အစ္စရေးက ဂါဇာမှာ တစ်ရက်လေးနာရီအပစ်ရပ်မယ်

ရေးသားခဲ့သည်။

အစ္စရေးဟာ ဂါဇာမြောက်ပိုင်းမှာ တစ်နေ့ကို လေးနာရီအပစ်ရပ်ရေး စတင်အကောင်အထည်ဖော်တော့မယ်လို့ အမေရိကန်က နားလည်ထားကြောင်း အိမ်ဖြူတော်ပြောခွင့်ရ ဂျွန်ကာဘီ က ပြောပါတယ်။

အမေရိကန်ကတော့ အစ္စရေးရဲ့ ဒီလုပ်ဆောင်မှုကို'' ထင်ရှားမြင်သာတဲ့ပထမခြေလှမ်း'' လို့ ပြောထားပါတယ်။

ဒါပေမဲ့ ကုလသမဂ္ဂပြောခွင့်ရကတော့ တိုက်ပွဲတွေရပ်ဖို့လုပ်တဲ့ ဘယ်လိုလုပ်ဆောင်မှုမဆို ကုလသမဂ္ဂနဲ့ညှိနှိုင်းလုပ်ဆောင်မှသာ အမှန်တကယ်ထိရောက်လိမ့်မယ်လို့ တုံ့ပြန်ထားပါတယ်။

အစ္စရေးရဲ့ ကာကွယ်ရေးဝန်ကြီးကတော့ တိုက်ပွဲတွေကို နှောင့်နှေးစေမှာမဟုတ်ဘဲ "ဒေသခံတွေနဲ့ တိကျသေချာတဲ့ဆောင်ရွက်မှုတွေအတွက်သာ" ဖြစ်တယ်လို့ အလေးပေးပြောခဲ့ပါတယ်။

သမ္မတဘိုင်ဒန်ကတော့ တိုက်ပွဲဖြစ်ပွားရာဒေသတွေက လူတွေကိုထွက်ခွာခွင့်ပြုဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေး လမ်းကြောင်းနှစ်ခုရှိမယ်လို့ ပြောပါတယ်။

ဒီလိုပြောနေချိန်မှာပဲ ကြာသပတေးနေ့ကဆိုရင် ဂါဇာမြို့က ဆေးရုံကြီးနှစ်ခုအနီးမှာ လေကြောင်းတိုက်ခိုက်ခံရတာနဲ့ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ထောင်နဲ့ချီတဲ့ ပါလက်စတိုင်းတွေဟာ ဂါဇာမြောက်ပိုင်းက တခြားနေရာတွေနဲ့ မြို့တွင်းကနေ တောင်ပိုင်းကို တိမ်းရှောင်ကြရတဲ့ဓာတ်ပုံတွေလည်း ထွက်ပေါ်လာပါတယ်။

သမ္မတဘိုင်ဒန်ကတော့ ဂါဇာကမ်းမြောင်ဒေသကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့တွေနဲ့ အကူအညီတွေ တိုးမြှင့်ပေးဖို့ အမေရိကန်က ကြိုးပမ်းနေပြီး အဲဒီနယ်မြေအတွင်းကိုတစ်နေ့ကို ထောက်ပံ့ရေး ကားအစီးရေ ၁၅၀ ခန့်ဝင်ရောက်နိုင်ဖို့ မျှော်မှန်းထားကြောင်းပြောပါတယ်။

ဒါပေမဲ့ကုလသမဂ္ဂကတော့ ဂါဇာကမ်းမြောင်ဒေသမှာ "တစ်စိတ်တစ်ပိုင်း" အကူအညီတွေသာဝင်ရောက်နိုင်ပြီး လူတွေလိုအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေကတော့ လုံးဝလက်ခံနိုင်ဖွယ်မရှိတော့ဘူးလို့ပြောပါတယ်။ ကုလကတော့ အစောပိုင်းကကျင်းပခဲ့တဲ့ ပါရီကညီလာခံတစ်ခုမှာ ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးအတွက်ထပ်ခါတလဲလဲ ပန်ကြားခဲ့ပါတယ်။

