ကင်းစောင့်လေ့ရှိတဲ့ ဆားတောင်မြို့က ရဲတွေကို ဒီနေ့ ဧပြီလ ၂ ရက် မနက်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဆားတောင်ရဲစခန်းကရဲတွေဟာ မန္တလေး-ရွှေဘိုလမ်းမှာဖြတ်သန်းတဲ့ကားတွေကို ငွေကြေးကောက်ခံတာကြောင့် အခုလိုတိုက်ခိုက်ခဲ့တာလို့ ပူးပေါင်းအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အချိန်အနည်းငယ်အကြာ အပြန်အလှန်ပစ်ခတ်မှုမှာ စစ်ကောင်စီလက်အောက် ရဲ ၂ ဦးသေဆုံးတယ်လို့ ဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပေမဲ့ ဒီသေဆုံးမှုကိုတော့ ဘီဘီစီအနေနဲ့ သီးခြား အတည်မ ပြုနိုင်သေးပါဘူး။
ဓာတ်အားပြတ်တောက်မှုကြောင့် လုပ်ငန်းတွေ ပိုထိခိုက်လာနိုင်တယ်လို့ဆို
လျှပ်စစ်မီး ပုံမှန်မလာတာက အသေးစားအလတ်စား စီးပွားရေးတွေ ကနေ စီးပွားရေး လုပ်ငန်းကြီးတွေအထိ ရေရှည်မှာ ထိခိုက်လာနိုင်တယ်လို့ စီးပွားရေး အကြံပေး ပညာရှင်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောကြပါတယ်။
" မီးမရှိရင် လုပ်လို့မရတဲ့လုပ်ငန်းတွေက လည်ပတ်လို့မရရင် စစ်ကောင်စီက ထောက်ခံပါတယ်ဆိုတဲ့ အသေးစား အလတ်စားစီးပွားရေးသမားတွေလည်း ရပ်တည်ဖို့ မလွယ်ဘူး။ တိုင်းပြည်စီးပွားရေးက ရေတိုမှာတော့ ထိနေပြီ။ ရေရှည်မှာတော့ ပိုဆိုးလာဖို့ပဲရှိတယ်" လို့ စီးပွားရေးအကြံပေးတစ်ဦးက ဆိုပါတယ်။
လက်ရှိမှာ လျှပ်စစ်မီးက တစ်ရက်ရဲ့ လေးပုံတစ်ပုံ ဒါမှမဟုတ် နာရီ အပိုင်းအခြားအလိုက် သာ လာတဲ့အတွက် လျှပ်စစ်မီးကိုအားပြုပြီး လုပ်ကိုင်နေရတဲ့ အသေးစားအလတ်စား လုပ်ငန်းလုပ်ကိုင်သူတွေမှာ အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။
ရေခဲခြစ် ၊ မိတ္တူကူးဆိုင်၊ ဓာတ်ပုံဆိုင်တွေကနေ ကားရေဆေး ဆိုင်တွေအထိ လျှပ်စစ်မီး ပုံမှန်မလာတာကြောင့် လုပ်ငန်း လည်ပတ်ဖို့ ခက်ခဲတဲ့ အခြေအနေတွေမှာ ကြုံတွေ့နေကြရတာပါ။
လျှပ်စစ်မီးမလာလို့ ဒီဇယ် ၊ ဓာတ်ဆီ အသုံးပြုပြီး မီးစက်သုံးဖို့ရာမှာလည်း လောင်စာဆီ စျေးကြီးမြင့်မှုတွေနဲ့ လိုသလောက်မရတဲ့အခက်အခဲတွေကြောင့် ရေရှည်မှာ ဖြေရှင်းဖို့ မလွယ်ကူနိုင်ဘူးလို့ လုပ်ငန်းလုပ်ကိုင်သူတွေက ဆိုကြပါတယ်။
မန္တလေးက ဖိတ်စာ ၊ ယပ်တောင် ၊ ဒီဇိုင်း အလုပ်တိုက်ပိုင်ရှင်တစ်ဦးကတော့ " မီးမလာရင် ကျွန်တ်ောတို့က ကာစတန်မာကို ပြောရတယ်။ မီးစက်နဲ့လုပ်ရမယ်။ အောက်ဆိုဒ်ကြေး ပေးရမယ်ပေါ့။ ကာစတန်မာက ရတယ် လုပ်ဆိုရင် မီးစက်နဲ့ နှိုး ပြီး လုပ်ပေးတယ်။ ပုံမှန်ထက် စျေးပိုယူရတာပေါ့၊ တချို့ကတော့ ရတယ် စောင့်မယ် မီးလာမှ လုပ်ဆိုလည်း ရတယ်။ ကာစတန်မာ ပိုက်ဆံပေးရင် မီးစက်နဲ့ လုပ်ပါတယ်" လို့ ပြောပါတယ်။
