ကိုစိုးနိုင် - ဓာတ်ပုံရိုက်လို့ လက်စဖျောက်ခံရသူ

ရေးသားခဲ့သည်။

မြန်မာမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီး သေသလား ရှင်သလားမသိဘဲ မိသားစုနဲ့ အဆက်အသွယ်ပြတ် ပျောက်နေသူ တော်တော်များများ ရှိနေပါတယ်။

အဲဒီထဲမှာ လူပုဂ္ဂိုလ်တွေသာမက သံဃာတွေပါ ပါဝင်ပြီး သံဃသမဂ္ဂက ဦးအဂ္ဂဝံသနဲ့ ပြည်ကြီးတံခွန် ဆရာတော်၊ ထောင်ကနေ ပြန်လွတ်လာပေမဲ့ အိမ်ပြန်မရောက်သေး၊ ထောင်မှာလည်းမရှိတော့တဲ့ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ ကိုသက်နှင်းအောင်နဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ အတာသပိတ်ဆင်နွှဲဖို့ လမ်းပေါ်တက်ရင်း ဖမ်းဆီးခံရပြီးနောက် အဆက်အသွယ်ပြတ်သွားခဲ့တဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားဟောင်းအချို့လည်း ပါဝင်ပါတယ်။

သူတို့ထဲမှာမှ စစ်ကြောရေးမှာ ဆုံးပါးပြီလို့ မှတ်ယူခံရတဲ့ ဓာတ်ပုံသမား ကိုစိုးနိုင်လည်း ပါဝင်ပါတယ်။

ဒီဇိုင်းရေးဆွဲသူ ကိုစိုးနိုင်တစ်ယောက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာ ရန်ကုန်မြို့က တိတ်ဆိတ်ခြင်းသပိတ်ကို မှတ်တမ်းတင်ဖို့ ဓာတ်ပုံလိုက်ရိုက်ရင်း စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာခံရပြီးတဲ့နောက် သေဆုံးပြီလို့ ယူဆခံ ထားရတာ အခုဆို လပေါင်း ၂၀ ထဲ ဝင်ရောက်လာပြီဖြစ်ပါတယ်။

ယူဆမှုတွေပဲ ရှိနေခဲ့တယ်ဆိုတာက သူ့အကြောင်းနဲ့ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ အာဏာပိုင်တွေဘက်ကလည်း ဘာမှ ထုတ်ပြန်တာမျိုး မရှိခဲ့လို့ပါ။

လူအေးလူမှန်တစ်ယောက်၊ တာဝန်သိသူ၊ အမှန်တရားမြတ်နိုးသူတစ်ယောက်လို့ သူနဲ့အလုပ်တူတွဲ လုပ်သူတွေက အသိအမှတ်ပြုထားတဲ့ ကိုစိုးနိုင် ဖမ်းဆီးခံရပြီးတဲ့နောက်ပိုင်း ဘာဖြစ်ခဲ့သလဲ ဆိုတာကိုသိရှိသူအတော်နည်းပါးပါတယ်။

စစ်ကောင်စီက ကိုစိုးနိုင်ကို ဖမ်းဆီးချိန် သူနဲ့အတူရှိနေသူလည်းဖြစ်၊ အတူဖမ်းဆီးခံခဲ့ရသူလည်းဖြစ်တဲ့ နောက်ထပ် ဓာတ်ပုံဆရာတစ်ဦးလည်း ထောင်ဒဏ်ချမှတ်ခံရပြီး တစ်နှစ်ကျော်အကြာမှာ ပြန်လွတ်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီဓာတ်ပုံဆရာက သူတို့ ကြုံတွေ့ရတဲ့ဖြစ်ရပ်ကို လုံခြုံရေးစိုးရိမ်ချက်နဲ့ လူသိရှင်ကြား ထုတ်မပြောခဲ့တာကြောင့် ကိုစိုးနိုင်အကြောင်းဟာ သတင်းစာမျက်နှာတွေပေါ်မှာ ပျောက်ကွယ်နေခဲ့ပါတယ်။

အခုတော့ ကိုစိုးနိုင်ရဲ့ မိတ်ဆွေ အဲဒီဓာတ်ပုံဆရာနဲ့ ထောင်တွင်းမှာဆုံတွေ့ခဲ့ပြီး ပြန်လွတ်လာသူတစ်ဦးက ကိုစိုးနိုင်တို့ ဖမ်းဆီးခံခဲ့ရတဲ့အခြေအနေ၊ စစ်ကြောရေးလုပ်ခံရတုန်းက ကြုံတွေ့ခဲ့ရပုံတွေကို ဘီဘီစီကို ထုတ်ပြောလာပါတယ်။