လုံးဝအပစ်ရပ်တာနဲ့ လူသားချင်းစာနာမှုအပစ်ရပ်တာ ဘာကွာလဲ

အစ္စရေးနဲ့ ဂါဇာကဟားမတ်စ်တို့ကြား ပဋိပက္ခကို အပစ်အခတ်ရပ်စဲဖြေရှင်းဖို့ နိုင်ငံအများအပြားရော ကုလသမဂ္ဂတို့ကပါ တောင်းဆိုထားပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေက လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်ဖို့ တောင်းဆိုထားပေမဲ့ ဒါဟာလုံးဝအပစ်အခတ်ရပ်စဲရေးနဲ့ ဘယ်လိုကွာခြားပါသလဲ။

လုံးဝအပစ်အခတ်ရပ်စဲရေးအတွက် တိုက်တွန်းတောင်းဆိုတာမျိုးမရှိတဲ့ ယူကေ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ကတော့ ဒီလိုအပစ်အခတ်လုံးဝရပ်စဲခြင်းဟာ အမေရိကန် အပါအဝင်နောက်နိုင်ငံအစိုးရတွေရဲ့ အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ခံထားရတဲ့ ဟားမတ်စ်အတွက် အခွင့်အရေးရသွားမယ်လို့ပြောထားပါတယ်။

တရားဝင်အပစ်အခတ်ရပ်စဲရေးနဲ့ နှိုင်းယှဥ်ကြည့်ရင် ဒီလိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာခဏအပစ်ရပ်တာက အချိန်တိုပြီး တစ်ခါတစ်ရံမှာ နာရီအနည်းငယ်သာ ကြာတတ်ပါတယ်။

ပုံမှန်အားဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့တွေပေးအပ်ဖို့သက်သက်သာအကောင်အထည်ဖော်ဆောင်ရွက်တာဖြစ်ပါတယ်။

ဒါပေမဲ့ ကုလသမဂ္ဂရဲ့ အပစ်ခတ်ရပ်စဲခြင်းအရဆိုရင်တော့ ဒါကရေရှည်နိုင်ငံရေး အဖြေရှာမှုကို ဆန့်ကျင်တယ်လို့ပြောထားပါတယ်။

ကုလသမဂ္ဂကတော့ အလုံးစုံအပစ်အခတ်ရပ်စဲရေးဆိုတာ ရေရှည်အကျိုးကိုရည်ရွယ်ပြီး ပါဝင်ပတ်သက်သူတွေအားလုံး တွေ့ဆုံဆွေးနွေးစကားပြောကြဖို့ အပါအဝင် အမြဲတမ်း နိုင်ငံရေးပြေလည်မှု ရနိုင်ခြေအကျိုးဆက်ကိုဆိုလိုတာလို့ ဖော်ညွှန်းထားပါတယ်။

လက်ရှိမှာတော့ ထောင်နဲ့ချီတဲ့ပါလက်စတိုင်းတွေဟာ လက်ရှိမှာတော့ အစ္စရေးရဲ့ ဘေးလွတ်ရာရွှေ့ပြောင်းထွက်ခွာခွင့် ပြန်ဖွင့်လိုက်တဲ့နောက် ဂါဇာမြောက်ပိုင်းကနေ တောင်ပိုင်းကိုထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ဂါဇာမြို့က အယ်လ်ကွဒ်စ်ဆေးရုံအနီးမှာပဲ ပြင်းထန်တိုက်ပွဲဖြစ်ပွားနေပါတယ်။အဲဒီအနီးမှာရှိနေတဲ့ တစ်ဦးကတော့ ''ကျည်ဆန်တွေကြားကနေထွက်ပြေးနေရတယ်'' လို့ ဘီဘီစီကိုပြောပါတယ်။

မျက်မြင်တစ်ဦးကလည်း အယ်လ်ကွဒ်စ်ဆေးရုံအနီးမှာ တင့်ကားတွေနဲ့ပစ်ခတ်တာကို တွေ့မြင်ခဲ့ရတယ်လို့ ပြောပါတယ်။

