"အောင်မြင်သွားတဲ့ တော်လှန်ရေးတွေက လက်နက်အင်အား နဲ့ မဆိုင်ဘူး"

ရေးသားခဲ့သည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးရဲ့အလားအလာ၊ တိုင်းရင်းသားဒေသတွေနဲ့ စစ်ကိုင်းဘက်က တော်လှန်ရေးအဖွဲ့တွေရဲ့ မတူညီတဲ့အနေအထား၊ မြန်မာပြည်က တော်လှန်ရေးအပေါ် နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုအခြေအနေတွေနဲ့ ပတ်သက်လို့ အမေရိကန်စစ်တပ်မှာ ဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိ အမေရိကန် ဟာဝိုင်ယီပြည်နယ်က အာရှ-ပစိဖိတ်လုံခြုံရေးလေ့လာရေးဌာန (DKI APCSS) က ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ်ကို ကိုရင်မောင်က မေးမြန်းထားပါတယ်။

ဒေါက်တာမီမီဝင်းဘတ်က DKI APCSS ဌာနကိုယ်စားအနေနဲ့မဟုတ်ဘဲ သူ့ရဲ့ကိုယ်ပိုင်အမြင်သုံးသပ်ချက်တွေကို ပြောပြထားပါတယ်။

ဘီဘီစီ - ဒီနေ့ကာလ လက်နက်ကိုင် ဆန့်ကျင်နေကြတဲ့ အင်အားစုတွေရဲ့ လှုပ်ရှားမှုတွေ အပေါ် ဒေါက်တာ့ အမြင်ပထမဆုံးသိပါရစေ။

ဒေါက်တာ မီမီဝင်းဘတ် - ဒီတစ်နှစ်မှာပေါ့နော်၊ အခု ဘာတွေ့နေရလဲဆိုတော့ ပီဒီအက်ဖ်တွေ၊ အယ်လ်ဒီ အက်ဖ်တွေ၊ အီးအေအိုတွေအနေနဲ့ သူတို့ရဲ့ တယောက်နဲ့ တယောက် ပူးပေါင်း ဆောင်ရွက်မှုပေါ့နော်။ ပူးပေါင်းဆောင်ရွက်မှုက နီးစပ်တဲ့ ဒေသဆိုင်ရာအဆင့် ပူးပေါင်း စစ်ဆင်မှု (Tactical level) တွေမှာ သူတို့တော်တော် ကောင်းလာတယ်၊

သူတို့အတွက်က နည်းနည်းပိုပြီးတော့ တိုးတက်အောင် လုပ်ဖို့ လိုတာက ကြီးမားတဲ့ စစ်ဆင်ရေး ဆိုင်ရာ အဆင့် (Operational Level) တွေမှာ၊ နိုင်ငံတဝန်းနဲ့ ဆိုင်တဲ့ အဆင့်တွေမှာ သူတို့ ပိုပြီး တိုးတက်အောင် လုပ်နိုင်မယ်ဆိုလို့ ရှိရင် သူတို့အတွက် အများကြီး တိုးတက်မယ်၊

နောက်တစ်ခု ကျွန်မ ထပ်ပြီးတွေ့လာတာက ပြောက်ကျား စစ်ဆင်ရေး (Guerrilla Warfare) ပေါ့၊ ပြောက်ကျားစစ်ဆင်ရေးကို မြို့ပြဧရိယာ (Urban Area)တွေမှာ ပိုပြီး သုံးလာတာ တွေ့တယ်။

ဘီဘီစီ - ကရင်နီတို့ ၊ကရင်တို့လို ဧရိယာတွေမှာ ပေါင်းစည်းပြီးတိုက်ကျတာ ပိုတွေ့ရတယ်။ သို့သော်လည်း အာဏာသိမ်းပြီးမှစတဲ့ အညာဘက်က လက်နက်ကိုင်တော်လှန်ရေးကျတော့ အဖွဲ့လေးတွေကွဲပြားပြီးတော့ အဲဒီလို ပေါင်းစုတိုက်တာမျိုး အားနည်းတယ်လို့ ထင်တယ်။ ဘယ်လိုမြင်ပါသလဲခင်ဗျ။

