ဇွန် ၁ ရက် ထိပ်တန်းသတင်းများ-မိုခါမုန်တိုင်း ကူညီထောက်ပံ့ရေးပစ္စည်းတွေ ဖြန့်ဝေသွားလာခွင့်ရရေး အတည်ပြုချက်စောင့်ဆိုင်းနေဆဲ လို့ အိုချာပြော

ရေးသားခဲ့သည်။

မိုင်းလားဆွေးနွေးပွဲ အပြုသဘောဆောင်တယ်လို့ စစ်ကောင်စီပြော

ရှမ်းပြည်နယ်အရှေ့ပိုင်း၊အထူးဒေသ(၄)မိုင်းလား မှာ ဒီကနေ့စတင်တဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ဆွေးနွေးပွဲရလဒ် အပြုသဘောဆောင်တယ် လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

တရုတ်ရဲ့ကမကထ ပြုမှုကြောင့် စစ်ကောင်စီ နဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် (MNDAA) ၊ ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ဆွေးနွေးပွဲ ကြိုတင်ကြေညာမထားဘဲ ရုတ်တရက် ပေါ်ပေါက်လာတာဖြစ်ပါတယ်။

‘’ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်တဲ့အခြေအနေတွေဆွေးနွေးဖြစ်တယ်။ ပြီးရင်တော့ ယုံကြည်မှုတည်ဆောက်ရေးကိစ္စတွေ ဆွေးနွေးဖြစ်ပါတယ်’’ လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

စစ်ကောင်စီဘက်က ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး နဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေး ဆိုတဲ့ မူဝါဒ နှစ်ခုကိုကိုင်ပြီး ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

‘’သူတို့ဘက်ကတောင်းဆိုမှုတချို့ကတော့ ဖမ်းဆီးထားတဲ့သူတွေ ပြန်လွတ်မြောက်ရေးကိစ္စတို့၊ မတရားအသင်းက ပယ်ဖျက်ပေးရေး ကိစ္စတို့ဖြစ်ပါတယ်။’’ လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့ ကို ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က ဦးဆောင်ပြီး ဆွေးနွေးပွဲဒုတိယရက်အဖြစ် မနက်ဖြန် ဆက်ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဆွေးနွေးပွဲနဲ့ပတ်သက်လို့မေးမြန်းဖို့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။

မိုခါဒဏ်ခံခဲ့ရတဲ့စစ်တွေမှာ ကျောင်းတွေ ဘယ်လိုပြန်ဖွင့်နေလဲ

နိုင်ငံတဝန်းစာသင်ကျောင်းတွေ ဒီနေ့ စတင်ဖွင့်လှစ်ခဲ့တဲ့အထဲ မိုခါမုန်တိုင်းတိုက်ခတ်ခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့က စာသင်ကျောင်းတွေလည်းပါဝင်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့ကတိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် လူနေအိမ်တွေအပြင် စာသင်ကျောင်းပေါင်း ၁၃၅၂ ကျောင်း ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီက မေလ ၁၈ ရက် ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းတိုက်ခတ်ပြီး ၁၆ ရက်အကြာမှာတော့ ပုံမှန်ကျောင်းဖွင့်ရက်အတိုင်း ရခိုင်ပြည်နယ်အတွင်းက ကျောင်းတွေကိုလည်း တပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့တာတွေ့ရပါတယ်။

ဒါပေမဲ့ စစ်တွေမှာဆို မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ကျောင်းအများစုမှာ ပျက်စီးသွားတဲ့အဆောက်အဦတွေကို ပြန်လည်ပြုပြင်တာမပြီးစီးသေးတဲ့အတွက် အဆောက်အဦးအပျက်အစီးတွေကြားမှာပဲ ကလေးတွေ ပညာသင်ကြားနေတာတွေ့ရပါတယ်။