ကိုစိုးနိုင်ဘယ်လို ဖမ်းဆီးခံခဲ့ရတာလဲ

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်မှာကျရောက်မယ့် နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ နိုင်ငံတဝန်းမှာပြုလုပ်တဲ့ အသံတိတ်သပိတ်အခြေအနေကို မြို့တွင်း ဓာတ်ပုံရိုက်ကြမယ်ဆိုပြီး ကိုစိုးနိုင်နဲ့ သူ့မိတ်ဆွေတို့ ဒီဇင်ဘာလ ၉ ရက်မှာ ကြိုတင်စီစဥ်ကြပါတယ်။

Silent Strike မှာ ရန်ကုန်မြို့ကြီးရဲ့ လမ်းတွေရှင်းနေတယ်ဆိုတာကို ဓာတ်ပုံရိုက်ချင်တဲ့ ကိုစိုးနိုင်တို့ နှစ်ဦးဟာ ဒီဇင်ဘာလ ၁၀ ရက်မနက်ခင်း ၈ နာရီခန့်မှာ ရွှေတိဂုံဘုရားတောင်ဘက်မုခ်၊ အဲဒီကနေ ရွှေတိဂုံဘုရားလမ်း အတိုင်းဆင်းပြီး သိမ်ကြီးစျေး၊ လသာဘက်ကို စက်ဘီးနဲ့ ခရီးဆက်ကြပါတယ်။

လသာလမ်းအရောက်မှာ ‘‘သူတို့ (စစ်တပ်) ကင်းစောင့်တဲ့နေရာတွေ ဘန်ကာနေရာတွေကို သူတို့မရိုက်ကြဘူး။ ဒါပေမဲ့ လသာလမ်းနဲ့ မဟာဗန္ဓုလမ်းထောင့်က ဘုံကျောင်းကို သွားရိုက်ကြတဲ့အချိန် ကိုစိုးနိုင်က လသာလမ်းမီးပွိုင့်အောက်ကနေ ဘုံကျောင်းကို ဓာတ်ပုံရိုက်လိုက်တယ်။ အဲဒီအချိန်မှာ လသာရဲစခန်း မျက်နှာချင်းဆိုင်မှာ လုံခြုံရေး ဘန်ကာတစ်ခုရှိတယ်။ အဲဒီဘန်ကာထဲက လုံခြုံရေးယူနေတဲ့ ရဲ နှစ်ယောက်က သူ့ကို လှမ်းတွေ့သွားတယ်။ ဒါပေမဲ့ ဘန်ကာထဲက မထွက်လာကြတော့ ပုံမှန်လို့ပဲ သူတို့ ထင်ခဲ့ကြတယ်'' လို့ အဲဒီနေ့က ဖြစ်စဥ်အကြောင်း သိထားသူ ကိုကျော်ကျော် (အမည်လွှဲ) က ဘီဘီစီကို ပြောပြပါတယ်။

ကိုစိုးနိုင်တို့ဟာ ပုံမှန်အတိုင်းပဲ လသာလမ်းအတိုင်းပြန်အထွက်မှာ မီးပွိုင့်ထိပ်မှာ စစ်ကား ၃ စီး လသာလမ်း မီးပွိုင့်မှာ ရောက်နေတာကို သူတို့ တွေ့ခဲ့ရပါတယ်။

''ကြည့်နေရင်းနဲ့ စစ်ကား ၃ စီးက သူတို့ရှိတဲ့ဘက်အခြမ်းကို ကွေ့ချလာတယ်။ သူတို့ရှိတဲ့ ယာဥ်ကြောကို ကွေ့ပြီး သူတို့နား ကပ်လျက် ရပ်တယ်။ တစ်ခွေ (ဗိုလ်မှူး) နဲ့ တစ်ယောက်က ကားပေါ်က ဆင်းဆင်းချင်းမှာပဲ ကိုစိုးနိုင်ဆီ တန်းသွားပြီး ဖုန်းကို စစ်တယ်။ ပြီးတော့ သူတို့ကို double cab ဒက်ဘယ်ကပ် ကားတစ်စီးပေါ် တင်ခေါ်သွားတယ်'' လို့ ကိုကျော်ကျော်က ပြောပြပါတယ်။

