ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အောက်တိုဘာ ၄ ရက် ထိပ်တန်းသတင်းများ - မြန်မာ ၁ ဦးသေဆုံးတဲ့ Siam Paragon ပစ်ခတ်မှု သေနတ်သမားကို ထိုင်းရဲအမှုဖွင့်
မြန်မာရွှေ့ပြောင်းလုပ်သားအမျိုးသမီးတစ်ဦးအပါအဝင် လူ ၂ ဦးသေဆုံးခဲ့တဲ့ ဘန်ကောက်မြို့က Siam Paragon စျေးဝယ်စင်တာ သေနတ်ပစ်ခတ်မှုမှာ ဖမ်းဆီးထားတဲ့ အသက် ၁၄ နှစ်အရွယ်လူငယ်ကို လူသတ်မှုအပါအဝင် အမှု ၅ ခုနဲ့ အမှုဖွင့်ထားလိုက်ပြီလို့ ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။
အဲဒီလူငယ်ကို လူသတ်မှု၊ လူသတ်ရန်ကြိုတင်ကြံစည်မှု၊ လူသတ်ဖို့ကြိုးပမ်းမှု၊ တရားမဝင် လက်နက်ခဲယမ်းလက်ဝယ်တွေ့မှု၊ လက်နက်တရားမဝင်ကိုင်ဆောင်မှု၊ အများပြည်သူနဲ့ဆိုင်တဲ့နေရာမှာ ပစ်ခတ်မှုစတဲ့မှုတွေနဲ့ အမှုဖွင့်ထားတာလို့ ဘန်ကောက်မြို့တော် ရဲတပ်ဖွဲ့ ရဲမှူးချုပ် နခရင် ဆူခွန်ထဝပ်က ပြောပါတယ်။
နောက်ထပ် အမှုတွေ ထပ်တိုးစွဲဆိုနိုင်မလားဆိုတာကိုလည်း ရဲတပ်ဖွဲ့က သုံးသပ်နေတယ်လို့ သူက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
ဘန်ကောက်မြို့ အနောက်ပိုင်း လက်ဆောင် အရပ်မှာရှိတဲ့ အဲဒီလူငယ်နေထိုင်ရာနေအိမ်ကို ထိုင်းရဲတပ်ဖွဲ့က မနေ့ညတုန်းက ပြုလုပ်ခဲ့တဲ့ စီးနင်းရှာဖွေမှုမှာတော့ လူငယ်ရဲ့အခန်းထဲကနေ ကျည်ခွံတွေနဲ့ ကျည်အသစ်အချို့ကို ရဲက တွေ့ခဲ့ပါတယ်။
အခုတော့ ရဲတပ်ဖွဲ့က ဒီလူငယ်ကို လူငယ်ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းထားလိုက်ပြီဖြစ်ပြီး မိဘတွေကလည်း သူ့ကို အာမခံနဲ့ ထုတ်တာမရှိဘူးလို့ သိရပါတယ်။
ရဲတပ်ဖွဲ့ကတော့ သူ့မိဘနှစ်ပါးကို ကလေးသူငယ်ကာကွယ်ရေး ဥပဒေနဲ့ တရားစွဲ မစွဲဆိုတာကိုလည်း စဥ်းစားသုံးသပ်နေတယ်လို့ သိရပါတယ်။
ဒီလူငယ်ရဲ့ စိတ်ကျန်းမာရေးအခြေအနေကိုတော့ ထိန်းသိမ်းရေးစခန်းမှာပဲ ဆရာဝန်နဲ့ စစ်ဆေးဖို့ရှိနေပါတယ်။
ဒီလူငယ်ဟာ ကျည်ဗလာနဲ့ပစ်ရတဲ့သေနတ်ကို ပြုပြင်ပြီး Siam Paragon စျေးဝယ်စင်တာထဲ ကျည်အစစ်နဲ့ပစ်ခတ်ခဲ့တာကြောင့် မမိုးမြင့်ဆိုသူ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးနဲ့ တရုတ်နိုင်ငံသား ခရီးသွားအမျိုးသမီးတစ်ဦးသေဆုံးပြီး နောက်ထပ် ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဖားကန့်၊ ဆိုင်းတောင်မှာ KIA/PDF နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက ဆိုင်းတောင်ကျေးရွာမှာရှိတဲ့ ကချင်လွတ်မြောက်ရေးတပ်(KIA/PDF) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား မနေ့ အောက်တိုဘာလ ၃ ရက်မှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဆိုင်းတောင်ကျေးရွာအုပ်စုထဲက မှော်ရှန်ရွာနဲ့ ဘွမ်ဘရာကုန်းအစပ်မှာ ထိတွေ့မှုဖြစ်ခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ပွဲမှာ လက်နက်ကြီးကျရောက်လို့ နေအိမ်တစ်လုံးလည်းမီးလောင်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ နှစ်ဖက် ထိခိုက်မှုရှိခဲ့ပေမဲ့ ထိခိုက်မှုအရေအတွက် တိတိကျကျတော့ မသိရပါဘူး။