ရန်ကုန်မြို့မှာလည်း ရာသီဉတု ပူတာရယ်၊ လျှပ်စစ်မီး ပုံမှန်မလာတာရယ်ကြောင့် ရေခဲချောင်း ရေခဲမုန့် ရောင်းချတဲ့ အိမ်တွင်း အသေးစားစီးပွားရေး လုပ်ငန်းလုပ်ကိုင်သူတွေ ဆုံးရှုံးကြရတယ်လို့ သိရပါတယ်။
" မီးမှ ပုံမှန်မလာတော့ ရေခဲချောင်းတွေ ၊ ရေခဲမုန့်တွေ အကုန် ပျော်ကျကုန်တာ၊ ရှုံးတာမှ တအားပဲ။ အခုတော့ ရေဗူးအအေးဗူးလောက်ပဲ တင်ရောင်းတော့တယ်" လို့ပြောပါတယ်။
လျှပ်စစ်ဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးကတော့ ဒီနေ့ဧပြီ ၁ ရက်နေ့မှာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း YESC က ကြေညာချက်ထုတ်ပြန်ထားသလို နွေရာသီရောက်ရှိလာပြီဖြစ်တာကြောင့် ရေအားလျှပ်စစ်စက်ရုံကြီးတွေက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မှု လျော့ကျနေတာ၊ ၂၄ နာရီ ပတ်လုံးဓာတ်အားထုတ်ပေးနိုင်တဲ့လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေက မဟာဓာတ်အားလိုင်းတွေ အကြိမ်ကြိမ် ဖောက်ခွဲခံရပြီး အချိန်မီ ပြုပြင်နိုင်ဖို့အတွက် လုံခြုံရေးအခက်အခဲတွေကြောင့် အခုလို လျှပ်စစ်မီးကို အချိန်မှန် မပေးနိုင်တော့တာလို့ ဘီဘီစီကို ပြောပါတယ်။
ဖမ်းဆီးခံရတဲ့မောင်းထောင်ရွာသား ၄ ဦးအလောင်းတွေ ပြန်တွေ့
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက မောင်းထောင်ကျေးရွာကနေ ဖမ်းဆီးခံသွားရသူ အမျိုးသား ၄ ဦးစလုံးရဲ့ အလောင်းတွေကို မနေ့ ဧပြီလ ၁ ရက်မှာ ပြန်တွေ့ပြီလို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။
မောင်းထောင်ကျေးရွာအနီး မတ်လ ၃၀ ရက်မှာ တိုက်ပွဲဖြစ်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်က မောင်းထောင်ကျေးရွာထဲကို ဝင်ရောက်မွှေနှောက်ပြီးချိန်မှာ အဲဒီ အမျိုးသားတွေကို ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
သေဆုံးလျက်အလောင်းပြန်တွေ့သူတွေကတော့ မောင်းထောင်ရွာက အသက် ၁၅ နှစ်အရွယ် မောင်အောင်ခန့်ကျော်နဲ့ အသက် ၄၀ အရွယ် ဦးကျော်သူထွန်းတို့ သားအဖ ၂ ဦးနဲ့ အသက် ၁၅ နှစ်အရွယ် မောင်တုံတုံချစ်နဲ့ အသက် ၂၀ အရွယ် ကိုချစ်ဆူးတို့ ညီအကို ၂ ဦးဖြစ်ပါတယ်။
သူတို့ လေးဦးရဲ့ ရုပ်အလောင်းတွေကိုတော့ မတ်လ ၃၁ ရက်နဲ့ ဧပြီလ ၁ ရက် မနက်ပိုင်းတို့မှာ မူးမြစ်ထဲ ကနေ ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ မတ်လ ၃၀ ရက်မှာ မောင်းထောင်ရွာထဲ ဝင်ရောက်ခဲ့ချိန်က စုစုပေါင်း အရပ်သား ၆ ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ၂ ဦးက ပြန်လွတ်လာပေမဲ့ သူတို့လေးဦးကတော့ မူးမြစ်ထဲကနေ အလောင်းပြန်တွေ့ခဲ့တာဖြစ်ပါတယ်။
ကျောက်ဖြူမှာ ဝေလငါးမန်းကြီးတစ်ကောင် သောင်တင်သေဆုံး
