ငြိမ်းချမ်းရေးမူက သွေဖီလာတဲ့ ဂျပန် ခရုဇ်ဒုံးကျည် အစင်း ၄၀၀ ဝယ်မယ် - ဖေဖေါ်ဝါရီ ၂၇ ရက် ညနေခင်း နိုင်ငံတကာ ထိပ်တန်း သတင်း

ရေးသားခဲ့သည်။

ဂျပန်နိုင်ငံဟာ အမေရိကန် ပြည်ထောင်စု ထံကနေ တာဝေးပစ် ခရုဇ် ဒုံးကျည် အစင်းရေ ၄၀၀ ဝယ်ယူဖို့ စီစဉ်ထားပါတယ်။

တရုတ်၊ မြောက်ကိုရီးယားတို့နဲ့ကြား ဒေသတွင်း တင်းမာမှုတွေ ရှိနေချိန် ဂျပန်ဟာ အခုလို သူတို့ရဲ့ လက်နက်ကြီး စွမ်းရည်ကို မြှင့်တင် နေတာ ဖြစ်ပါတယ်။

ဂျပန် အစိုးရရဲ့ ဘတ်ဂျက် အသုံးဆိုင်ရာ အစည်းအဝေးမှာ ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါးက တိုနာဟော့ခ် အမျိုးအစား ဒုံးကျည်တွေ ဝယ်ယူမယ့် အစီအစဉ်ကို အတည်ပြု ပြောကြားပါတယ်။

ဂျပန်ဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ကျင့်သုံးခဲ့တဲ့ စစ်ရေးအင်အား ထိန်းချုပ်မှု ငြိမ်းချမ်းရေး လမ်းစဉ်ကနေ ပြောင်းလဲပြီး၊ တရုတ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ခြိမ်းခြောက်မှု ရန်ကို တုံ့ပြန်မယ်လို့ ဝန်ကြီးချုပ် ကီရှီဒါး ဦးဆောင်တဲ့ အစိုးရက ကတိပြု ပြောဆိုထားပါတယ်။

ကိုယ်ခန္ဓာ အစိတ်အစိတ်အပိုင်းပိုင်း ဖြတ်တောက် သတ်ဖြတ်ခံထားရတဲ့ ဟောင်ကောင်မော်ဒယ်

နာမည်ကြီး ဟောင်ကောင် မော်ဒယ် တစ်ဦးလည်း ဖြစ်၊ ဆိုရှယ် မီဒီယာ ပေါ်မှာလည်း လူအများပေါ် လွှမ်းမိုးမှု ရှိတဲ့ အက်ဘီ ချွိုင်း အသတ်ခံရမှုနဲ့ ပတ်သက်ပြီး လူ ၃ ယောက် အပေါ် ပုဒ်မတပ် တရားစွဲဆို လိုက်ပြီ ဖြစ်ပါတယ်။

အဲဒီ ၃ ယောက်ကတော့ ... ခင်ပွန်းဟောင်း အဲလက်စ် ကွမ်း၊ သူနဲ့ ညီအစ်ကို တော်စပ်သူ အန်ထနီနဲ့ သူတို့ရဲ့ ဖခင် ကွမ်ကောင်းတို့ ဖြစ်ပါတယ်။

သူတို့ကို တရားရုံးကနေ အာမခံ ပေးဖို့ ငြင်းဆိုလိုက်ပြီး ဆက်လက် ဖမ်းဆီး ထိန်းသိမ်း ထားပါတယ်။

သူတို့ဟာ အက်ဘီ ချွိုင်းကို သတ်ဖြတ်ဖို့ရာ အသေအချာ ကြိုတင်ကြံစည်ပြီး၊ အခင်းဖြစ်ရာ တိုက်ခန်းမှာ အစီတကျ ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ယူဆထားပါတယ်။ အဲဒီ တိုက်ခန်းမှာ အက်ဘီချွိုင်းရဲ့ ခန္ဓာကိုယ် အပိုင်းအစ တချို့ကို တွေ့ရပြီး၊ တချို့ အစိတ်အပိုင်းတွေ ဆက်လက် ပျောက်ဆုံး နေဆဲ ဖြစ်ပါတယ်။

အိန္ဒိယ ဝါရင့် အတိုက်အခံ ခေါင်းဆောင် ဒေလီ ဒုဝန်ကြီးချုပ် အကျင့်ပျက်မှုနဲ့ အဖမ်းခံရ

အိန္ဒိယ နိုင်ငံမှာ၊ ဝါအရင့် နိုင်ငံရေး အတိုက်အခံ ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ဒေလီမြို့တော်ရဲ့ ဒုတိယ ဝန်ကြီးချုပ် မာနစ်ရှ် ဆစ်ဆိုဒီယာကို အကျင့်ပျက်မှု စွဲချက်နဲ့ တရားရုံးတော် ရှေ့မှောက် စစ်ဆေး ခံရဖို့ ရှိနေပါတယ်။

မစ္စတာ ဆစ်ဆိုဒီယာကို မနေ့ တနင်္ဂနွေနေ့တုန်းက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ မြို့တော် ဒေလီမှာ အရက် ရောင်းချခြင်း ဆိုင်ရာ ထိန်းချုပ်ရေး တွေမှာ မူမမှန်တာတွေ ရှိနေတယ် ဆိုတဲ့ စွဲချက်တွေနဲ့ ဆက်စပ်ပြီး အခုလို ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