စစ်တွေမြို့ပေါ်က တချို့ကျောင်းတွေမှာတော့ ပျက်စီးသွားခဲ့တဲ့ ကျောင်းဆောင်တွေကို ပြန်လည်မပြုပြင်နိုင်သေးချိန်မှာ နီးစပ်ရာရပ်ကွက်တွေအတွင်းမှာရှိတဲ့ သာသနိကအဆောက်အဦတွေ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဓမ္မာရုံတွေမှာ ယာယီစာသင်ခန်းအဖြစ် ဖွင့်လှစ်သင်ကြားပေးတာ တွေ့ရပါတယ်။ “ကျွန်မတို့ကျောင်းက ခေါင်မိုးတွေ ဘာမှာမရှိတော့ဘူး။ ပြန်လည်မပြုပြင်ရသေးတော့ အခုရွာဦးကျောင်းက ဓမ္မာရုံမှာပဲ ဒီကနေ့ကျောင်းစတက်နေကြတာပါ။”လို့ မင်းဂံရပ်ကွက် ၁ မှာရှိတဲ့ အမက ၁ က ဆရာမတစ်ဦးကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကျောင်းပေါင်းဘယ်လောက်ထိ ဒီကနေ့မှာစတင်ဖွင့်လှစ်ပေးနိုင်ခဲ့တယ်ဆိုတာနဲ့ မဖွင့်ပေးနိုင်တဲ့ကျောင်းပေါင်းဘယ်လောက်ရှိတယ်ဆိုတာကို သိရှိနိုင်ဖို့ ရခိုင်ပြည်နယ်ကျောင်စီနဲ့ ပြည်နယ်ပညာရေးဌာနတာဝန်ရှိသူတွေကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အဆက်အသွယ်မရသေးပါဘူး။

အင်းတော်ကြီး၊ ဟဲပုရွာမှာအင်အားပြင်းငလျင်လှုပ်၊ အဆောက်အဦတချို့ ထိခိုက်ပျက်စီး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသက ဟဲပုရွာနဲ့ နန့်မွန်း ရွာ တွေမှာ မနေ့ မေလ ၃၁ ရက်နေ့ ညနေ ၆ နာရီခန့်က အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့လို့ သာသနိကအဆောက်အဦတချို့အပါအဝင် လျှပ်စစ်ဓာတ်တိုင်တွေနဲ့ လမ်းတချို့ ထိခိုက်ပျက်စီးတာတွေရှိခဲ့တယ်လို့ဒေသခံတွေထံက သိရပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသက ဟိုပင် - နန့်မွန်း-လုံးတုံ-ဝှေလုံ ကားလမ်း မိုင်တိုင်အမှတ် (၁၉/၁) နဲ့ (၁၉/၂ ) အကြား လမ်းအက်ကွဲသွားတာအပြင် ဟဲပုရွာက ဟဲပုဘုန်းကြီးကျောင်း မုခ်ဦးပြိုကျတာ၊ နန့်မောက်ကန်ကျေးရွာမှာရှိတဲ့ မီးသင်္ဂြိုဟ်စက် ခေါင်းပြိုကျတာ၊ အင်းတော်ကြီး အ ထ က စာသင်ကျောင်း ကျောင်းနံရံ မှန်ပြတင်းပေါက်ကွဲတာတွေအပြင် အုတ်တံတိုင်းနဲ့ နံရံပြိုကျမှုတချို့ ရှိခဲ့ပါတယ်။

"ငလျင်လှုပ်တာ ကျွန်တော့်သက်တမ်း ၄၉ နှစ်အတွင်း အပြင်းဆုံးပဲ။ တိုက်အိမ်လေးတွေ အက်တာတို့ ၊ တိုင်တွေကွဲတာတို့တွေဖြစ်သွားတယ်။ မနေ့က ညနေ ၅ နာရီ ၅၀ မှာ ဖြစ်သွားတာ" လို့ ဟဲပုကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။

ဒီငလျင်နဲ့ပတ်သက်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ မြန်မာနိုင်ငံ ဟိုပင်မြို့ရဲ့ အနောက်မြောက်ဘက်ကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၅ ဒသမ ၉ အဆင့်ရှိတဲ့ အင်အားအသင့်အတင့်ရှိတဲ့ငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြစ်ကြီးနားမှာ အပူချိန်မြင့်တက်နေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီရက်ပိုင်း နေ့အပူအချိန်တွေ မြင့်တက်နေပြီး မေလ ၃၁ ရက်နေ့မှာတော့ အပူချိန်ဟာ ၄၁ ဒဿမ ၈ ဒီဂရီစင်တီဂရိတ်နဲ့ စံချိန်တင်ခဲ့တယ်လို့ ကချင်ပြည်နယ်မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။

