မိုဒီဟာ မဏိပူရကို အိန္ဒိယရဲ့ တစိတ်တဒေသလို့ သတ်မှတ်ထားပုံမရဘူးလို့ အတိုက်အခံခေါင်းဆောင်ပြော - သြဂုတ်လ ၉ ရက် ညပိုင်း နိုင်ငံတကာသတင်းများ

ရေးသားခဲ့သည်။

အိန္ဒိယမှာ လတ်တလောဖြစ်ခဲ့တဲ့ မဏိပူရအရေးအခင်းနဲ့ပတ်သက်လို့ အတိုက်အခံခေါင်းဆောင် ရာဟူးဂန္ဓီဟာ ဝန်ကြီးချုပ် မိုဒီကို တိုက်ခိုက်ပြောကြားလိုက်ပါတယ်။

မစ္စတာမိုဒီဟာ မိခင်အိန္ဒိယပြည်ကို ဖျက်ဆီးနေတယ်လို့ မစ္စတာ ဂန္ဒီက စွပ်စွဲ ပြောခဲ့တာပါ။

အသရေဖျက်မှုနဲ့ တရားစွဲခံထားရတဲ့ မစ္စတာ ဂန္ဒီဟာ သူအမှုကို ဆိုင်းငံ့ခံရပြီးနောက် ပထမဆုံး အနေနဲ့ အခုလို ထုတ်ပြောလာတာ ဖြစ်ပါတယ်။

ဟိန္ဒူအမျိုးသားရေးဝါဒီ အိန္ဒိယ ဝန်ကြီးချုပ်ဟာ မဏိပူရပြည်နယ်ကို အိန္ဒိယရဲ့ တစိတ်တဒေသအဖြစ် သတ်မှတ်ထားပုံ မရဘူးလို့ မစ္စတာ ဂန္ဒီက ဆိုပါတယ်။

အိန္ဒိယပါလီမန်မှာ မစ္စတာမိုဒီအပေါ် အယုံအကြည်မရှိ အဆိုကို ဒုတိယမြောက်နေ့အဖြစ် ဆက်လက် ဆွေးနွေးလျက်နေပြီး အာဏာရ ဘီဂျေပီ ပါတီကတော့ ဒါဟာ အများအာရုံစိုက်မှုရအောင် လုပ်တဲ့ ကြိုးပမ်းချက်တရပ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှာပြီးခဲ့တဲ့ လပိုင်းတုန်းက လူများစု ဟိန္ဒူ ကသည်းတွေနဲ့ ခရစ်ယာန် ကူကီးတွေကြား လူမျိုးရေး အဓိကရုန်းဖြစ်လို့ အနည်းဆုံး လူအယောက် ၁၅ဝ သေဆုံးခဲ့ပါတယ်။

နီဂျဲမှာ အာဏာသိမ်းခံသမ္မတဆီ အာဏာပြန်လွှဲဖို့ လုပ်နေတယ်လို့ဆို

နီဂျဲနိုင်ငံမှာ အာဏာသိမ်းခံလိုက်ရတဲ့ သမ္မတ မိုဟာမက် ဘဇွန်းမ် ဆီ အာဏာပြန်လွှဲပေးဖို့ နိုင်ငံရေးခြေလှမ်းတရပ် ဖန်တီးနေတယ်လို့ သူပုန်ခေါင်းဆောင်ဟောင်း နိုင်ငံရေးသမား Rhissa Ag Boula က ပြောပါတယ်။

Council of Resistance for the Republic ဆိုတဲ့ ကောင်စီတရပ် ဖွဲ့စည်းဖို့ ဆိုတဲ့ သူ့ရဲ့လုပ်ဆောင်ချက်ဟာ နီဂျဲမှာ ဖွဲ့စည်းပုံဆိုင်ရာ အမိန့်အာဏာ ပြန်လည် အပ်နှင်းနိုင်ဖို့ ကြိုးစားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

နီဂျဲမှာ သမ္မတ အိမ်တော် အစောင့်တပ်က မစ္စတာ ဘဇွန်းမ်ဆီကနေ အာဏာသိမ်းမှု ပြီးခဲ့တဲ့လတုန်းက ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

