ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးရာထူးက ထုတ်ပယ်ခံရ- ဇူလိုင် ၂၅ ရက် ညနေခင်း နိုင်ငံတကာ သတင်းများ
တရုတ်နိုင်ငံခြားရေး ဝန်ကြီး ချင်းဂန်ကို ရာထူးကနေ ဖယ်ရှားလိုက်တယ်လို့ တရုတ်အစိုးရ သတင်းတွေမှာ ဖော်ပြပါတယ် ။
ဘာကြောင့် ရာထူးကနေ ဖယ်ရှားလိုက်သလဲဆိုတာကိုတော့ မဖော်ပြပါဘူး။ သူဟာ လူမြင်ကွင်းကနေ ပျောက်နေတာ တလနီးပါးရှိနေပြီ ဖြစ်ပါတယ်။
ဒီဇင်ဘာလက မစ္စတာ ချင်းက ဒီရာထူးကို ရယူခဲ့တာ ဖြစ်ပါတယ်။ တရုတ် ထိပ်တန်း သံတမန် ဝမ်ယီကို ဒီနေရာကို တာဝန်ပေးလိုက်တယ်လို့ အစိုးရ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တရုတ်ကွန်မြူနစ်ပါတီရဲ့ စနစ်အရ နိုင်ငံခြားရေး မူဝါဒကို ထိပ်တန်း တာဝန်ရှိသူတွေက ပုံဖော်ပြီး နိုင်ငံခြားရေး ဝန်ကြီးက အကောင်ထည်ဖော်ဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။
တရားစီရင်ရေး အာဏာကို ကန့်သတ်တဲ့ အစ္စရေး အစိုးရကို ပြည်သူတွေ ဆန္ဒပြ
တရားစီရင်ရေး အဖွဲ့ရဲ့ အာဏာကို ကန့်သတ်လိုက်တဲ့ ဥပဒေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုထားတဲ့အစ္စရေး ရှေ့နေအဖွဲ့ ဥက္ကဋ္ဌရဲ့ အသနားခံစာကို ဗဟိုတရားရုံးချုပ်ကို တင်သွင်းလိုက်ပါတယ်။
အတိုက်အခံခေါင်းဆောင် ယာယဲလာပစ်ကလည်း အလားတူ လုပ်မယ်လို့ ပြောပါတယ်။
အစ္စရေး ဝန်ကြီးချုပ် ဘဂျမင်နက်တန်ယာဟုက အခုလို လုပ်ဆောင်ချက်အပေါ် ကာကွယ် ပြောဆိုခဲ့ပေမဲ့ အတိုက်အခံတွေက သူ့ရဲ့ တင်းမာတဲ့ လက်ယာစွန်းရောက် အစိုးရရဲ့ တရားစီရင်ရေးကို ပြင်ဆင်တာက အစ္စရေး ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုတခုလို့ ပြောပါတယ်။
လေဘာပါတီကိုယ်စားလှယ် အဲဖရက် ရေးတန်က နိုင်ငံမှာ မနေ့က ဖြစ်နေတဲ့ အရာက သူ့နိုင်ငံအတွက် အဓိက အကျပ်အတည်းပြဿနာ လို့ ပြောပါတယ်။
‘လွတ်လပ်ရေးအတွက် ပြန်တိုက်ပွဲဝင်နေတယ်လို့ ခံစားရပါတယ်။ အစ္စရေး ဒီမိုကရေစီအတွက် အမှောင်ကျတဲ့ မနက်ခင်းပါ။ မနေ့က အစ္စရေး နိုင်ငံအတွက် တော်တော် ကြမ်းတမ်းပါတယ်။ အများစုက ဝမ်းနည်းပြီး စိုးရိမ်နေကြပါတယ်။ အစွန်းရောက်ပြီး ဒီမိုကရေစီနဲ့ရော ဇီယွန်ဝါဒကို ပါဆန့်ကျင်တဲ့ ပါတီတွေနဲ့ စုဖွဲ့ထားတဲ့ အစ္စရေး အစိုးရရဲ့ ဆုံးဖြတ်ချက်က အစ္စရေးရဲ့ ဒီမိုကရေစီ အခြေခံမူကို အန္တရာယ် ဖြစ်စေပါတယ်’လို့ ပြောပါတယ်။
အစ္စရေး နိုင်ငံတဝန်းမှာရှိတဲ့ ဆရာဝန်တွေကလည်း တရားစီရင်ရေးဆိုင်ရာ အပြောင်းအလဲအပေါ် ၂၄ နာရီကြာ စတင် ဆန္ဒပြနေပါတယ်။
အစိုးရရဲ့ မူဝါဒက ကြောင်းကျိုးမညီညွတ်ဘူးဆိုရင် ပြန်လည် ပြောင်းလဲနိုင်တဲ့ တရားရုံးရဲ့ တရားစီရင်ပိုင်ခွင့် အာဏာကို ပယ်ဖျက်လိုက်တဲ့အပေါ် ထောင်နဲ့ချီတဲ့ ဆန္ဒပြတဲ့သူတွေက အစ္စရေး ပါလီမန်မှာ မနေ့ညက ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲလည်း ထိပ်တိုက် တွေ့ခဲ့ကြပါတယ်။
ဒီဥပဒေ အတည်ပြုလိုက်တဲ့အပေါ် ဗြိတိန်နဲ့ ဥရောပသမဂ္ဂ(အီးယူ)တို့က စိုးရိမ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။
