နိုဝင်ဘာ ၂၄ ရက် ထိပ်တန်းသတင်းများ-နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး စတင်နိုင်ဖို့ ရုရှားနဲ့မြန်မာ စာချုပ်ချုပ်

ရေးသားခဲ့သည်။

ရပ်ကွက်ရုံးမှာ အစည်းအဝေးလုပ်နေစဥ် ရာအိမ်မှူး ပစ်ခတ်ခံရ

မန္တလေးတိုင်း အမရပူရမြို့နယ်၊ ဉယျာဉ်တော်ကျေးရွာအုပ်စုက ရာအိမ်မှူး ဦးသိန်းမင်းထွန်း မနေ့ နိုဝင်ဘာ ၂၃ ရက်က ရပ်ကွက်ရုံးမှာ အစည်းဝေးလုပ်နေတုန်း ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

နိုဝင်ဘာ ၂၂ရက်နေ့ကလည်း အမရပူရမြို့နယ်၊ သရက်တန်းကျေးရွာနေ ကိုမင်းမင်း ဆိုသူကို စစ်ကောင်စီ သတင်းပေးလို့ စွပ်စွဲပြီး ပစ်ခတ်ခံရလို့ သေဆုံးထားပါတယ်။

ဒီပစ်ခတ်မှု နှစ်ခုလုံးကို MN PDF အမျိုးသမီးပြောက်ကျားအထူးတပ်ဖွဲ့၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့ နဲ့ နောင်ရိုး အထူးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်တာလို့ ထုတ်ပြန်ထားပါတယ်။

အမရပူရ မြို့နယ်ထဲက မြစ်ငယ်မြို့မှာ မီးရထားဝန်းအနီးက နေအိမ်၊ တိုက်တာတွေ ဖယ်ရှားခံရပြီး နောက်ပိုင်းမှာ ဒေသခံတချို့ ဖမ်းဆီးခံရတာတွေရှိသလို စစ်ကောင်စီသတင်းပေးလို့ နာမည်ကျော်ကြားသူတွေလည်း မကြာခဏ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့တော်ဝန်ဟောင်းဒေါက်တာရဲလွင် အကျဥ်းထောင်တွင်း အနေအထိုင် အရင်ထက် ပိုမို တင်းကျပ်ခံထားရတယ်လို့ ဆို

မန္တလေးမြို့တော်ဝန်ဟောင်းဒေါက်တာရဲလွင် အပါအဝင် အစိုးရအဖွဲ့ဝင်ဟောင်း တချို့ကို အိုးဘိုထောင်မှာ အရင်ကထက် ပိုပြီး အနေအထိုင်တင်းကျပ်ထားတယ် လို့ အကျဥ်းထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။

ဘာကြောင့်အခုလို အရင်ထက် ပိုပြီး တင်းကျပ်လိုက်တယ်ဆိုတဲ့ အကြောင်းရင်းကို အတိအကျမသိရပေမဲ့ မန္တလေး အိုးဘိုအကျဉ်းထောင်ကို နေပြည်တော်ကောင်စီဝင်ဟောင်း ဦးမင်းသူ နဲ့ နိုင်ငံရေးအကျဉ်းသားတချို့ရောက်လာပြီးတဲ့နောက် အခုလိုကြုံတွေ့ရတာလို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ဒီအပတ် တနင်္လာနေ့က စပြီး ဆရာတို့ အကုန်လုံးကို တိုက်ပိတ်ပစ်လိုက်တယ်။ လမ်းလျှောက်ခွင့်ကို တစ်နာရီပဲ ပေးတယ်။ ဆရာတို့အခန်းတွေကိုလည်း မွှေနှောက်ရှာဖွေတယ်’’ သူက ပြောပါတယ်။

ဒေါက်တာရဲလွင်နဲ့ မန္တလေးစည်ပင်ကော်မတီဝင်ဟောင်းဦးကျော်ဇေယျတို့ကို ပုဒ်မ ၄၀၉ နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားမှုနဲ့ နိုဝင်ဘာ ၂၃ ရက်မှာ ရုံးထုတ်ခဲ့ပါတယ်။

ဒေါက်တာရဲလွင်ကို ခုလို အနေအထိုင် ပိုပြီးတင်းကျပ်လိုက်တယ်ဆိုတာနဲ့ ပက်သက်လို့ အကျဉ်းဦးစီးဌာနကို ဘီဘီစီက ဆက်သွယ်မေးမြန်းနေပေမဲ့ နိုဝင်ဘာ ၂၄ ရက် ညပိုင်းအထိ အဆက်အသွယ်မရရှိသေးပါဘူး။