တခြား ဖြစ်ရပ်တခုမှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင် ဟာ သမ္မတ ဘဇွန်းမ်နဲ့ စကားပြောခဲ့ပြီး သူ့ကိုဆက်လက်ထောက်ခံအားပေးသွားမယ် ၊ နီဂျဲမှာ ဒီမိုကရေစီ ပြန်လည် ထူထောင်ကာ ဖွဲ့စည်းပုံ ဆိုင်ရာ အမိန့်အာဏာပြန်အပ်နှင်းဖို့ နည်းလမ်း အဖြေရှာသွားမယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

လက်ရှိတော့ မစ္စတာ ဘလင်ကန်ရဲ့ လက်ထောက် ဗစ်တိုးရီးယား နုလန်းဟာ နီဂျဲမြို့တော် နီယာမေ မှာ ရောက်နေပြီး သမ္မတနဲ့ တွေ့ခွင့်မရ ဖြစ်နေပါတယ်။

ဂျပန်မှာ ဝင်မွှေနေတဲ့ တိုင်ဖုန်းမုန်တိုင်း တောင်ကိုရီးယားဆီ ဦးတည်နေ

ဂျပန်နိုင်ငံတောင်ပိုင်းမှာ Khanun တိုင်ဖုန်းမုန်တိုင်းကြောင့် မိုးကြီး လေပြင်းတိုက်နေပါတယ်။

အခုတော့ ဒီမုန်တိုင်းဟာ ကျူးရှုးကျွန်းကို ဖြတ်ကျော်ကာ တောင်ကိုရီးယားဘက်ဆီ ဦးတည်နေပါတယ်။

လေကြောင်းခရီးစဉ်တွေ ၊ ရထားပြေးဆွဲမှုတွေ ရပ်နားထားရပြီး ထောင်နဲ့ချီတဲ့ နေအိမ်တွေမှာ လျှပ်စစ်မီးပြတ်တောက်လျက် ရှိပါတယ်။

မုန်တိုင်းလမ်းကြောင်းနားက နာဂစကီမြို့မှာ အဏုမြူဗုံးဒဏ်ခံရတဲ့ နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်မယ့် ဂျပန်ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ကိုလည်း ဖျက်သိမ်းထားပါတယ်။

တောင်ကိုရီးယားမှာတော့ မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားပြီး နက်ဖြန် ကြာသပတေးနေ့မှာ မြေပြိုမှုတွေ ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။

ကိုဗစ်ကာလတလျှောက် စီးပွားရေး ရုန်းကန်ရတဲ့ တရုတ်ရဲ့ လက်ရှိ အခြေအနေ

တရုတ်နိုင်ငံမှာ ၂ နှစ်အတွင်း ပထမဆုံး အနေနဲ့ ကုန်စျေးနှုန်းကျဆင်းခဲ့ပြီးနောက် ငွေဖောင်းပွမှု လျော့ကျလာပါတယ်။

ဇူလိုင်လတုန်းက တရုတ် ကုန်စျေးနှုန်းအညွှန်းကိန်းဟာ မနှစ် အလားတူအချိန်ထက် ဝ.၃% ကျဆင်းသွားတယ် တရုတ်အစိုးရ ထုတ်ပြန်တဲ့စာရင်းတွေမှာ တွေ့ရပါတယ်။

အိမ်ရာမြေစျေးကွက် အခြေအနေ နဲ့ လူငယ်တွေ အလုပ်အကိုင်မဲ့မှုတွေကြောင့် ဝယ်လိုအားကျဆင်းကာ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေအပေါ် ယုံကြည်မှု လျော့ကျလာတာပါ။

ကမ္ဘာမှာ ဒုတိယ စီးပွားရေး အင်အားအကြီးဆုံး တရုတ်ဟာ ကိုဗစ်ကာလတလျှောက် စီးပွားရေးရုန်းကန်ရတဲ့ အခြေအနေကနေ ပြီးခဲ့တဲ့လပိုင်းတုန်းက အနည်းငယ် ပြန်ခေါင်းမော့လာတာ ဖြစ်ပါတယ်။