လသာရဲစခန်းရှေ့ ဘန်ကာက အစောင့်ရဲတွေဟာ သူတို့ကိုလာရိုက်တယ်ဆိုပြီး ကင်းလှည့်နေတဲ့ စစ်ကားကို စက်နဲ့လှမ်းအကြောင်းကြားလို့ စစ်ကားက ကိုစိုးနိုင်တို့ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ခဲ့တာဖြစ်နိုင်တယ်လို့ ကိုစိုးနိုင်တို့ ယူဆခဲ့ကြပါတယ်။

ကိုစိုးနိုင် ဘယ်သူလဲ

ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး Street Photography လမ်းပေါ်က မြင်ကွင်းတွေကို ဓာတ်ပုံရိုက်ယူရတာကို စိတ်ဝင်စားတဲ့ ကိုစိုးနိုင်ဟာ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းမှာ အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲတွေကို ပုံမှန်လိုလို ဓာတ်ပုံထွက်ရိုက်ခဲ့သူဖြစ်ပါတယ်။

သူ့မှာ ဇနီးနဲ့ အသက် ၅ နှစ်မပြည့်သေးတဲ့ သားတစ်ယောက်ရှိပါတယ်။

စိတ်လည်းမာပြီး ကျန်းမာရေးလည်း ကောင်းသူလို့ မိတ်ဆွေတွေက ပြောပါတယ်။

သူ့ကိုစက်ဘီးတစ်စီးနဲ့ တွေ့ရလေ့ရှိပါတယ်။

သူဟာ အာဏာသိမ်းမှုကို ဆန့်ကျင်သူဖြစ်ပြီး ရန်ကုန်မြို့ ၄၄ လမ်းမှာ ဖြစ်သွားတဲ့ ခုန်ချသေဆုံးမှု လို လူငယ်တွေဖမ်းဆီးနှိပ်စက်ခံရတဲ့ သတင်းမျိုးတွေကြားခဲ့တုန်းက အလွန်ကြေကွဲခဲ့သူလို့ မိတ်ဆွေတွေက ပြန်ပြောင်းပြောပါတယ်။

သူ့ရဲ့ အဲဒီလို စိတ်ဓာတ်နဲ့ စစ်ကြောရေးကို ရောက်ရင် မသက်သာနိုင်ဘူးလို့ မိတ်ဆွေတွေက မှန်းဆပေမယ့် ဓာတ်ပုံသမားတစ်ယောက်ပဲ ဖြစ်တာမို့ အသက်သေတဲ့အထိတော့မဖြစ်နိုင်ဘူးလို့ မျှော်လင့်ခဲ့ကြပါတယ်။

စစ်ကြောရေးမှာ ဘယ်လို စစ်ဆေးခံကြရလဲ

ဖမ်းဆီးခံခဲ့ရတဲ့ ကိုစိုးနိုင်တို့ ၂ ဦးကို ဗိုလ်တထောင်မြို့နယ်ထဲက ရေတပ်ဝင်းအနီးအရောက်မှာ တပ်လာတဲ့ နှာခေါင်းစည်းကို မျက်လုံးမှာ ပြောင်းလဲ အုပ်ဖုံးဖို့ စေခိုင်းခံခဲ့ရပါတယ်။

အဲဒီနောက် သူတို့ကို အဲဒီဝင်းထဲက အဆောက်အအုံတစ်ခုရဲ့ အခန်းထဲမှာ အတူထည့်ပြီး ဒူးထောက်ခိုင်းလို့ စစ်ကောင်စီတပ်သားတွေက ရိုက်နှက်စစ်ဆေးမှု စခဲ့ပါတယ်။

‘‘ဒီအတိုင်း ဒူးထောက်ခိုင်းရာကနေ ခဲတွေသွားကောက်ခိုင်းပြီး ခဲပေါ် ဒူးထောက်ခိုင်းတယ်။ လက်နဲ့ရိုက်ရာကနေ သူတို့ လက်နာတယ်ဆိုပြီး နံပါတ်တုတ်နဲ့ ရိုက်ခဲ့ကြတယ်ဆိုပြီး သိရတယ်’’ လို့ ကိုကျော်ကျော်က ဆက်ပြောပြပါတယ်။

အဲဒီနောက် ကိုစိုးနိုင်နဲ့ သူ့မိတ်ဆွေ ကိုဇော်ထွန်းတို့ အခန်းခွဲခံရပါတယ်။ ကိုစိုးနိုင်ကိုတော့ ဖုန်းမှာတွေ့တဲ့ စကားပြောထားတဲ့ chat တွေကို ကြည့်ပြီး အဓိက စစ်ဆေးခဲ့ကြတာပါ။