လက်နက်ကျရောက်ပေါက်ကွဲခဲ့တဲ့နေရာဟာ ဆိုင်းတောင် အထက်တန်းကျောင်း အနောက်ဘက်မှာဖြစ်တာကြောင့် ဒီနေ့အထိ စာသင်ကျောင်းကို ပိတ်ထားဆဲလို့ သိရပါတယ်။
ဆိုင်းတောင်ကျေးရွာထဲမှာရှိတဲ့ စစ်ကောင်စီ စခန်းတချို့ကို ကချင်လွတ်မြောက်ရေးတပ် (KIA/PDF) ပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာလ ၂ ရက် မနက်အစောပိုင်းမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။
အဲဒီမတိုင်ခင် စက်တင်ဘာလ ၃၀ ရက် ညပိုင်းတုန်းကလည်း ဆိုင်းတောင်မှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့သလို ဆိုင်းတောင်ရပ်ကွက်(၁) စမ်းသီတာကုန်းကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
Siam Paragon ပစ်ခတ်မှုမှာ မြန်မာလုပ်သားသေဆုံးမှု နောက်ဆုံးသိရသမျှ
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်က ဆယမ် ပါရာဂွန် စျေးဝယ်စင်တာထဲ မနေ့ညနေပိုင်းကသေနတ် ပစ်ခတ်မှုမှာ သေဆုံးခဲ့ရတဲ့မြန်မာအမျိုးသမီး အရောင်းဝန်ထမ်းရဲ့ နာရေးနဲ့ နစ်နာကြေးကိစ္စ အဝဝအတွက် မြန်မာနဲ့ ထိုင်းအာဏာပိုင်တွေ ဒီနေ့ မနက်ပိုင်းကစလို့ ဆွေးနွေးညှိနှိုင်းနေပါတယ်။
သေဆုံးသူဟာ အသက် ၃၁ နှစ်အရွယ် မိုးမြင့်ဆိုသူ အမျိုးသမီးဖြစ်ပြီး မွန်ပြည်နယ်၊ သထုံမြို့နယ်ဇာတိ ဖြစ်တယ်လို့ သိရပါတယ်။
သူဟာ ဆယမ် စင်တာက အဝတ်အစားနဲ့အရုပ်အရောင်းဆိုင်မှာ အလုပ်လုပ်သူဖြစ်ပြီး ပစ်ခတ်မှုဖြစ်တဲ့ ကပ်လျက်က ဆယမ် ပါရာဂွန်ထဲက ဘဏ်တခုမှာငွေသွားလွှဲပြီးပြန်ချိန် သေနတ်ပစ်ခတ်မှုနဲ့ကြုံပြီး ဆုံးပါး ခဲ့ရတာလို့ ဘီဘီစီက သိရှိရပါတယ်။
ဒီနေ့မှာတော့ သူ့စျာပနအရေးနဲ့ နစ်နာကြေးကိစ္စတွေအတွက် ဘန်ကောက်က မြန်မာအလုပ်သမားသံအရာရှိ အပါအဝင် ကျန်ရစ်တဲ့မိသားစုဝင်တစ်ဦး၊ ထိုင်းရဲတပ်ဖွဲ့နဲ့ ထိုင်းတရားရေးဌာနတို့ တွေ့ဆုံ ဆွေးနွေးထားပါတယ်။
‘‘နာရေးကိစ္စ၊ လျော်ကြေး အာမခံ ကိစ္စတွေ ဆွေးနွေးထားပါတယ်။ အမေဖြစ်သူက ကျောက်ကပ်ဆေးနေရသူဖြစ်တော့ မလာနိုင်တော့ဘူးဆိုပြီး အလောင်းကို ဒီမှာပဲ သင်္ဂြိုလ်ဖို့ ပြောပါတယ်။ ထိုင်းရဲတပ်ဖွဲ့ကတော့ အလောင်းကို သူတို့ ၁၀ ရက်အထိ လက်ခံထားလို့ရလို့ မိသားစုအနေနဲ့ စဥ်းစားပါဦး ဆိုပြီး ပြောထားပါတယ်။ သေဆုံးသူက တရားဝင်အလုပ်သမားကတ်နဲ့အလုပ်လုပ်နေတဲ့သူပါ။ သူ့ အာမခံ ကြေး ခံစားခွင့်ရှိတဲ့သူနေရာမှာ အမေဖြစ်သူကို ထည့်ထားတော့ တကယ်လို့ အမေဖြစ်သူက မလာနိုင်ဘူး ဆိုရင် သံရုံးကနေ ကိုယ်စား ထုတ်ပေးလို့ရမလားဆိုတာကိုလည်း တရားရေးဌာနနဲ့ညှိနှိုင်းထားပါတယ်။ တရားရေးဘက်ကတော့ ပြန်စဥ်းစားမယ်လို့ ပြောပါတယ်’’ လို့ ဘန်ကောက်က မြန်မာအလုပ်သမားသံအရာရှိက ဘီဘီစီကို ပြောပါတယ်။