တောင်ကိုရီးယား ပြည်ထဲရေး ဝန်ကြီးကို ရာထူးပြန်ခန့်ဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး ဆုံးဖြတ်
တောင်ကိုရီးယား ပြည်ထဲရေး ဝန်ကြီး လီဆန်မင်း ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးက ရာထူးပြန်လည် ခန့်အပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဟော်လိုဝင်း ပွဲတော် ဆိုးလ်မှာ လူအုပ်ပြိုပြီး လူ ၁၆ဝ သေဆုံးခဲ့တဲ့နောက် ဖေဖော်ဝါရီလက လွှတ်တော်မှာ သူ့ကို စွပ်စွဲပြစ်တင်ခဲ့တာကြောင့် ရာထူးကနေ ဆိုင်းငံ့ခံခဲ့ ရတာ ဖြစ်ပါတယ်။
လူထုလုံခြုံရေးအတွက် မစ္စတာလီ တာဝန်ယူမှု ပျက်ကွက်ခဲ့သလားဆိုတာကို တရားသူကြီးတွေက စုံစမ်း စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်က ဟော်လိုဝင်းပွဲမှာ လူအုပ်ပိလို့ သေဆုံးခဲ့ရတဲ့သူတွေရဲ့ မိသားစုဝင်တွေ အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။
ဒီဖြစ်ရပ်အတွက် အဆင့်မြင့် အရာရှိတစ်ဦး တာဝန်ခံဖို့ လိုတယ်လို့ သူတို့က မှတ်ယူထားတာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်မှာ တိုင်ဖုန်းကြောင့် လူထောင်နဲ့ချီ ဘေးလွတ်ရာ တိမ်းရှောင်
ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း ကမ်းခြေမြို့တွေမှာ နေထိုင်တဲ့ ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ တိုင်ဖုန်းမုန်တိုင်း ဒေါ့ဆူရီဖြတ်သန်းတိုက်ခတ်မှာ ဖြစ်တာကြောင့် ဘေးလွတ်ရာကို ရှောင်တိမ်း ခိုလှုံနေကြပါတယ်။
တိုင်ဖုန်းက တနာရီကို လေတိုက်နှုန်း ၁၄၅ မိုင် နှုန်းနဲ့ တိုက်ခတ်နိုင်ပြီး လေပြင်းတွေလည်း တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။ တိုင်ဖုန်းကြောင့် လှိုင်းလုံးတွေက ၃ မီတာ အထိ မြင့်တက်နိုင်တယ်လို့လည်း ဆိုပါတယ်။
တိုင်ဖုန်းက ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံ အရှေ့တောင် ဘက်ကို ရွေ့လျားနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
ရုရှား ကိုယ်စားလှယ်အဖွဲ့ မြောက်ကိုးရီးယားကို လာမယ်
ရုရှား ကိုယ်စားလှယ်အဖွဲ့ ဒီသတင်းပတ်အတွင်းမှာ လာရောက် လည်ပတ်မယ်လို့ မြောက်ကိုရီးယား အစိုးရပိုင်သတင်းဌာနက ထုတ်ပြန်လာပါတယ်။
ဒီအဖွဲ့ကို ရုရှား ကာကွယ်ရေး ဝန်ကြီး ဆာဂေး ရွှိုင်ဂူးက ဦးဆောင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကိုရီးယား စစ်ရပ်ဆိုင်းတဲ့ နှစ် ၇ဝ ပြည့်အခမ်းအနားကို သူတို့အဖွဲ့က တက်ရောက်ဖို့ လာတာ ဖြစ်ပါတယ်။
ဇူလိုင် ၂၄ ရက် မနေ့ကလည်း ဒီအခမ်းအနားကို တက်ဖို့ တရုတ် ကိုယ်စားလှယ်အဖွဲ့ ပြုံယမ်းကို လာမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါဟာ ကိုဗစ် ကပ်ရောဂါ စတင် ဖြစ်ပွားပြီးတဲ့နောက် ပထမဆုံး အဖြစ် တရုတ်ကိုလာတဲ့ နိုင်ငံခြားက တာဝန်ရှိသူတွေလည်း ဖြစ်ပါတယ်။
ပြုံယမ်းမှာကျင်းပမယ့် အခမ်းအနားမှာ စစ်ရေးပြ အခမ်းအနားတွေပါ ထည့်သွင်း ကျင်းပဖို့ ရှိပြီး နိုင်ငံရဲ့ အကြီးဆုံး နျူကလီးယား ဒုံးကျည်တွေကိုလည်း စီတန်းလှည့်လည်ပွဲတွေမှာ ပြသသွားဖို့ ရှိနေပါတယ်။