ရန်ကုန်မြို့က စိန်ဆိုင်တစ်ဆိုင်ကို နေ့ခင်းကြောင်တောင် လုယက်ဖို့ကြိုးစား

ရန်ကုန်မြို့၊ ဗဟိုလမ်းမှာဖွင့်ထားတဲ့ TT Diamond  စိန်ဆိုင်ကို လူ ၃ ယောက်က နေ့ခင်းကြောင်တောင် လုယက်ဖို့ကြိုးစားခဲ့တဲ့အကြောင်း ဆိုင်တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

လုယက်မှုက မအောင်မြင်ခဲ့ဘဲ လုံခြုံရေးအချက်ပေးသံတွေ မြည်ပြီး တံခါးလည်းဖွင့်မရတာကြောင့် လုယက်ဖို့ကြိုးစားသူတွေ ထွက်ပြေးသွားကြတယ်လို့ သူကပြောပါတယ်။

‘ပထမတစ်ခါအလုခံရပြီးကထဲက လုံခြုံရေးကို ကျွန်တော်တို့မြှင့်ထားတာ။ alarm တွေထမြည်ကုန်တော့ ဆိုင်ထဲတောင် သူတို့မ‌ရောက်လိုက်ပါဘူး’ လို့ တာဝန်ရှိသူကပြောပါတယ်။

ဒီစိန်ဆိုင်ဟာပြီးခဲ့တဲ့ သြဂုတ်လကလည်း လုယက်ခံခဲ့ရပြီး ပစ္စည်းတချို့ပါသွားခဲ့ပြီး ကျူးလွန်သူတွေကို ဖမ်းမမိခဲ့ပါဘူး။

ရန်ကုန်မြို့မှာ အခုလပိုင်းအတွင်း လုယက်မှုတွေပိုများလာပြီး ဒီလထဲမှာပဲ မင်္ဂလာတောင်ညွန့်မြို့နယ်ထဲက ငွေလဲကောင်တာတစ်ခုနဲ့ လမ်းမတော်မြို့နယ်က ကုန်မာဆိုင်တစ်ဆိုင်လည်း လုယက်ခံခဲ့ရပါသေးတယ်။

နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး စတင်နိုင်ဖို့ ရုရှားနဲ့မြန်မာ စာချုပ်ချုပ်

နိုင်ငံတကာ အဏုမြူစွမ်းအင်‌အေဂျင်စီ ဒုညွှန်ချုပ်နဲ့ စစ်ကောင်စီဝန်ကြီးတွေတွေ့

နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့ စူစမ်းလေ့လာတိုင်းတာမှုတွေ ပူးပေါင်းဆောင်ရွက်ဖို့ ရုရှားနဲ့ မြန်မာ အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ ရုရှားနိုင်ငံ ဆိုချီမြို့မှာ ဒီရက်ပိုင်း ကျင်းပနေတဲ့ (၁၂)ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံ ဆန်းသစ်တီထွင်မှုဖိုရမ် မှာ ရုရှားနိုင်ငံပိုင် Rosatom ကုမ္ပဏီနဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာနဲ့ ရုရှားတို့ကြား သဘောတူထားတဲ့ နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံဟာ အသေးစားဓာတ်အားပေးစက်ရုံ Small Modular Reactor – SMR အမျိုးအစားဖြစ်ပြီး နေရာအကျယ်အဝန်းများစွာမလိုဘဲ အချိန်တိုအတွင်း တည်ဆောက်နိုင်တဲ့အကြောင်း ဖိုရမ်မှာ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ အဏုမြူစွမ်းအင်‌အေဂျင်စီ ဒုတိယညွှန်ကြားရေးမှူးချုပ်လည်း ဖိုရမ်ကိုရောက်လာပြီး စစ်ကောင်စီဝန်ကြီးတွေနဲ့ အလွတ်သဘော ဆွေးနွေးခဲ့ကြပါတယ်။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ နျူကလီးယားကို လျှပ်စစ်ဓာတ်အားပေးရေးအတွက်ပဲ သုံးမှာဖြစ်ပြီး နိုင်ငံတကာ အဏုမြူစွမ်းအင်‌အေဂျင်စီရဲ့ စံချိန်စံညွှန်းတွေကို လိုက်နာသွားမယ်လို့ ဘီဘီစီကိုဖြေကြားထားပါတယ်။