ဒေါက်တာ မီမီဝင်းဘတ် - ပိုပြီးတော့ နယ်မြေ ဝေးသွားလေလေ သူတို့အတွက်က ပူးပေါင်းဆောင်ရွက်ဖို့ အတွက်ကကျတော့ ပိုပြီးခက်တယ်။

ဘာလို့လဲဆိုတော့ သူတို့အတွက်ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီးတော့ အများကြီးစိန်ခေါ်မှုတွေရှိတယ်။ အဲဒါမျိုးတွေပေါ့နော်။

ပူးတွဲစစ်ရေးဖော်ဆောင်တာ၊ အမိန့်ပေးကွပ်ကဲမှုစနစ် အဆင့်ဆင့်တွေက တည်ဆောက်နေတုန်းပဲ ရှိသေးတယ်။

၃ နှစ်လောက် ကြာလာတဲ့ အခါကျတော့ သူတို့အတွက် တိုက်ပွဲပန်းလာတာတွေတော့ ရှိတယ်။

ဒါပေမဲ့လည်း သူတို့ရဲ့ တိုက်ပွဲနိုင်အောင် တိုက်ခိုက်နိုင်စွမ်းပေါ့နော်။ စစ်တပ်နဲ့ ဖြစ်လို့ရှိရင် သူတို့မှာ တိုက်ပွဲနိုင်အောင် တိုက်ခိုက်နိုင်စွမ်း ရှိနေတုန်းပဲ။

ဘီဘီစီ - အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အခန်းကဏ္ဍပေါ့နော်။ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အခန်းကဏ္ဍကိုရော ဘယ်လိုမြင်ပါသလဲ ခင်ဗျ။

ဒေါက်တာ မီမီဝင်းဘတ် - NUG ကာကွယ်ရေးဝန်ကြီးဌာန ကျတော့ သူတို့လုပ်တာ မူဝါဒ နဲ့ပတ်သက်လို့ ပိုပြီး တိုးတက်လာတယ်လို့ ကျွန်မ တွေ့တယ်။

ဒါပေမဲ့လည်း NUG ကာကွယ်ရေးဝန်ကြီးဌာနမှာ အခက်အခဲတွေလည်း အများကြီးရှိပါတယ်။

ဆိုတော့ NUG ရဲ့ ဌာနချုပ်ကို အမေရိကန်တို့ တခြား စစ်တပ်တွေနဲ့တော့ ယှဉ်လို့တော့မရဘူး။

ဘာလို့လဲဆိုတော့ သူတို့တွေက စစ်ဆင်ရေးတွေ၊ဘာတွေကို အသေအချာလေ့လာပြီးတော့ လုပ်ထားတဲ့သူတွေမဟုတ်ဘူး။

ဒီတော်လှန်ရေးကျတော့မှ လုပ်ရင်းသင်ယူတဲ့ အနေနဲ့ လုပ်တယ်ဆိုတော့လေ။

ဘီဘီစီ- ပြောကြတာရှိတယ်။ လက်နက်ကိုင်တော်လှန်ရေးနဲ့ သွားကြတာဆိုလို့ရှိရင် နယ်စပ်ချင်းကပ်နေတဲ့ နိုင်ငံတွေရဲ့ ထောက်ခံမှုမပါဘဲ နဲ့ အောင်မြင်မှုရဖို့ ခက်ခဲတယ်ဆိုတဲ့ အယူအဆတွေရှိတယ်။ ဥပမာ ထိုင်းတို့၊ တရုတ်တို့ က မထောက်ခံသရွေ့ မြန်မာပြည်ရဲ့ လက်နက်ကိုင်တော်လှန်ရေးအောင်မြင်ဖို့က ဝေးနေတယ် လို့ပြောလို့မရဘူးလား။

ဒေါက်တာ မီမီဝင်းဘတ် - အောင်မြင်သွားတဲ့ တော်လှန်ရေးတွေက (ကျွန်မအမြဲတမ်းပြောတယ်။) လက်နက်အင်အား နဲ့ မဆိုင်ဘူး။