၁၉၇၉ ခုနှစ်က ပူခဲ့တဲ့ အပူကတော့ မြစ်ကြီးနား မြို့မှာ ၄၁ ဒသမ ၅ အထိသာ အပူချိန် ရှိခဲ့ပြီးတော့ နှစ်ပေါင်း ၄၄ ခုနှစ် အတွင်း မြစ်ကြီးနားမြို့မှာဖြစ်ပေါ်ခဲ့တဲ့ မေလတွေရဲ့ အပူချိန် ကို နှိုင်းယှဉ်ကြည့်ရာမှာ ဒီနှစ် ၂၀၂၃ ခုနှစ်မေလမှာတော့ အရင်ကာလတွေထက် အပူချိန်ပြင်းခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ ၁၉၇၉ ခုနှစ်မှာက ၄၁ ဒသမ ၅ ရှိတာပေါ့နော်။ မနေ့ မေ ၃၁ ရက်က ညနေပိုင်း ၃နာရီ ခွဲအချိန်မှာ ပြန်တိုင်းတော့ ၄၁ ဒဿမ ၅ ရှိနေပြီးပေါ့။ ညနေ ၁၈ နာရီ (ညနေ ၆ နာရီ) တိုင်းထွားချက်မှာ ၃၁ရက်နေ့ မေလ ၂၀၂၃ ၁၈နာရီခွဲတိုင်းထွားချက်အရ မှတ်တမ်းကျိုးသွားတယ်ပေါ့နော်။ ၁၉၇၉ ခုနှစ်ကနေ မေလ တွေရဲ့အပူချိန်တွေချည်းပဲ​၄၄နှစ်အတွင်း မှတ်တမ်းတွေပြန်ကြည့်တော့ ဒီ ၂၀၂၃ မေလ ၃၁ ရက်က အပူချိန် ၄၁.၈ ဒီဂရီစင်တီဂရိတ်နဲ့ စံချိန်ထပ်ကျိုးသွားတဲ့သဘောပေါ့” လို့ မိုးဇလ တာဝန်ရှိသူက ရှင်းပြပါတယ်။

မြစ်ကြီးနားမြို့ခံတွေကြားမှာလည်း မုတ်သုန်ရာသီဝင်ကာစ တချို့ရက်တွေမှာ မိုးရွာသွန်းတာတွေရှိခဲ့ပေမဲ့ ဒီမေလကုန်ပိုင်းမှာ ရာသီဥတုအပူချိန်တွေမြင့်တက်နေတာကို သိသာစွာခံစားနေရတယ်လို့ ပြောကြပါတယ်။

ရန်ကုန်တိုင်းစစ်ဒေသခွဲ NUG စတင်ဖွဲ့စည်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ရန်ကုန်တိုင်းစစ်ဒေသခွဲရဲ့ ပထမဆုံးတပ်ရင်းကို ဇွန်လ ၁ ရက်နေ့မှာ စတင် ဖွဲ့စည်းလိုက်ပါတယ်။

တပ်ရင်း ၅၁၀၁ လို့ အမည်ပေးထားတဲ့ အဲဒီတပ်ရင်းကို ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေအတိုင်း ဖွဲ့စည်းလိုက်တယ်လို့ NUG က ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်းစစ်ဒေသခွဲအနေနဲ့ နယ်မြေအခြေအနေရော လုံခြုံရေးအရပါ အရင်က မြို့ပြပြောက်ကျား လှုပ်ရှားမှုတွေနဲ့ စစ်ကောင်စီ ထောက်တိုင်တွေကို တိုက်ခိုက်နေရာကနေ တပ်ရင်း/ တပ်ဖွဲ့တွေ ဖွဲ့စည်းဖို့ NUG က ညွှန်ကြားထားပြီး အခုလိုဖွဲ့စည်းလာတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းစစ်ဒေသခွဲအတွင်းမှာ တပ်ရင်း/တပ်ဖွဲ့တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းတွေနဲ့အညီ စနစ်တကျစုဖွဲ့သွားမယ် လို့ NUG က ထုတ်ပြန်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာန က ပြည်သူ့ကာကွယ်ရေး တပ်မတော် ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ ဆေးဘက်ဆိုင်ရာ စစ်မှုထမ်း ဆောင်ဖို့ ဆေးဝန်ထမ်းတပ်ဖွဲ့ နဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း မနေ့က စတင်ခေါ်ယူခဲ့ပါတယ်။

ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာ ရာထူးက နုတ်ထွက်မယ်

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်းဟေဇာ နုတ်ထွက်တော့မယ်လို့ ကုလသမဂ္ဂက ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။

မစ္စနိုလင်းဟေဇာဟာ သူ့ရဲ့စာချုပ်သက်တမ်းကုန်ဆုံးတဲ့ ဇွန်လ ၁၂ ရက်နေ့မှာ နုတ်ထွက်မှာဖြစ်တယ်လို့ ကုလသတင်းတွေကဆိုပါတယ်။

ရွေးကောက်ခံအရပ်သားအစိုးရကို စစ်တပ်က ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့နောက် နိုင်ငံတဝန်း လက်နက်ကိုင် ခုခံတော်လှန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိလာခဲ့တဲ့ မြန်မာမှာ ၂၀၂၁ ခုနှစ် အောက်တိုဘာလကစလို့ မစ္စနိုလင်းဟေဇာက မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် လပေါင်း ၂၀ ကြာ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး ဒါဟာ ဒီရာထူးမှာ အရင်က တာဝန်ယူခဲ့တဲ့ မစ္စ ခရစ္စတင်းရှနာ ဘာဂနာ တာဝန်ယူခဲ့တဲ့ သက်တမ်းထက် ထက်ဝက်ကျော်နည်းပါးပါတယ်။

ခရစ္စတင်းရှနာ ဘာဂနာကို ယူအန်က ၂၀၁၈ ခုနှစ်ဧပြီလမှာခန့်အပ်ခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် နေပြည်တော်မှာရှိတဲ့ အထူးကိုယ်စားလှယ်ရုံးကိုလည်းပိတ်သိမ်းခဲ့သလို သူ့နေရာမှာ အထူးကိုယ်စားလှယ်အဖြစ် နိုလင်းဟေဇာကိုခန့်အပ်ခဲ့တာပါ။

နိုလင်းဟေဇာဟာ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခဲ့စဥ်က မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ထိတွေ့ဆက်ဆံခဲ့ဖူးသူဖြစ်လို့ ဒါကြောင့်ခန့်အပ်တယ်ဆိုတဲ့ယူဆချက်တွေရှိပါတယ်။

သူဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်မှာ နေပြည်တော်ကို လာရောက်ခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံချိန်မှာ မြန်မာပြည်တွင်းအကြမ်းဖက်မှုတွေကို ချက်ချင်း ရပ်တန့်ဖို့၊ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး နိုင်ငံရေးလမ်းကြောင်းတစ်ခုကို ထောက်ပံ့ဖို့၊ အကျဥ်းထောင်ထဲက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ကိုပြန်ပို့ဖို့နဲ့ သူနဲ့တွေ့ဆုံခွင့်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ စစ်ကောင်စီကတော့ တစ်ခုမှမလိုက်လျောခဲ့ပါဘူး။ အဲဒီတုန်းက ဒီတွေ့ဆုံမှုဟာ ကုလသမဂ္ဂက စစ်ကောင်စီကို အစိုးရအဖြစ်အသိအမှတ်ပြုတာလို့ ထုတ်ပြောလာပြီး NUG ကတော့ မစ္စနိုလင်းဟေဇာဟာ သူ့အလုပ်သူလုပ်တာလို့နားလည်ပေမဲ့ စစ်ကောင်စီကို တရားဝင်မှုပေးခြင်းမျိုးမဖြစ်ဖို့ သတိပေးခဲ့ပါတယ်။

နိုလင်းဟေဇာကတော့ နောက်ထပ်အဓိပ္ပာယ်ရှိတဲ့ခရီးစဥ်မဟုတ်မချင်း မြန်မာနိုင်ငံကိုထပ်မံလာရောက်မှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့လပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောကြားထားပါတယ်။ ဒါ့အပြင် အထူးကိုယ်စားလှယ်တစ်ဦးအနေနဲ့ NUG အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ထိတွေ့ဆက်ဆံမှုတွေပြုလုပ်နေတယ်လို့ ဆိုထားပါတယ်။

ကုလအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က နိုလင်းဟေဇာရဲ့ မြန်မာပြည်သူလူထုတွေနဲ့ မြန်မာ့ငြိမ်းချမ်းရေးအတွက် အားထုတ်ကြိုးပမ်းဆောင်ရွက်မှုတွေကို ကျေးဇူးတင်ကြောင်းနဲ့ လစ်လပ်သွားတဲ့ အထူးကိုယ်စားလှယ်နေရာမှာ အထူးကိုယ်စားလှယ်သစ်တစ်ဦး ခန့်အပ်သွားမယ်လို့ ဆိုပါတယ်။

မိုခါမုန်တိုင်းသင့်ဒေသက လူပေါင်း နှစ်သိန်းကျော်ကို စားနပ်ရိက္ခာအကူအညီတွေ ပေးအပ်ပြီးဖြစ်ကြောင်း ယူအန်ပြော

မြန်မာနိုင်ငံမှာ ဆိုင်ကလုန်းမုန်တိုင်းမိုခါတိုက်ခတ်ပြီး နှစ်ပတ်အကြာမှာ ယူအန်နဲ့မိတ်ဖက်အဖွဲ့အစည်းတွေက လူပေါင်း ခြောက်သောင်းကျော် (၆၃,၀၀၀) ကို အမိုးအကာနဲ့ တခြားကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းတွေ ပံ့ပိုးကူညီခဲ့ကြပြီး လူပေါင်း ၂ သိန်းကျော် (၂၃၀,၀၀၀) ဟာ စားနပ်ရိက္ခာအကူအညီတွေရရှိခဲ့တယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကို ဆောင်ရွက်ပေးနေသူတွေမှာလည်း သူတို့ရရှိထားတဲ့ ခွင့်ပြုထားချက်တွေနဲ့ ရှိထားတဲ့ အထောက်အပံ့ပစ္စည်းတွေကို ဆက်လက်ပံ့ပိုးမှုတွေ တိုးမြှင့် လုပ်ဆောင်နေပေမဲ့လည်း ထောက်ပံ့ရေးပစ္စည်းတွေဖြန့်ဖြူးနိုင်ဖို့နဲ့ ရွေ့လျားသွား လာနိုင်ရေး ခွင့်ပြုချက်ရရှိဖို့အတွက် ပိုမိုကျယ်ပြန့်တဲ့ ဝင်ရောက်ခွင့်တွေ အရေးတကြီးလိုအပ်နေတယ်လို့လည်း ယူအန်က ပြောပါတယ်။

မုန်တိုင်းဒဏ်သင့်အိမ်ထောင်စုတွေအတွက် စားနပ်ရိက္ခာသိုလှောင်ထားရှိမှုတွေလျော့နည်းလာပြီး အစားအသောက်စျေးနှုန်းတွေလည်းမြင့်တက်လာတာနဲ့ ရင်ဆိုင်နေရတယ်လို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးဆောင်ရွက်နေသူတွေက သတိပေးပြောကြားနေတယ်လို့ ယူအန်က ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ကုန်လှောင်ရုံတွေကတဆင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ ရေးပစ္စည်းတွေကို သယ်ယူဖို့ ခွင့်ပြုချက်နဲ့ အတူ ဖြန့်ဖြူးပေးရေးစတဲ့ လုပ်ငန်းတွေအတွက် ပိုမိုကျယ်ပြန့်စွာ လုပ်‌ဆောင်ပေးနိုင်ဖို့ အရေးတကြီးလိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA- Myanmar ရဲ့ မေလ ၃၁ရက်နေ့ အစီရင်ခံစာအရ သိရပါတယ်။

မိုခါမုန်တိုင်း ကူညီထောက်ပံ့ရေးပစ္စည်းတွေ ဖြန့်ဝေသွားလာခွင့်ရရေး အတည်ပြုချက်စောင့်ဆိုင်းနေဆဲ လို့ အိုချာပြော

မြန်မာနိုင်ငံအနောက်ပိုင်းမှာ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမိုခါဒဏ်ကို ကြီးမားစွာထိခိုက် ခံစားခဲ့ရတဲ့ နေရာအများစုမှာ အမိုးအကာ၊ သောက်သုံးရေ၊ သန့်ရှင်းရေးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတဲ့အခြေအနေကို အချိန်နဲ့တပြေးညီ ထောက်ပံ့ကူညီဖို့ဟာ မုတ်သုန်ရာသီဝင်ရောက် လာတာကြောင့် အချိန်လုပြီးလုပ်ကိုင်နေရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်လာပါတယ်။

