မိုးခေါင်ရေရှားမှု ဆိုးရွားလာရာကနေ နှစ်ပေါင်း ၁၁၃ သန်းက ဒိုင်နိုဆောတစ်ကောင်ရဲ့ ခြေရာတွေ ပြန်ပေါ်လာ

ရေးသားခဲ့သည်။

အမေရိကန်နိုင်ငံမှာ မိုးခေါင်ရေရှားမှုတွေ ဖြစ်နေရာမှာ တက္ကဆက်ပြည်နယ် အလယ်ပိုင်းက ခန်းခြောက်သွားတဲ့ မြစ်တစ်ခုရဲ့ အောက်ခြေကြမ်းပြင်ပေါ်မှာ ဟိုးအရင် နှစ်ပေါင်း ၁၁၃ သန်းတုန်းက ဒိုင်နိုဆောတစ်ကောင်ရဲ့ ခြေရာတွေ ပေါ်လာခဲ့ပါတယ်။

အခုတွေ့ရတဲ့ ခြေရာတွေက Acrocanthosaurus အမျိုးအစား ဒိုင်နိုဆောတစ်ကောင်ရဲ့ ခြေရာတွေ ဖြစ်ပါတယ်။ မြစ်ရေအောက်မှာ ရှိနေပြီး ရွှံ့အနည်တွေ အထပ်ထပ် ဖုံးနေတာကြောင့် အရင်က မတွေ့ခဲ့ရတာပါ။ ဒီလိုမျိုး ဒိုင်နိုဆောတစ်ကောင်တည်းရဲ့ ခြေရာတွေ အများကြီး မတွေ့ရတာ ၂၀၀၀ ခုနှစ်ကတည်းက ဖြစ်ပါတယ်။

အမေရိကန် မိုးခေါင်ရေရှားမှု စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ အဆိုအရ တက္ကဆက်ပြည်နယ်ထဲက နေရာအားလုံးနီးပါးလောက်ဟာ မိုးခေါင်ရေရှားမှုနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က တက္ကဆက်ပြည်နယ်ရဲ့ ဒေသ ၈၇ ရာခိုင်နှုန်းကျော်ဟာ ထူးကဲတဲ့ အဆိုးဝါးဆုံး မိုးခေါင်ရေရှားမှုမျိုးနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။

အခုနှစ် နွေရာသီဟာ မကြုံစဖူး ခြောက်သွေ့ ပူပြင်းလွန်းလှတာကြောင့် တက္ကဆက်ပြည်နယ် အလယ်ပိုင်းမှာ ရှိတဲ့ အဲဒီဒိုင်နိုဆောဥယျာဉ်ထဲက မြစ်တစင်း ရေလုံးဝနီးပါး ခန်းခြောက်သွားခဲ့ရာကနေ အခုလို ဒိုင်နိုဆောခြေရာတွေ ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အခုတွေ့ရတဲ့ ခြေရာတွေဟာ Acrocanthosaurus ဒိုင်နိုဆောတစ်ကောင်ရဲ့ တကိုယ်တည်း ခရီးလမ်းကြောင်းပေါ်က ခြေရာတွေဖြစ်ပြီး ပေ ၁၀၀ လောက် ခရီးရှိတယ်လို့ မစ္စတာ ဒေးဗစ်စ်က ဘီဘီစီကို ပြောပြပါတယ်။ ဒီဒိုင်နိုဆော သွားခဲ့တဲ့ ခရီးလမ်းကြောင်းပေါင်း ၁၄၀ လောက် ရှိလိမ့်မယ်လို့ ခန့်မှန်းထားပြီး အခုအခါ ခရီးလမ်းကြောင်း ၆၀ လောက်ကို တွေ့လာနေရပြီ ဖြစ်ပါတယ်။

Acrocanthosaurus အမျိုးအစား ဒိုင်နိုဆောတွေဟာ မတ်တပ်ရပ်လိုက်ရင် ၁၅ ပေလောက်မြင့်ပြီး ကိုယ်အလေးချိန် ၇ တန်လောက် လေးပါတယ်။

