အောက်တိုဘာ ၂ ရက် ထိပ်တန်းသတင်းများ - ပဲခူး၊ ညောင်လေးပင် ပုဇွန်မြောင်းတိုက်ပွဲ အခြေအနေ ဘယ်လိုရှိလဲ

ရေးသားခဲ့သည်။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းရွာမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီကြား ငါးရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့ကြပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများတယ်လို့ စစ်ရေး အခြေအနေ သိရှိသူတွေဆီက သိရပါတယ်။

တိုက်ပွဲမှာပါဝင်တဲ့ နွေဦးစစ်သည်တော်များစစ်ကြောင်းရဲ့ထုတ်ပြန်ချက်အရ စက်တင်ဘာ ၂၇ ရက် မနက် ၁၀ နာရီခွဲလောက်ကစလို့ တိုက်ပွဲစဖြစ်ခဲ့ပြီး စက်တင်ဘာ ၂၉ ရက်အထိ ဆက်တိုက်ဖြစ်ခဲ့ကြတယ်လို့ ပြောပါတယ်။

အဲဒီနောက် အောက်တိုဘာ ၁ ရက်နေ့မှာ နှစ်ဖက်တိုက်ပွဲပြန်ဖြစ်ခဲ့ပြီးနောက် ဒီကနေ့အထိ စစ်ရေးတင်းမာနေဆဲလို့ မြေပြင်အခြေအနေသိရှိသူတွေက ‌ဆိုပါတယ်။

‘’ဒီနေ့မှာ တိုက်ပွဲမရှိသေးဘူး၊ စစ်တပ်လည်း ရွာထဲမရှိတော့ပါဘူး" လို့ စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ငါးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၅၀ ကျော် သေဆုံးခဲ့တယ်လို့ နွေဦးစစ်သည်တော်များစစ်ကြောင်းကနေ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီသေဆုံးမှု အချက်အလက်တွေနဲ့ပတ်သက်လို့ ဒီကနေ့ ညနေပိုင်းအထိ တစုံတရာထုတ်ပြန်လာတာ မရှိသေးပါဘူး။

တိုက်ပွဲတွေထဲ အရပ်သားသေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပြီး ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ မနေ့ထုတ်ပြန်ချက်အရလည်း ပုဇွန်မြောင်းရွာသား နှစ်ဦး စစ်ကောင်စီသတ်ဖြတ်တာခံရတယ်လို့ သိရပါတယ်။

မင်းတပ်မှာ တလအတွင်း အရပ်သား အယောက် ၆၀ အဖမ်းခံရ

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ စက်တင်ဘာလအတွင်း မြို့ပေါ်နဲ့ ကျေးရွာတွေက အရပ်သား အယောက် ၆၀ အဖမ်းခံခဲ့ရပြီး အဲဒီထဲ ဒန့်ဒီးရွာ မူလတန်းကျောင်းက ကလေးငယ်တွေ အများဆုံးပါဝင်တယ်လို့ CDF မင်းတပ်ကနေ သိရပါတယ်။

ဒန့်ဒီးရွာကို နယ်နိမိတ်ထိစပ်နေတဲ့ မကွေးတိုင်းထဲကနေ စစ်ကြောင်းရုတ်တရက် ဝင်ရောက်လာခဲ့ပြီး ကြားကာလပညာရေး မူလတန်းကျောင်းမှာ စာသင်ကြားနေတဲ့ ကလေးငယ်နဲ့ ပညာရေးဝန်ထမ်းတွေ စက်တင်ဘာ ၁၂ ရက်နေ့ မှာ အဖမ်းခံခဲ့ရတာလို့ ပြောပါတယ်။

’’တကျောင်းလုံးက ဆရာ၊ ဆရာမတွေနဲ့ကလေးတွေ အကုန်အဖမ်းခံရတာ တရက်ပဲကြာပါတယ်၊ ပြန်တော့လွှတ်ပေးခဲ့တယ်" လို့ CDF မင်းတပ်ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးမှုကနေ အများစုပြန်လွတ်မြောက်လာခဲ့ပေမဲ့ မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ဘဝသစ်၊ အရှေ့ပြင်၊ အနောက်ရပ်ကွက်တွေက ၁၀ ဦး ဆက်လက်အဖမ်းခံနေရဆဲလို့ သိရှိရပါတယ်။