မေလ ၃၀ ရက်နေ့စွဲနဲ့ အဲဒီထုတ်ပြန်ချက်မှာ ရခိုင်၊ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းက ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်က မုန်တိုင်းဒဏ်သင့်လူဦးရေ ၁ ဒဿမ ၆ သန်းကို ကူညီဖို့ အရေးပေါ် ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၃၃၃ သန်းထည့်ဝင်ပေးဖို့လည်း UNOCHA က တိုက်တွန်းထားပါတယ်။

ကူညီထောက်ပံ့ရေးပစ္စည်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေသွားလာခွင့်အတွက် အတည်ပြုချက် စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့လည်း အဲဒီထုတ်ပြန်ချက်က ဆိုထားပြီး ဘယ်သူတွေထံက အတည်ပြုချက်ဆိုတာကိုတော့ သီးခြားထည့်သွင်းဖော်ပြထားတာမရှိပေမဲ့ ဒါဟာ လက်ရှိ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ကို သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ဒေသလို့ ကြေညာပြီး စစ်ဗိုလ်ချုပ်တွေကို တပ်ဖြန့် စေလွှတ်ထားတဲ့ စစ်ကောင်စီထံက ခွင့်ပြုချက်လို့ ယူဆရပါတယ်။

အတည်ပြုချက်ကိုစောင့်ဆိုင်းနေတဲ့ကာလအတွင်း လူသားချင်းစာနာ မှုဆိုင်ရာအဖွဲ့အစည်းတွေဟာ ရှိရင်းစွဲ ရရှိထားတဲ့ခွင့်ပြုချက်နဲ့ အသင့်ရှိပြီး အမိုးအကာ၊ ရေနဲ့သန့်ရှင်းရေး အကူအညီတွေ၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ အရေးပေါ်စားနပ်ရိက္ခာတွေကို လက်လှမ်းမီရောက်ရှိနိုင်တဲ့ နေရာတိုင်းမှာ ကူညီပံ့ပိုးနေတယ်လို့ အိုချာက ဆိုပါတယ်။

ရခိုင်ပြည်နယ်တစ်ခုတည်းမှာပဲ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) က လူပေါင်း ၁၀၇,၀၀၀ အတွက် စားနပ်ရိက္ခာထောက်ပံ့ပေးထားပြီး အိမ်ထောင်စု ၇,၇၀၀ အတွက် အမိုးအကာနဲ့ အခြား လိုအပ်တဲ့ကယ်ဆယ်ရေးပစ္စည်းတွေကိုပံပိုးပေးခဲ့သလို သောက်သုံးရေ လီတာ ၃၀,၀၀၀ ကျော်ကိုလည်း ဖြန့်ဝေပေးခဲ့တယ်လို့ဆက်လက်ဖော်ပြထားပါတယ်။ ဒါပေမဲ့ အဲဒီအထောက်အပံ့တွေမှာ ရခိုင်ဒေသခံတွေနဲ့ ရိုဟင်ဂျာတွေ ဘယ်လောက်ဆိုပြီး အရေအတွက်ခွဲခြားထုတ်ပြန်ထားတော့ဖော်ပြထားတာမတွေ့ရပါဘူး။

နိုင်ငံအနောက်မြောက်ဖက်ပိုင်းက မုန်တိုင်းဒဏ်သင့်သူတွေကို အမိုးအကာတွေပြုပြင်ဖို့အတွက် ငွေသား အကူအညီတွေပေးခဲ့သလို လူဦးရေ ၄,၅၀၀ အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးအသုံးအဆောင်တွေနဲ့ တခြားကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေဟာ မုန်တိုင်းဒဏ်သင့်ရပ်ရွာလူထုအားလုံးကို ပံ့ပိုးကူညီဖို့ အတွက် အဆင်သင့်ရှိနေပေမဲ့ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့အတွက် ဝင်ရောက်ကူညီခွင့်တွေပိုမို ရရှိဖို့၊ ထောက်ပံ့ရေးပစ္စည်းနဲ့ ရန်ပုံငွေတွေတိုးမြှင့်ရရှိဖို့လည်း လိုအပ်နေတယ်လို့ အိုချာကတိုက်တွန်းထားပါတယ်။