မစ္စတာ ဆစ်ဆိုဒီယာရဲ့ ပါတီ ဖြစ်တဲ့ AAP ပါတီကတော့ လက်ရှိ အာဏာရ BJP ပါတီရဲ့ နိုင်ငံရေး ညစ်ကွက်ပဲ ဆိုပြီး ဝေဖန်နေပါတယ်။

အနောက်ဘက်ကမ်းခြေဒေသမှာ ပြင်းထန်ခဲ့တဲ့ အဓိကရုဏ်း

အသိမ်းပိုက်ခံ အနောက်ဘက်ကမ်းခြေဒေသရဲ့ မြောက်ဘက်ပိုင်းမှာ အစ္စေရေး အခြေစိုက်သူတွေက ပါလက်စတိုင်း ကျေးရွာတွေကို တိုက်ခိုက်တာတွေ ပေါ်ပေါက်ခဲ့ပါတယ်။ အစ္စရေး လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ပါလက်စတိုင်း အရပ်သားတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ ဝေဖန်ခံနေရပါတယ်။

ပါလက်စတိုင်းတစ်ဦး သေနတ်နဲ့ ပစ်သတ် ခံခဲ့ရသလို၊ လူပေါင်း ၃၈၀ ကျော်လည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ နာရီ အတန်ကြာ ပေါ်ပေါက်ခဲ့တဲံ တိုက်ခိုက်မှုတွေ အတွင်း ပါလက်စတိုင်းတွေရဲ့ နေအိမ်တွေ၊ ကားတွေ အပါအဝင် ပိုင်ဆိုင်မှုတွေ၊ စီးပွားရေး လုပ်ငန်းတွေ မီးတင်ရှို့ ခံခဲ့ရပါတယ်။

အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနကတော့ အခင်းဖြစ်ရာနေရာတွေမှာ လုံခြုံရေး တပ်ဖွဲ့ဝင် အင်အား တိုးမြှင့်ချထားမယ်လို့ ဆိုပါတယ်။ ဟာဝါရာ ဆိုတဲ့ ကျေးရွာမှာ ဂျူးလူမျိုး ညီအစ်ကို နှစ်ယောက် အသတ်ခံခဲ့ရပြီးတဲ့နောက် အဓိကရုဏ်းတွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

ရုရှားတပ်ဖွဲ့တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ အကြောင်း ကုလ စစ်ဆေးမှု သက်တမ်း တိုးမြှင့်လာဖွယ်ရှိ

ရုရှားတပ်ဖွဲ့တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ အကြောင်း ကုလ စစ်ဆေးမှု သက်တမ်း တိုးမြှင့်လာဖွယ်ရှိ

ယူကရိန်း နိုင်ငံထဲကို ရုရှား ကျူးကျော် ဝင်ရောက်ခဲ့တာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပမာဏ ကြီးမားစွာ ပေါ်ပေါက် လာစေခဲ့တယ်လို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မစ္စတာ ဂူတားရက်စ်က အဲဒီလို ပြောခဲ့တာပါ။

ယူကရိန်း ကျူးကျော်ခံရတာကြောင့် လူ့အသက်ဆုံးရှုံးရတာတွေ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာတွေ၊ အခြေခံ အဆောက်အဦး ဖျက်စီးခံရတာတွေဟာ ပမာဏ အတိုင်းအတာ ကြီးကြီးမားမားနဲ့ ပေါ်ပေါက်ခဲ့တယ်လို့ ကုလ အတွင်းရေးမှူးချုပ်က ဆိုပါတယ်။

ဒါ့အပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေနဲ့၊ ဥပဒေမဲ့ ဖမ်းဆီး ထိန်းသိမ်း ခံရတာတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ကြောင်း အထောက်အထားတွေ ရထားတယ်လို့လည်း သူက ဆိုပါတယ်။

‘နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းဟာ ကျွန်တော်တို့ အားလုံး လိုက်နာရမယ့် အခြေခံ စံနှုန်းစံထား အနေနဲ့ ရှိနေပေမယ့်၊ မကြာခန ဆိုသလို အလွဲသုံးစား အလုပ်ခံရ၊ ချိုးဖောက်ခံရ ဖြစ်နေပါတယ်။ နိုင်ငံရေး အသာစီးရဖို့ အတွက် လူ့အခွင့်အရေး အခြေခံ တန်ဖိုးတွေဟာ လျစ်လျူရှု ခံနေရတာ ဖြစ်တယ်’ ဆိုပြီး မစ္စတာ ဂူတားရက်စ် ပြောသွားပါတယ်။

ယူကရိန်းနိုင်ငံထဲ ရုရှားကျုးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကုလသမဂ္ဂ အနေနဲ့ စုံစမ်းစစ်ဆေးပိုင်ခွင့်ကို သက်တမ်းတိုးမြှင့်ဖို့ နိုင်ငံအများအပြား တောင်းဆိုလာဖွယ် ရှိပါတယ်။