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ အရှည် ၂၅ ပေကျော်တဲ့ ဝေလငါးမန်းကြီး တစ်ကောင် သေဆုံးလျက် တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ ငါးမန်းကြီးကို ကျောက်ဖြူမြို့နယ်၊ ကျောက်ခမောက်ရွာနဲ့ တစ်မိုင်ခန့်အကွာက ရှောက်ချောင်းဖျားကမ်းစပ်မှာ ဧပြီလ ၁ ရက် ညနေပိုင်းတုန်းက တွေ့ခဲ့တာလို့ သိရပါတယ်။
လုံးပတ် ၁၀ ပေခန့်ရှိတဲ့ အဲဒီငါးမန်းကြီးကို ကျောက်ခမောက်ရွာကို စက်လှေနဲ့ တွဲသယ်လာပြီး ရွာနားချောင်းစပ်မှာ ထားထားတယ်လို့ သိရပါတယ်။
ကယားမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၁၂၀ ကျော် လုပ်ခဲ့တယ်လို့ဆို
တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ဧပြီလ ၁ ရက် ထုတ်ပြန်ချက်အရ စစ်ကောင်စီက ၂၀၂၃ ခုနှစ် ဇန်နဝါရီ က မတ်လအထိ ပြီးခဲ့တဲ့ ၃ လအတွင်း ကရင်နီဒေသအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၂၆ ကြိမ်အထိ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်က ၂ ကြိမ်၊ ၂၀၂၂ ခုနှစ်က ၁၈၂ ကြိမ် နဲ့ အခု ၂၀၂၃ ခုနှစ်မှာတော့ နှစ်စ သုံးလ အတွင်းမှာပဲ အကြိမ်ရေ ၁၂၆ ကြိမ် တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် အာဏာသိမ်းပြီး ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၃ခုနှစ် ၊ မတ်လ ၃၁ ရက်အတွင်း တိုက်ပွဲ ၆၅၀ ခန့်ဖြစ်ခဲ့ပြီး အရပ်သား ပြည်သူ ၃၁၃ ဦး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ စစ်ရှောင်နေစဉ် သေဆုံးသူပြည်သူကလည်း ၁၃၄ ဦး ရှိတယ်လို့ ပါဝင်ပါတယ်။
ဒီထုတ်ပြန်ချက်မှာ မတရားဖမ်းဆီးခံရသူစာရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ကျဆုံးစာရင်း၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်စာရင်း၊ ပျက်စီးသွားတဲ့ ဘာသာရေးအဆောက်အအုံ၊ နေအိမ်စာရင်း၊ စစ်ကောင်စီ ဘက်ကသေဆုံးစာရင်းစတာတွေလည်း ဖော်ပြထားပါတယ်။
PKPF ဟာ ကရင်နီပြည်နယ်အတွင်းက စစ်ရေး၊ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အချက်အလက်တွေကို ထုတ်ပြန်ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ စစ်ကောင်စီကတော့ ကရင်နီဒေသအတွင်းက တိုက်ပွဲတွေနဲ့ ဖမ်းဆီးခံရသူစစ်ကောင်စီအဖွဲ့ဝင်တွေ၊ ဒေသခံအရပ်သားသေဆုံးမှု စတာတွေကို တိတိကျကျ ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။
ဒီပဲယင်းမှာ စစ်ကြောင်းက လေကြောင်းနဲ့ပစ်ခတ် ဒေသခံ ထောင်ချီ ပြေးလွှားတိမ်းရှောင်နေရ
ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက ဒီကနေ့ ဧပြီလ ၂ ရက်နေ့ မနက် ၁၀ နာရီ ကျော်ကျော်လောက်မှာ လေကြောင်းနဲ့ ပစ်ခတ်တာတွေရှိတဲ့အတွက် ဒေသခံတွေထောင်နဲ့ချီပြေးလွှားတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့နဲ့ ဧပြီလ ၁ ရက်နေ့တို့မှာလည်း လေကြောင်းနဲ့ ကျေးရွာတွေကို ပစ်ခတ်တာတွေ ရှိပြီး နေအိမ်တွေကိုမီးရှို့တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