‘‘ကိုစိုးနိုင်က ဒီဇိုင်နာဆိုတော့ လွယ်အိတ်တွေ၊ တီရှပ်တွေ၊ ဒီဇိုင်းထုတ်တယ်၊ ရောင်းတယ်။ အဲတော့ ချက် (chat) ထဲမှာ ပစ္စည်းပို့တဲ့ကိစ္စတွေလည်း ပြောထားတာရှိတယ်။ ဒါကို သူတို့က ဘယ်ကို ပစ္စည်းပို့တာလဲ၊ ဘာပစ္စည်းပို့တာလဲဆိုတာမျိုးနဲ့ စစ်ဆေးမေးမြန်းခဲ့ကြတယ်’’လို့ ဆိုပါတယ်။

ညနက်ပိုင်းမှာတော့ ကိုဇော်ထွန်းကို စစ်ကောင်စီတပ်သားတွေက ရိုက်နှက်တာ မရှိတော့ပေမဲ့ ကိုစိုးနိုင်အခန်းဘက်မှာတော့ ရိုက်နှက်သံတွေ ဆက်ပြီး ထွက်ပေါ်နေခဲ့ပါတယ်။

‘‘ကိုစိုးနိုင်က သူတို့ မေးသမျှကို ပူးပေါင်းဆောင်ရွက်မှုလုပ်ခဲ့တယ်လို့ သိရတယ်။ ဒါပေမဲ့ ရိုက်နှက်စစ်ဆေးတာတွေ လုပ်ခဲ့တယ်။ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ယောက်ျားတစ်ယောက် အော်ပြီ ၊ ညည်းပြီ ဆိုကတည်းက မခံမရိုက်နိုင်အောင် လုပ်တာ။ တစ်ယောက်တည်း ရိုက်တာမဟုတ်ဘူး။ အကုန်ဝိုင်းရိုက်ခဲ့ကြတာ’’ လို့ ထောင်တွင်းမှာ သိခဲ့ရတာတွေကို ကိုကျော်ကျော်က ပြန်ပြောပြပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ကိုစိုးနိုင်အခန်းထဲက အသံတွေ တိတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

‘‘အပြင်မှာ ကားသံတွေ လုံးဝ တိတ်သွားတဲ့ ညအတော်နက်တဲ့အချိန်မှာ စစ်သား ၂ ယောက် ရောက်လာပြီး ကိုဇော်ထွန်းကို မျက်နှာမှာအုပ်ဖို့ဆိုပြီး နှာခေါင်းစည်း ၂ ခုလာပေးပါတယ်။

‘‘ဘော်ဒီကို လမ်းမှာ ဝင်ပို့ခဲ့’’

‘‘သူ့ကို အခန်းထဲက ခေါ်ထုတ်ပြီး Double Cab ကားပေါ်တက်ခိုင်းတယ်။ အဲဒီအချိန် ကားဘေးနားမှာ နှစ်ယောက်က စကားလာပြောသံကို သူကြားခဲ့တယ်။ တစ်ယောက်က တစ်ယောက်ကို ညွှန်ကြားနေတာ’’ လို့ ကိုကျော်ကျော်က ပြောပါတယ်။

‘‘ဒီကောင့်ကို စစ်ကြောရေးပို့လိုက်တဲ့။ ဘော်ဒီ (အလောင်း) ပါတယ်၊ ဘော်ဒီကို လမ်းမှာ ဝင်ပို့ခဲ့တဲ့ ဆိုပြီး ပြောသံတွေကြားခဲ့ရတယ်ဆိုပြီး ကိုဇော်ထွန်းက ထောင်ထဲမှာ နိုင်ကျဥ်းတွေကို ပြောပြခဲ့တယ်’’

အလောင်းကို ဝင်ပို့တဲ့နေရာဟာ ကိုဇော်ထွန်းကို ဗိုလ်တထောင်ကနေ ရွှေပြည်သာ စစ်ကြောရေးကို သွားပို့တဲ့လမ်းမှာ ဝင်ပို့ခဲ့တာဖြစ်ပါတယ်။