ပြည်သူလူထု ပံ့ပိုးမှု၊ နိုင်ငံတကာဖိအားပေးမှု၊ ဘက်ကူးပြောင်းမှု တို့နဲ့ ဆိုင်တယ်။

အခုဆိုရင် တော်တော်များများ ဘက်ကူးပြောင်းလာတာတွေ ရှိနေတယ်။ နိုင်ငံတကာဖိအားပေးမှု ပိုပြီးတော့ ကြီးမားလာတယ်။

နောက် ပြည်သူလူထုကလည်း အခုထက်ထိ ၉၀ ရာခိုင်နှုန်းကျော် ထောက်ပံ့နေတုန်း။ ဒါတွေက အနိုင်ရတဲ့ ပုံသေနည်းတွေလို့ ပြောလို့ရတယ်။

ပိုပြီးတော့ တိုးတက်လာတာက ချင်းတောင်မှာ ကြည့်လိုက် လက်နက်အင်အားကွာပေမယ့် နိုင်အောင် တိုက်တတ်တယ်။ မဟာဗျူဟာ သုံးတယ်။

သူတို့မှာရှိတဲ့ ပထဝီအနေအထား၊ နယ်မြေအနေအထား ကို အသုံးချပြီးတိုက်တာ။ လက်နက်အင်အား မဟုတ်ဘူး။

အိမ်နီးနားချင်း ထိုင်း နဲ့ ပတ်သက်ပြီးတော့ပေါ့နော်။

ထိုင်းရဲ့ အစိုးရသစ်လာတော့မယ်။ (ထိုင်းရွေးကောက်ပွဲအနိုင်ရပါတီ) ရှေ့သို့ချီပါတီ ဆိုရင် ပြောလာပြီ (ရှေ့သို့ချီပါတီခေါင်းဆောင်) ပီတာ ဆိုရင် ပြောလာပြီ။

ပြည်သူလူထုဘက်က ထောက်ခံဖို့ သူတို့အများကြီးလုပ်ထားတယ်။

ဘီဘီစီ - တစ်ဖက်မှာ သုံးသပ်သူတွေကလည်း ပြောတာရှိတယ်။

မြန်မာနိုင်ငံလိုမျိုး အရှေ့တောင်အာရှလိုနေရာမျိုးက တရုတ်နဲ့ အနောက် အားပြိုင်တဲ့ ကွင်းပြင်မျိုးဖြစ်လာမယ်ဆိုတာမျိုးတွေ ဥပမာအားဖြင့် တောင်တရုတ်ပင်လယ်ကိစ္စ၊ ထိုင်ဝမ် ကိစ္စ စသဖြင့် အထူးသဖြင့် အမေရိကန်နဲ့ တရုတ်ကြားမှာ အားပြိုင်ကြတာရှိတယ်။

ဆိုတော့ မြန်မာနိုင်ငံအရေးကလည်း တရုတ်နဲ့ အမေရိကန်ကြားမှာ အားပြိုင်လာမယ့် ကွင်းပြင်တစ်ခု ဖြစ်လာမလား။

ဒေါက်တာ မီမီဝင်းဘတ် - တရုတ်ကတော့ အားပြိုင်နေတယ်လို့ ထင်ရင်ထင်လိမ့်မယ်။

အမေရိကန်ဘက်ကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် သူတို့ရဲ့ နိုင်ငံခြားရေးမူဝါဒက ဒီမိုကရေစီနဲ့ပိုဆိုင်တယ်။ တရုတ်နဲ့ပတ်သက်ပြီး မစဉ်းစားဘူး။

တရုတ် ရှိရှိ မရှိရှိ ပြည်သူလူထုအများစုက ဒီမိုကရေစီလိုချင်တယ်ဆိုရင် သူတို့ထောက်ပံ့ကူညီမယ်။

အဲဒီလို ကြည့်တာ။ ဒီမိုကရေစီက သူတို့ရဲ့ အဓိက အကျိုးစီးပွားလို့ ပြောလို့ရတယ်။

ဘီဘီစီ - အမေရိကန်ရဲ့ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဆိုင်ရာအက်ဥပဒေ (NDAA) ထဲမှာပါတဲ့ မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ Burma Act မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကို လက်နက်မပါတဲ့ အကူအညီပေးမယ်လို့ ပါတယ်။