ဒီကနေ့ မနက် အစောပိုင်း မှာတော့ စစ်ကောင်စီနဲ့ ဒေဿကာကွယ်ရေး အဖွဲ့တွေကြား ထိတွေ့မှု အနည်းငယ်ဖြစ်ပွားပြီးတဲ့နောက် မန်ကျည်းစောက် ၊အေးသာယာ ၊ ကျည် ဘုရားထွက် စတဲ့ ကျေးရွာတွေဘက်ကို စစ်ကြောင်းဝင်ရောက်နေပြီး လေကြောင်းနဲ့ပါ ပစ်ခတ်သံတွေ ကြားနေရတဲ့အတွက် ဒေသခံတွေက ဘေးလွတ်ရာကို စတင်တိမ်းရှောင်နေကြရပြီလို့ သိရပါတယ်။
"မနေ့က ကျည်ဘုရားထွက်ရွာကို မီးရှို့တယ်။ ဒီနေ့ မနက်လင်းကတည်းက တအုံးအုံးနဲ့ ဆူညံနေတာ။ ဒီပဲယင်းဘက် လာမလားမသိဘူး။ လေယာဉ်နဲ့ လာပစ်တာလည်း ၃ ရက်ဆက်တိုက်ရှိပြီ။ ညနေခင်း ၅ နာရီလောက်ဆို လေယာဉ်နဲ့ လာပစ်ပြီ။ မနေ့က ညနေကဆို မိုးတွေ လေတွေကကျ ပြေးလိုက်လွှားလိုက်ရတာ သက်ကြီးပိုင်းတွေရော ဒုက္ခအတော်ရောက်တယ်" လို့ ဒီပဲယင်းဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ကတည်းက စိုင်ပြင်အပါအဝင် အနီးက ကျေးရွာတွေကို စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်တာတွေကြောင့် ဒေသခံ ၄၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
စစ်တပ်က လက်နက်ကြီးပစ်ခတ်လို့ ဒေသခံ ၂ဦး မတ်လ ၂၇နဲ့ ၂၈ရက်တို့မှာ သေဆုံးခဲ့သလို အဲဒီရက်အတွင်းမှာဘဲ စစ်တပ်နဲ့ထိပ်တိုက်တိုးလို့ ပစ်ခတ်ခံရသူ ဒေသခံ ၂ဦးလည်း သေဆုံးခဲ့ပါတယ်။
လေကြောင်းပစ်ခတ်မှုတွေအတွင်း ထိခိုက်သေဆုံးမှုတွေကိုတော့ လက်ရှိမှာအတိအကျမသိရှိရသေးပါဘူး
အဲဒီ ဒီပဲယင်းကို အခု ဝင်ရောက်နေတဲ့ စစ်ကြောင်းဟာ မတ်လအတွင်းက ဘုတလင်မြို့နယ်ထဲကို ဝင်ရောက်ပြီး ကျန်းမာရေးမကောင်းတဲ့ သက်ကြီးရွယ်အို ၇ ဦးထက်မနည်း သတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့လည်း ဒေသကာကွယ်ရေး အဖွဲ့တွေထံက သိရပါတယ်။
စစ်ကြောင်းဝင်တာ၊ လေကြောင်းနဲ့ ပစ်ခတ်တာတွေနဲ့ ဒေသခံတွေသေဆုံးမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက တစုံတရာထုတ်ပြောတာမျိုးမရှိသေးပါဘူး။
ထိုင်းမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၂၀ ကျော် ဖမ်းဆီးခံရ
ထိုင်းနိုင်ငံတောင်ပိုင်း၊ ချူဖွန်ခရိုင်မှာ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၂၀ ကျော်ကို မတ်လ ၃၀ ရက် ညပိုင်းက ဖမ်းဆီးခဲ့တယ်ဆိုပြီး ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၁၆ ယောက်နဲ့ အမျိုးသမီး ၈ ယောက်ပါဝင်ပြီး သူတို့ကို ပို့ဆောင်ပေးတဲ့ ထိုင်းနိုင်ငံသား ၃ ယောက်ကိုလည်းဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