ဒါဟာ မင်းတပ်မြို့ပေါ်မှာ တိုက်ပွဲတွေခပ်စိပ်စိပ်ဖြစ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်ကနေ ဖမ်းဆီးမှုတွေလုပ်ခဲ့တာလို့ CDF မင်းတပ်တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။

CDF မင်းတပ်ရဲ့ ထုတ်ပြန်ချက်အရ စက်တင်ဘာလထဲ ထိတွေ့တိုက်ပွဲ ၅ ကြိမ်ဖြစ်ခဲ့ပြီး အခုလအစမှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ ဆိုပါတယ်။

ဒီပဲယင်းမှာ ၃ ရက်ကြာ စစ်ကြောင်းအတွင်း အမျိုးသား ၂ ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း‌၊ ဒီပဲယင်းမြို့နယ်အနောက်ဘက်ခြမ်း ကျေးရွာတွေကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးတဲ့ စက်တင်ဘာ ၃၀ ရက်ကနေ အောက်တိုဘာ ၂ ရက် အထိ သုံးရက်တာအတွင်း အမျိုးသား နှစ်ဦး အသတ်ခံခဲ့ရတယ်လို့ မြေပြင်မှာရှိနေသူတွေက ပြောပါတယ်။

ဒီကနေ့မှာ နဘဲလှရွာက အမျိုးသားတစ်ဦးနဲ့ စက်တင်ဘာ ၃၀ ရက်နေ့က လက်တီးရွာက အမျိုးသားတစ်ဦး အသတ်ခံခဲ့ရတာလို့ သိရပါတယ်။

‘’မြို့ပေါ်က စထွက်လာတော့ အနီးဆုံး လက်တီးရွာက တယောက်က ခန္ဓာကိုယ် တစ်စစီ ဖြစ်နေတဲ့အလောင်းကို တွေ့ခဲ့ရတယ်။ သူတို့ပျံကျရွာဘက်ရောက်တော့ ရှေ့ဆက်သွားမယ်လို့ ဒေသခံတွေက ထင်လိုက်တာ၊ သူတို့က နောက်ပြန်လာရာလမ်းအတိုင်းပြန်လာတော့ နဘဲလှရွာသားက သူတို့နဲ့ တိုးပြီး သေနတ်နဲ့ အပစ်ခံလိုက်ရတာပါ" လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ကူညီထောက်ပံ့ရေး လုပ်ကိုင်သူတစ်ဦး က ပြောပါတယ်။

ဒီကနေ့မနက်ပိုင်း ပုဂံရွာက ဆိုင်ကယ် ၇ စီး၊ ထော်လာဂျီ ၁ စီးနဲ့ ကား ၁ စီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ခဲ့ပြီး နေ့လယ်ပိုင်းမှာတော့ မြို့ပေါ်ကို ပြန်ဝင်ရောက်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

သုံးရက်တာအတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား ပစ်ခတ်မှုအချို့ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

ဒီကနေ့မှာ စစ်ကောင်စီစစ်ကြောင်း မြို့ပေါ်ပြန်ဝင်ရောက်သွားပေမဲ့ မြို့နဲ့အနီးကပ်ဆုံးရွာတွေဖြစ်တဲ့ လက်တီး၊ နဘဲလှ၊ ပုဂံ၊ ပျံကျ စတဲ့ ကျေးရွာက ဒေသခံတွေကတော့ နေရပ်မပြန်နိုင်သေးဘူးလို့ ကူညီသူတွေဆီက သိရပါတယ်။

မန္တလေးမှာ လူနေအိမ်ပေါ် လက်နက်ကြီးကျ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်ထဲ လက်နက်ကြီးကျရောက်ခဲ့တာကြောင့် နေအိမ်တစ်လုံးပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ ဘီဘီစီက သိရပါတယ်။

ကျရောက်ခဲ့တဲ့ အိမ်ဟာ အိမ်ရှင်တွေ ခရီးသွားနေပြီး လူမရှိတာကြောင့် လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

ဒါပေမဲ့ လက်နက်ကြီးအစအနတွေမှန်လို့ ဘေးနားက နေအိမ်ခေါင်မိုးနဲ့ အိမ်သာရေကန်တွေ ပျက်စီးခဲ့သလို ကားတစ်စီးလည်းပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီယန္တရားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ရှိနေပေမဲ့ အခုလိုလက်နက်ကြီးထိမှန်ပြီးနေအိမ်ပျက်စီးမှုဖြစ်ပွားတာက ပထမဆုံးဖြစ်ပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်သူလုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။