အဲဒီဆုံးဖြတ်ချက်ချထားတာ ဒီနှစ်ဆန်း ကတည်းကပေါ့နော်။ ဒါပေမဲ့ လက်တွေ့မှာ ပံ့ပိုးကူညီမှု မကြားရသေးဘူး ဖြစ်နေတယ်။ ဆိုတော့ ဒေါက်တာတို့အနေနဲ့ ရော ဘာတွေသိထားတာရှိပါသလဲ။

ဒေါက်တာ မီမီဝင်းဘတ် - ဒီကိစ္စက အမေရိကန်ပြည်တွင်းနိုင်ငံရေးနဲ့ နည်းနည်းသက်ဆိုင်သွားတယ်။ ဒီလထဲမှာပဲ အစိုရရဲ့ အကြွေးယူနိုင်တဲ့ ပမာဏ နဲ့ ပတ်သက်ပြီး ဖြစ်နေတာရှိတယ်။

အဲဒီကိစ္စကြောင့် တော်တော်များများအစီအစဉ်တွေ ရန်ပုံ‌ငွေက နည်းနည်းနောက်ကျနေတယ်။ ဆိုတော့ ဒါနဲ့ ပတ်သက်တယ်။

ပြီးတော့ မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ Burma Act က နည်းနည်းလေးဆန်းတယ်။ နည်းနည်းလေး ရှုပ်ထွေးတယ်။ အဲဒီအတွက် သူတို့ ဆွေးနွေးပွဲတွေအများကြီး လုပ်နေကြတယ်။

လက်နက်မပါတဲ့ အကူအညီလို့ပြောရင် အဲဒီအထဲမှာ ဘာတွေပါလဲပေါ့နော်။ နောက်ပြီးတော့ ကျွန်မတို့မှာ ဥပဒေတွေ ရှိတယ်။

အဲဒီဥပဒေတွေနဲ့ ငြိမငြိဆိုတာတွေ ဌာန အချင်းချင်း ဆွေးနွေးနေကြတယ်။ ကာကွယ်ရေးဌာန ရှိတယ်။ နောက် အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုး‌ရေးအေဂျင်စီရှိတယ်။ အဲဒီဌာနတွေ ဆွေးနွေးနေကြတာပေါ့နော်။

ဘီဘီစီ - ဒေါက်တာ့အနေနဲ့ရော မြန်မာ့အရေးဟာ ပြီးဆုံးအောင်မြင်ဖို့ ဘယ်လောက်ကြာဦးမယ် ခန့်မှန်းထားလဲ။

ဒေါက်တာ မီမီဝင်းဘတ် - ပြောရခက်တယ်(ရယ်လျက်)။ ဘာလို့လဲဆိုတော့ ခုန ပြောသွားသလိုပဲ။ အကြောင်းခံတွေ အများကြီးရှိတယ်။

ဒါတွေ ဖြည့်သွားအောင် ဘယ်လောက်ကြာကြာလုပ်ရမလဲ။

ဒါနဲ့ပတ်သက်တယ်။ ကျွန်မကတော့ ဘယ်တော့မှ ခန့်မှန်းချက်တွေ သိပ်မပြောဘူး။

ဒါပေမဲ့ လားရာကတော့ ပြောလို့ရတယ်။

ဦးတည်တဲ့ လားရာကကျတော့ အခုဆိုလို့ရှိရင် ဘက်ပြောင်းတာတွေကလည်းရှိနေတုန်းပဲနော်။

နောက်ပြီးတော့ မြေပြင်မှာလည်း ထိတွေ့မှုတွေ တိုက်ပွဲတွင်း သေဆုံးမှုတွေ ပိုများလာတယ်။

ပြည်သူလူထုဘက်ကလည်း အခုထက်ထိ ဇွဲရှိနေတုန်းပဲ ဆိုတော့လေ။

လားရာကတော့ ခုခံဆန့်ကျင်တော်လှန်ရေးဘက်က အလေးသာနေတယ်လို့ ပြောလို့ရတယ်။