Acrocanthosaurus ဒိုင်နိုဆောတွေဟာ နောက်ဒိုင်နိုဆော တစ်မျိုးဖြစ်တဲ့ Sauroposeidon ဒိုင်နိုဆောတွေကို သတ်ဖြတ်စားသောက်လေ့ ရှိခဲ့ပုံရပါတယ်။ Sauroposeidon ဒိုင်နိုဆောတွေရဲ့ ခြေရာလမ်းကြောင်းတွေကိုလည်း အဲဒီ ဒိုင်နိုဆောဥယျာဉ်မှာ တွေ့ရပါတယ်။

Sauroposeidon ဒိုင်နိုဆောတွေကတော့ လည်ပင်းရှည်ကြီးတွေနဲ့ အရပ်က ပေ ၆၀ လောက် မြင့်ပြီး အရွယ်ရောက်ချိန်မှာ ကိုယ်အလေးချိန် ၄၄ တန်လောက် ရှိတတ်ပါတယ်။

အခုလို ရာသီဥတု ထူးကဲပြင်းထန်မှုတွေကြောင့် တခြားမထင်မှတ်တဲ့ အရာတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

အမေရိကန်နိုင်ငံရဲ့ အကြီးဆုံး ရေလှောင်ကန်ကြီးဖြစ်တဲ့ Lake Mead ရေအိုင်ကြီးမှာ ရေတွေ ခန်းသွားခဲ့ရာကနေ လူ့အကြွင်းအကျန် အရိုးစုတွေ ပေါ်လာတာ တွေ့ရပါတယ်။

ဥရောပမှာဆိုရင်လည်း ရေတွေ ခန်းခြောက်ကုန်တာကြောင့် မြစ်ကမ်းနံဘေး ကျောက်တုံးတွေမှာ ဟိုးအရင်ခတ်တွေတုန်းက ထွင်းထားခဲ့ဖူးတဲ့ ကပ်ဘေးအန္တရာယ် သတိပေးစာတမ်းတွေ ပြန်ပေါ်လာတာ တွေ့ရပါတယ်။ ရေတွေ ခန်းခြောက်ပြီး ဒီကျောက်တုံးတွေပေါ်လာပြီဆိုရင် မိုးခေါင်ရေရှားမှု၊ ငတ်မွတ်ခေါင်းပါးမှု ဘေးအန္တရာယ်တွေ ကြုံလာရနိုင်ပြီ ဆိုတာ နောင်မျိုးဆက်တွေကို သတိပေးတဲ့အနေနဲ့ အရင့်အရင်ခေတ်တွေတုန်းက ရှေးလူကြီးတွေက သူတို့ကိုယ်တိုင် ဒီလိုကပ်ဘေးအန္တရာယ် ကြုံရချိန်မှာ ရေးထွင်းထားခဲ့တာပါ။

မိုးခေါင်ရေရှားမှုတွေဟာ ရာသီဥတုပြောင်းလဲလာမှုကြောင့်တင် မဟုတ်ဘဲ လေထုထဲမှာ အပူချိန်မြင့်မားမှုကြောင့်လည်း ကမ္ဘာပေါ်မှာ အစိုဓာတ် ပိုခန်းခြောက်လာပြီး မိုးခေါင်ရေရှားမှုကို ပိုဆိုးလာစေတာ ဖြစ်ပါတယ်။

ကမ္ဘာကြီးမှာ စက်မှုခေတ် စခဲ့ချိန်ကတည်းကစလို့ အပူချိန် ၁ ဒဿမ ၂ ဒီဂရီစင်တီဂရိတ်လောက် ပိုပူနွေးနေခဲ့ပြီး ဖြစ်ပြီး တကယ်လို့ နိုင်ငံအစိုးရတွေအနေနဲ့ ကမ္ဘာတဝန်း ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု သိသိသာသာ မလျှော့ချဘူးဆိုရင် ဒါ့ထက် ပိုဆက်ပူနွေးလာဖို့ ရှိနေပါတယ်။