အစ္စရေးကာကွယ်ရေးဌာနကတော့ ကြာသပတေးနေ့က အယ်လ်ရှီဖာဆေးရုံးအနီးက ဟားမတ်စ်စစ်တပ်ရဲ့ ဌာနခွဲတစ်ခုကိုဝင်ရောက်စီးနင်းခဲ့ရာမှာ ''အကြမ်းဖက်'' ၅၀ ဦးသေဆုံးတယ်လို့ ပြောပါတယ်။

အစ္စရေးသိမ်းပိုက်ထားတဲ့ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းခြေမှာ ဂျန်နင်း ဒုက္ခသည်စခန်းကို အစ္စရေးစစ်တပ်က ဝင်ရောက်စီးနင်းမှုကြောင့် ပါလက်စတိုင်း ၁၄ ယောက်သေဆုံးသွားတယ်လို့ ပါလက်စတိုင်း ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။

အစ္စရေးစစ်တပ်ကတော့ အဲဒီမှာ သံသယရှိသူတွေကို ဖမ်းဆီးပြီး လက်လုပ်ဗုံးတွေကို ဖျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။

ဂါဇာရဲ့ အကြီးဆုံး ဆေးဘက်ဆိုင်ရာ အဆောက်အအုံဖြစ်တဲ့ အယ်လ်ရှီဖာဆေးရုံဟာ ဂါဇာမြို့တော် မြောက်ပိုင်း ရီမေးလ်ရပ်ကွက်မှာရှိပြီး အဲဒီမှာ လူနာ ၂,၀၀၀ ခန့်နဲ့ ရွှေ့ပြောင်းသူ ၅၀,၀၀၀ ခန့်ရှိနေတာဖြစ်ပါတယ်။

ဂါဇာမြောက်ပိုင်းမှာတိုက်ပွဲတွေနဲ့ တိုက်ခိုက်မှုတွေဖြစ်နေရုံသာမက သောက်သုံးရေနဲ့စားနပ်ရိက္ခာ အလုံအလောက်ရရှိရေး ရုန်းကန်နေကြရပါတယ်။ မကြာသေးမီရက်တွေကအဲဒီမှာနေထိုင်တဲ့ အရပ်သား သိန်းနဲ့ချီထဲကအချို့က တောင်ဘက်ကို ထွက်ပြေးခဲ့ကြရပါတယ်။

ဝေဟင်ကနေဒရုန်းနဲ့ ရိုက်ကူးထားတဲ့ဓာတ်ပုံတွေအရဆိုရင် အစ္စရေးကာကွယ်ရေးတပ် IDF ကနေ ခြောက်ရက်ဆက်တိုက်လမ်းကြောင်းကို ဖွင့်လှစ်ပေးတဲ့နောက် ဆာလက်အယ်ဒင်လမ်း Salah al-Din လမ်းတစ်လျှောက်နဲ့ ဝါဒီဂါဇာမြစ်ကိုဖြတ်ကူးနေတဲ့လူတန်းရှည်ကို မြင်တွေ့ရပါတယ်။

ဂါဇာရှိ ဟားမတ်စ်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနကတော့ ကြာသပတေးနေ့က အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်းပြောပါတယ်။

ဒါပေမဲ့ အစ္စရေးရဲ့ ကာကွယ်ရေးဌာန IDF ကတော့ ဒါကိုချက်ချင်းတုံ့ပြန်ချက်မပေးသေးဘူး။

တစ်ချိန်တည်းမှာပဲ ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းအစ္စလာမစ်ဂျီဟတ်အဖွဲ့က သူတို့ ဓားစာခံဖမ်းဆီးထားတဲ့ အစ္စရေးနှစ်ဦးရဲ့ ဗီဒီယိုကိုထုတ်ပြန်ခဲ့ပါတယ်။

ဓားစာခံတွေရဲ့ အခုဗီဒီယိုဟာ ၁၀ရက်ကြာမှတစ်ခါထုတ်ပြန်လာတာဖြစ်ပြီး ဗီဒီယိုထဲမှာသက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦးနဲ့ အမျိုးသားငယ်တစ်ဦး ပါပါတယ်။