အဝေးပြေးလမ်းမ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးချိန် ကားနှစ်စီးနောက်ခန်းမှာ လဲလျောင်းလိုက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို အာဏာပိုင်တွေက ဖမ်းမိခဲ့တာပါ။
သူတို့ဟာ ပရာကျွတ်ခီရီခမ်ခရိုင်ကနေ ဆောင်ခလာခရိုင်၊ဟတ်ရိုင်မြို့ကို အလုပ်သွားလုပ်မယ့်သူတွေဖြစ်ပြီး တစ်ယောက်ကို ပွဲစားခ ဘတ် ၂ ထောင်ပေးခဲ့ကြရတယ်လို့ ကာယကံရှင်တွေက ပြောထားတယ်လို့လည်း သိရပါတယ်။
အခုတော့ သူတို့ကို သက်ဆိုင်ရာရဲစခန်းကို ပို့ဆောင်ပြီး ဥပဒေအရ အရေးယူသွားမယ်လို့ အာဏာပိုင်တွေဘက်က ထုတ်ပြန်ထားပါတယ်။
ပြည်တွင်းမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် အလုပ်အကိုင်ရှားမှားမှုနဲ့ လူမှုစီးပွားကျပ်တည်းမှုတွေကြောင့် မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်မှု မြင့် တက်လာတာဖြစ်ပြီး သတင်းတွေအရဆိုရင် ပြီးခဲ့တဲ့မတ်လ တစ်လတည်းမှာတင် အလုပ်လုပ်ကိုင်ဖို့ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်တဲ့ မြန်မာနိုင်ငံသား ၃၀၀ နီးပါး ဖမ်းဆီးခံထားရပါတယ်။
ခွါဖိုရွာကို ဗုံးကြဲချိန် အပူလောင်ဒဏ်ရာရခဲ့သူထဲက ၁ ဦး ထပ်မံသေဆုံး
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်နဲ့ ၅ မိုင်အကွာက ခွါဖိုရွာကို မတ်လ ၃၀ရက်နေ့ စစ်တပ်ဘက်က ဗုံးကြဲ တိုက်ခိုက်ချိန် ဒဏ်ရာရခဲ့သူ တွေထဲကတစ်ဦးက မတ်လ ၁ရက်နေ့မှာ ထပ်မံသေဆုံးခဲ့တယ်လို့ ခွါဖိုရွာ အကြောင်းသိရှိသူတွေက ဘီဘီစီ ကိုပြောပါတယ်။
ခွါဖိုရွာကို ဗုံးကြဲမှုကြောင့် လက်ရှိမှာသေဆုံးသူက ၉ဦးအထိရှိလာပြီဖြစ်ပါတယ်။ ဒဏ်ရာရရှိသူက လည်း ၁၀ ဦးအထိရှိနေသေးတယ်လို့ သိရပါတယ်။
ရွာအတွင်းက စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေကို ရောင်းချတဲ့ဆိုင်ပေါ်ကို စစ်တပ်ကကြဲချတဲ့ ဗုံးကျ ရောက်ပေါက်ကွဲခဲ့ပြီး အဲဒီဝန်းကျင်ကိုရောက်ရှိနေသူ လူငယ် ၂ဦးလည်း မီးလောင်တဲ့ ထိခိုက်ဒဏ်ရာ တွေကို ခံစားခဲ့ရတာလို့ပြောပါတယ်။
အဲဒီထဲက တစ်ဦးကမနေ့က သေဆုံးခဲ့ပြီး ကျန်တဲ့တစ်ဦးကလည်း အလားတူ ဒဏ်ရာပြင်းပြင်းထန်ထန်ကို ခံစားနေရတယ်လို့ သိရပါတယ်။
အဲဒီထိခိုက်ဒဏ်ရာရရှိသူတွေအတွက်တော့ လုံလောက်တဲ့ ဆေးဝါးနဲ့ ကုသမှုမျိုးတွေကို အပြည့်အဝ လုပ်ဆောင်ပေးနေတယ်လို့ ခွါဖိုရွာအခြေအနေကိုသိရှိသူတွေက ဘီဘီစီကိုပြောပါတယ်။
ခွါဖိုရွာအတွင်း အနည်းဆုံး ဗုံး ၆ လုံးကို စစ်တပ်ဘက်က ကြဲချ တိုက်ခိုက်ခဲ့သလို၊ လေယာဥ်ပေါ်ကနေ စက်သေ နတ်နဲ့ ပစ်ခတ်တိုက်ခိုက်တာလည်းလုပ်ခဲ့တယ်လို့ တိုက်ခိုက်ခံရချိန် ရွာအတွင်းရှိခဲ့သူတွေရဲ့ ပြောပြချက်ကို တွေ့ဆုံမေးမြန်းသိရှိထားသူက ဘီဘီစီကို ပြောပြပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာအတွင်းက ဘာသာရေးအဆောက်အဦ ၂လုံးအပါအဝင် နေအိမ်ပေါင်း ၁၃ လုံးပျက်စီးခဲ့ပါတယ်။