‘‘ဝင်ပို့တဲ့နေရာကနေ ရွှေပြည်သာ စစ်ကြောရေးကို မိနစ် ၂၀ လောက် ထပ်မောင်းရတယ်။ နေရာတော့ သူလည်း အတိအကျ မသိရဘူး။ သူ့မျက်လုံး အုပ်ခံထားရတာကိုး။ အဖမ်းခံရတဲ့နေ့က ဗိုလ်တထောင်ဝင်းထဲမှာ အစစ်ဆေးခံရချိန် သူနဲ့ ကိုစိုးနိုင်ပဲရှိတာ သူသိထားရတော့ အဲဒီ ဘော်ဒီဟာ ကိုစိုးနိုင်ပဲလို့ သူ တထစ်ချယုံကြည်ခဲ့တယ်’’လို့ ကိုကျော်ကျော်ကပြောပါတယ်။

အဲဒီနောက် ဒီဇင်ဘာလ ၁၄ ရက်မှာတော့ ကိုစိုးနိုင်သေဆုံးပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

‘‘မိသားစုဝင်တွေထဲက ၂ ယောက်ကို အလောင်းကို အတည်ပြုဖို့ လာကြည့်ခိုင်းတယ်လို့ ပြောတယ်။ ဒါပေမဲ့ ခပ်လှမ်းလှမ်းက လို့ ပြောတယ်’’ လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။

တဖက်မှာလည်း ကိုစိုးနိုင်ရဲ့ ကျန်ရစ်သူ ဇနီးနဲ့ သားဖြစ်သူတို့ဟာ စစ်ကောင်စီဘက်က ခြိမ်းခြောက်မှုတွေ ခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် နေအိမ်ရွှေ့ပြောင်းပုန်းအောင်းရတဲ့အထိဖြစ်ခဲ့တယ်လို့ အဲဒီအချိန်တုန်းက စုံစမ်းမေးမြန်းချက်တွေအရ ဘီဘီစီက သိရှိရပါတယ်။

ကိုစိုးနိုင်သတင်းကို တိတိကျကျ မထုတ်ပြန်ခဲ့တာဘာကြောင့်လဲ

ကိုစိုးနိုင်ရဲ့သတင်းကို ဘီဘီစီအပါအဝင် မီဒီယာတချို့က စစ်ကောင်စီပြန်ကြားရေးအဖွဲ့ကို မေးမြန်းခဲ့ကြပေမယ့် စစ်ကောင်စီဘက်ကလည်း အတည်ပြုမပေးတဲ့အတွက် ကိုစိုးနိုင် သေသလားရှင်သလားဆိုတာ အတိအကျသိဖို့ ခက်ခဲ့ကြပါတယ်။

ဒါပေမဲ့ နေပြည်တော်မှာရှိတဲ့ ပြည်ထဲရေးနဲ့ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) တို့က ရန်ကုန်ကိုလှမ်းပြီး စုံစမ်းမှုတွေပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ရဲစခန်းတွေက သူတို့မဖမ်းထားဘူးလို့ ငြင်းချက်ထုတ်ခဲ့ကြလို့ ကိုစိုးနိုင်သေပြီဆိုတာကို စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က အတည်မပြုပေးခဲ့ပါဘူး။

ကိုစိုးနိုင်ပျောက်ဆုံးနေမှုကို ဘီဘီစီက နေ့စဥ်စုံစမ်းမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီ တပ်တွင်းအရင်းအမြစ်တစ်ခုက စစ်ကြောရေးမှာ ကိုစိုးနိုင်တစ်ယောက် အဖမ်းခံရတဲ့ ဒီဇင်ဘာ ၁၀ ရက်ကတည်းက သေဆုံးသွားခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။

ဒီဇင်ဘာ ၁၀ ရက်မှာ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တွေ ပြင်ဦးလွင်က တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းဆင်းပွဲကို ရောက်ရှိနေခဲ့ပါတယ်။

ကျောင်းဆင်းပွဲအပြီးမှာ အသံတိတ်သပိတ်ကို တန်ပြန်တဲ့အနေနဲ့ အဲဒီနေ့ အပြင်ထွက်တဲ့သူတွေကိုမဖမ်းဖို့ ပြင်ဦးလွင်ကနေ ပေးခဲ့တဲ့အမိန့်တစ်ခုရှိခဲ့တဲ့အကြောင်း ဘီဘီစီက စုံစမ်းသိရှိခဲ့ရပါတယ်။

ဒီအမိန့်နဲ့ မရှေးမနှောင်းမှာ ရန်ကုန်မြို့လယ်မှာ လူတချို့ထွက်ပြီး တပ်မတော်ထောက်ခံပွဲတောင်လုပ်ခဲ့ပါသေးတယ်။