ဂါဇာက ဟားမတ်စ်ဦးဆောင်တဲ့ကျန်းမာရေး ဝန်ကြီးဌာနကတော့ အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဟားမတ်စ်တို့ တိုက်ခိုက်ခဲ့ရာ လူပေါင်း ၁,၄၀၀ သေဆုံးပြီး လူပေါင်း ၂၄၀ ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးတဲ့နောက် လက်ရှိဂါဇာမှာ ကလေး ၄,၄၁၂ ဦး အပါအဝင် အနည်းဆုံး လူ ၁၀,၈၁၂ ဦး သေဆုံးခဲ့တယ်လို့ ပြောထားပါတယ်။

အစ္စရေးဝန်ကြီးချုပ် နက်တန်ညာဟုကတော့ ဟားမတ်စ်ကိုတိုက်ခိုက်မှုပြီးသွားရင် အစ္စရေးအနေနဲ့ ဂါဇာ‌ကမ်းမြောင်ကို သိမ်းပိုက်စိုးမိုးတာ၊ နေရာယူဖို့နဲ့ အုပ်ချုပ်ဖို့ လုပ်မှာမဟုတ်ဘူးလို့ ပြောပါတယ်။

နက်တန်ညာဟုကတော့ စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုတွေပေါ်ပေါက်လာတာကို တားဆီးဖို့ လိုအပ်ပါက နယ်မြေအတွင်းကို ၀င်ရောက်ဖို့ '' ယုံကြည်ထိုက်တဲ့ တပ်ဖွဲ့တစ်ခု'' လိုအပ်မယ်လို့ အမေရိကန် ရုပ်မြင်သံကြားဌာန Fox News ကို ဖြေကြားထားပါတယ်။

''ကျွန်တော်တို့ ဂါဇာကို သိမ်းပိုက်ဖို့ မကြိုးစားဘူး၊ ဂါဇာကို နေရာယူဖို့ မကြိုးစားဘူး၊ ဂါဇာကို အုပ်ချုပ်ဖို့လည်း မကြိုးစားဘူး" လို့ သူက ထပ်လောင်းပြောကြားပြီး အရပ်သားအစိုးရ အစ္စရေးအနေနဲ့ လူပေါင်း ၁၄၀၀ ခန့်ကို ဟားမတ်စ်တို့ သတ်ဖြတ်ခဲ့တဲ့ အောက်တိုဘာ ၇ ရက် လို ထပ်မဖြစ်ဖို့ကို အာမခံချက်ရဖို့ လိုအပ်တယ်လို့ပြောပါတယ်။

“ဒီတော့ ကျွန်တော်တို့ '' ယုံကြည်ထိုက်တဲ့ တပ်ဖွဲ့တစ်ခု'' ရှိဖို့လိုတယ်ဆိုတာက လိုအပ်ရင် ဂါဇာထဲကို ဝင်ရောက်ပြီး လူသတ်သမားတွေကို နှိမ်နင်းနိုင်မယ့်တပ်ဖွဲ့တစ်ခု ရှိဖို့အတွက်ပါ။ ဘာကြောင့်လဲ ဆိုတော့ ဒါဟာ ဟားမတ်စ် ပုံစံမျိုး ပြန်လည် ပေါ်ပေါက်လာနိုင်တာကို တားဆီးနိုင်ဖို့အတွက်ပါ” လို့ ပြောပါတယ်။

နေတန်ညာဟုရဲ့ ဒီမှတ်ချက်ပြုမှုတွေ ကို အခုတစ်ပတ်အစောပိုင်းကပြောခဲ့တာပါ။ အစ္စရေးအနေနဲ့ ဂါဇာရဲ့လုံခြုံရေး တာဝန်ယူသင့်တယ်ဆိုတဲ့ အမေရိကန်ရဲ့ ပြင်းထန်တဲ့တုံ့ပြန်မှုနောက်မှာဒီအကြံပြုချက် ထွက်ပေါ်လာတာပါ။