မနေ့ညနေပိုင်း ပစ်ခတ်မှုမှာ သေဆုံးသူ ၂ ဦးနဲ့ ဒဏ်ရာရသူ ၅ ဦးရှိခဲ့ပြီး သေဆုံးသူဟာ မိုးမြင့်နဲ့ နောက်ထပ် တရုတ်ခရီးသွားအမျိုးသမီးဖြစ်ပါတယ်။
ပစ်ခတ်မှုမှာ ဖမ်းမိတဲ့ အသက် ၁၄ နှစ်အရွယ် သေနတ်သမားရဲ့ ဘန်ကောက်မြို့အနောက်ပိုင်းက နေအိမ်ကို ရဲက ညတွင်းချင်း ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာမှာ သူနေတဲ့အခန်းထဲမှာ သုံးပြီးသား သေနတ်ကျည်အချို့ကို ရဲကတွေ့ထားပါတယ်။
ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒီနေ့မနက်ပိုင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ထိုင်းအစိုးရအနေနဲ့ သေဆုံးခဲ့သူတွေအရေး နာရေးကိစ္စအဝဝအပြင် ခံစားခွင့်ရှိတာတွေကို ရရှိအောင် သက်ဆိုင်ရာ မြန်မာ၊ တရုတ်သံရုံးတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြောထားပါတယ်။
PDF တွေကို နှစ်နှစ်အတွင်း ဒေါ်လာ ၁၅ သန်းကျော် ထောက်ပံ့ခဲ့တယ် လို့ NUG ထုတ်ပြန်
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်း/စစ်ကြောင်းတွေကို နှစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၅ သန်းကျော် ထောက်ပံ့ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။
နိုင်ငံတဝှန်းက PDF တပ်ရင်း သုံးရာကျော်ကို ၁၆ ကြိမ် ထောက်ပံ့ခဲ့တာဖြစ်ပြီး နောက်ဆုံးအကြိမ်ထောက်ပံ့မှုမှာ ဒေါ်လာ တစ်သန်းနီးပါးသုံးစွဲခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။
ထောက်ပံ့ငွေရဲ့ ၉၀ ရာခိုင်နှုန်း နီးပါး ဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၁၅ သန်းကျော် ကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF ရဲ့ ၂၁ လအတွင်းကောက်ခံရရှိခဲ့တဲ့ ဘဏ္ဍာငွေထဲက သုံးစွဲခဲ့တာ ဖြစ်ပါတယ်။
PRF ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ငွေကြေးပမာဏတစ်ခုအနေနဲ့ ထောက်ပံ့သူက ကတိကဝတ်ပုံစံမျိုး လစဥ်ငွေကြေးထောက်ပံ့မှု အစီအစဥ်ဖြစ်ပါတယ်။
ဒီအစီအစဉ်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်မှာ စတင်ခဲ့တာဖြစ်ပါတယ်။
PRF အစီအစဉ်ရဲ့ ၁၇ လတာ ကောက်ခံရရှိမှုထုတ်ပြန်ချက်မှာ အမေရိကန်ဒေါ်လာ ၁၁ သန်း နီးပါးရရှိ ၉ သန်းကျော် အသုံးပြုနိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့ ၄ လအတွင်း ဒေါ်လာ ၄ သန်းဝန်းကျင် ရရှိခဲ့တဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။
PDF တပ်သားတယောက် လစဉ်စားနပ်ရိက္ခာဖူလုံနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ(၂၀) လိုအပ်တယ်လို့ PRF က တွက်ချက်ထားပါတယ်။