သိပ္ပံ၊နည်းပညာဝန်ကြီး နဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးတို့ဟာ ရုရှားကို ဒီ သုံးလအတွင်း သုံးကြိမ်သွားခဲ့ပြီး ရုရှားက နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ၊ သတင်းအချက်အလက်စင်တာတွေနဲ့ တက္ကသိုလ်တွေကို သွားရောက်လေ့လာနေပါတယ်။

ရန်ကုန်မှာ နျူကလီးယားနည်းပညာအချက်အလက်စင်တာတည်ဆောက်ဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ရုရှားနဲ့မြန်မာ ကြား သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

သုဝဏ္ဏဗိုလ်ချုပ်ရွာမှာ အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦး ပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်က သုဝဏ္ဏဗိုလ်ချုပ်ရွာမှာ အငြိမ်းစားဗိုလ်မှူးကြီး ဦးဇော်နိုင်ဝင်း ဒီကနေ့ နိုဝင်ဘာ ၂၄ ရက် မနက်ပိုင်းမှာ ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။  

ကံ့ကော်မြိုင်လမ်းနေအိမ်မှာရှိနေချိန်မှာပဲ သေနတ်နဲ့ လာပစ်သွားပြီး ဆေးရုံကိုပို့ထားတယ်လို့သိရကြောင်း ဗိုလ်ချုပ်ရွာမှာနေထိုင်တဲ့ အငြိမ်းစားတပ်အရာရှိတစ်ဦးကပြောပါတယ်။  

ဦးဇော်နိုင်ဝင်း ပစ်ခတ်ခံရတဲ့ ရပ်ကွက်ဟာ စစ်အစိုးရခေတ်က အငြိမ်းစားတပ်မတော်အရာရှိတွေနေကြလို့ ဗိုလ်ချုပ်ရွာလို့ လူသိများပါတယ်။ 

ရန်ကုန်မြို့မှာ မိုင်တဲကုမ္ပဏီ Chief Financial Officer အငြိမ်းစားဗိုလ်မှူး ဦးသိန်းအောင်နဲ့ အငြိမ်းစားဗိုလ်ချုပ်အုန်းသွင်တို့ နေအိမ်မှာ သေနတ်နဲ့ပစ်ခတ်ခံရပြီးကထဲက စစ်မှုထမ်းဟောင်းတွေဟာ သူတို့လုံခြုံရေးကို အထူးဂရုစိုက်နေကြရတယ်လို့ အငြိမ်းစားတပ်မတော်အရာရှိတစ်ဦးက ပြောပါတယ်။

ပုလောမှာ မော်တော်ယာဥ်နှစ်စီး ပစ်ခတ်ခံရ၊ ဆရာတော်တစ်ပါး ပျံလွန်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ သဘာဝတရားရိပ်သာက သံဃာ၊ သီလရှင်နဲ့ ယောဂီ သူနာပြုအကူတွေ လိုက်ပါလာတဲ့ မော်တော်ယာဥ်နှစ်စီးဟာ နိုဝင်ဘာ ၂၂ ရက် ည ၉ နာရီခန့်မှာ မှားယွင်းပစ်ခတ်ခံရပြီး သံဃာတော်တစ်ပါး ပျံလွန်တော်မူကာ သီလရှင်နဲ့ ယောဂီ ကုသိုလ်ရှင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သဘာဝတရားရိပ်သာရဲ့ ဒါယကာတစ်ဦးက သူ့ရဲ့လူမှုကွန်ရက်မှာရေးသထားထားပါတယ်။

လမ်းခရီးဟာ ညမှောင်ချိန်မို့ နှစ်ဖက်အဖွဲ့စီး ကြား အထင်မှတ်မှားပြီး မှားယွင်းပစ်ခတ်ခံရတာဖြစ်ပြီး အံစာတုံး မော်တော်ယာဥ် ၂ စီး ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီက နိုဝင်ဘာ ၂၃ ရက်ထုတ်ပြန်ချက်မှာ ဒီပစ်ခတ်မှုဟာ PDF တွေ လက်ချက်လို့ ဆိုပြီး ကားပေါ်ပါသူတွေကို ကဒဲ ကျေးရွာ ဘုန်းကြီးကျောင်းကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်တစ်နေ့မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ပါရှိပါတယ်။

လက်ရှိအချိန်မှာတော့ ကျန်တဲ့ ခရီးသည် ၁၅ ဦးလုံးအန္တရာယ် ကင်းတယ်လို့ သဘာဝတရားရိပ်သာရဲ့ ဒါယကာက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။