အဲဒီနေ့က ရန်ကုန်မှာ ဓာတ်ပုံထွက်ရိုက်တဲ့ အရပ်ဘက်သတင်းသမားတစ်ယောက်ကိုစိုးနိုင်လိုပဲအဖမ်းခံခဲ့ရပေမယ့် ရဲစခန်းကပြန်လွှတ်ပေးခဲ့ပါတယ်။ ပြန်လွှတ်ပေးရမယ့်အမိန့်ရှိနေတဲ့ကြားကမိသားစုဆီကငွေတောင်းလို့ ငွေပေးမှပြန်လွတ်ခဲ့တာကိုဘီဘီစီကစုံစမ်းသိရှိရပါတယ်။

ကိုစိုးနိုင်ကတော့ အဖြစ်ဆိုးနဲ့ ကြုံခဲ့ရပါတယ်။

ဒါ့အပြင် မိသားစုကလည်း ပုန်းအောင်းနေခဲ့သလို သူတို့ပိုင်ဆိုင်တဲ့ စမ်းချောင်းမြိုနယ် ရှင်စောပုရပ်ကွက်ထဲက အိမ်ကိုလည်း စစ်ကောင်စီတပ်က ၂၀၂၂ ခုနှစ်၊ မတ်လ ၃ ရက်မှာ လာရောက်ချိပ်ပိတ်သွားခဲ့ပါတယ်။

စစ်ကြောရေးမှာ ကိုစိုးနိုင်သေဆုံးခဲ့မှုကို ပြည်တွင်းနဲ့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေနဲ့ သတင်းသမား အဖွဲ့တွေက အမှန်တရားပေါ်ပေါက်ရေး တိုက်တွန်းပြောဆိုတာတွေ ရှိခဲ့ပါတယ်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ကတော့ စစ်ကြောရေးမှာ ကိုစိုးနိုင်သေဆုံးမှုဟာ ‘‘မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကစလို့ မြန်မာစစ်ဗိုလ်ချုပ်တွေကို ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုတွေတိုးလုပ်ဖို့ နိုင်ငံတကာကို အချက်ပေးလိုက်တာ" လို့ပြောသလို "ကမ္ဘာကြီးအနေနဲ့ လက်ပိုက်ကြည့်မနေသင့်တော့ဘူး’’ လို့ ထုတ်ပြန်ပြောဆိုပါတယ်။

တချိန်တည်းမှာပဲ ကိုစိုးနိုင်တဲ့အတူ အဖမ်းခံရတဲ့ ကိုဇော်ထွန်းကတော့ ပန်းပင်ကြီးလမ်းသပိတ်တုန်းကဖမ်းဆီးခံရသူတွေအပါအဝင် လူပေါင်း ၃၀ နီးပါးနဲ့ ရွှေပြည်သာ စစ်ကြောရေးမှာ တစ်လနီးပါး ကုန်ဆုံးခဲ့ရပြီး ပုဒ်မ ၅၀၅-က အတပ်ခံရကာ ထောင် ၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။

သူ့ဖုန်းမှာတွေ့ခဲ့တဲ့ ဆန္ဒပြအစောပိုင်းကာလပုံတွေကြောင့် အခုလို ထောင်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပြီး ၂၀၂၃ ခုနှစ် မေလဆန်းမှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပါတယ်။

ကိုစိုးနိုင်ရဲ့ ဇနီးနဲ့သားကတော့ လုံခြုံရေးစိုးရိမ်ချက်နဲ့ဘေးလွတ်ရာ တိမ်းရှောင်နေရဆဲဖြစ်ပေမဲ့ ဇနီးဖြစ်သူကတော့ ကိုစိုးနိုင်သေဆုံးတယ်ဆိုတာကို လက်မခံသေးဘူးလို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

နိုင်ငံတကာလူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ကို သန်းနဲ့ချီတဲ့ ပြည်သူတွေက နိုင်ငံတဝန်း အသံတိတ် ငြိမ်သက်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကို လုပ်ဆောင်ခဲ့ကြတဲ့နေ့အဖြစ် မှတ်မိနေကြမှာပါ။

‘‘ကျွန်တော်တို့ကတော့ နိုင်ငံတကာလူ့အခွင့်အရေးနေ့ကို ကိုစိုးနိုင်ကိုပါ တွဲပြီးအမှတ်ရနေကြမှာပါ’’ လို့ သူ့မိတ်ဆွေတစ်ယောက်က ပြောပါတယ်။