ပစ်ခတ်မှုဖြစ်တဲ့နေရာဟာ စစ်ကောင်စီတပ် အခြေစိုက်ရာ မန္တလေးနန်းတွင်းရဲ့ ကျုံးတောင်ဘက်ခြမ်းမှာရှိပြီး အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်မှု ကန့်သတ်ထားတဲ့နယ်မြေဖြစ်ပါတယ်။

အခုတော့ စစ်ကောင်စီတပ်က အဲဒီရပ်ကွက်ထဲက အထပ်မြင့် အဆောက်အအုံတွေကို စစ်ဆေးတာတွေလုပ်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောထားပါတယ်။

ပြီးခဲ့တဲ့နှစ် မေလနဲ့ ဇွန်လအတွင်း မန္တလေးမြို့ ကျုံးတောင်ဘက်အခြမ်းမှာ ရှော့တိုက်ဒုံးတွေကို တွေ့ရှိ သိမ်းဆည်းခဲ့ပြီး လူငယ်တစ်ဦးကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ဖူးပါတယ်။

ပုလဲမြို့နယ် ပျူစောထီးအမာခံရွာက ဒေသခံ‌အချို့ကို ကယ်ထုတ်ခဲ့တယ်လို့ ABSDF ပြော

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲမှာ စစ်ကောင်စီထောက်ခံမှုအားကောင်းပြီး ပြည်သူ့စစ် (အရပ်အခေါ် ပျူစောထီး) အဖွဲ့ဝင်တွေ အခြေစိုက်ထားတဲ့ ဇီးဖြူကုန်းကျေးရွာက ဒေသခံ ၈ ဦးကို စက်တင်ဘာ ၂၅ ရက်နေ့က ကယ်ထုတ်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF က ပြောပါတယ်။

ဒီဖြစ်စဉ်ဟာ စက်တင်ဘာ ၉ ရက်ကနေ စက်တင်ဘာ ၂၇ ရက်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပုလဲမြို့နယ်တဝိုက် စစ်ကြောင်းထိုးနေစဉ် ကာလအတွင်း ခေါ်ယူခဲ့ရတာလို့လည်း သိရပါတယ်။

"စစ်ကြောင်းထိုးနေတဲ့ကာလအတွင်း သူတို့ရွာထဲမှာ အဆင်မပြေတော့လို့ ကူညီပေးဖို့ ဆက်သွယ်လာတာပါ။ ကျွန်တော်တို့ တပ်ရင်း ၃ ဖွဲ့ပေါင်းပြီး သူတို့ကို ရွာက ကယ်ထုတ်ပြီး လုံခြုံတဲ့ နေရာပို့ပေးထားပါတယ်" လို့ ABSDF ချင်းတွင်းဒေသ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ က ပြောပါတယ်။

အခုလို လွတ်မြောက်လာသူတွေဟာ ပြည်သူ့စစ် (ပျူစောထီး) အဖွဲ့ဝင်တွေအဖြစ် လှုပ်ရှားနေကြသူတွေမဟုတ်ဘဲ ဇီးဖြူကုန်းရွာမှာ နေထိုင်တဲ့ သာမန်အရပ်သားတွေလို့လည်း သူက ဆက်ပြောပါတယ်။

ဒါဟာ ဇီးဖြူကုန်းရွာကနေ ပထမဆုံးထွက်ပြေးလာကြသူတွေဖြစ်ပြီး အိမ်ထောင်စု သုံးစု က အသက် ငါးနှစ်ဝန်းကျင် ကလေးငယ် သုံးဦးအပါအဝင် စုစုပေါင်း ၈ ဦးကို ရွာကနေ ခေါ်ဆောင်ပေးခဲ့တာလည်းဖြစ်ပါတယ်။

လွတ်မြောက်လာသူတွေကို ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တို့ဆီ အပ်နှံပေးထားတယ်လို့ ဆိုပါတယ်။

အခုဖြစ်စဉ်ပြီးတဲ့နောက် ဇီးဖြူကုန်းရွာသာမက ဒေသတွင်း ပျူစောထီးရွာတွေလို့ သိရှိထားကြတဲ့ အင်မထီး၊ ကန့်ဒေါင့်ရွာတွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေက လုံခြုံရေးတင်းကြပ်ထားတယ်လို့ ABSDF ဆီက သိရပါတယ်။

စစ်ကောင်စီကတော့ စစ်အာဏာသိမ်း အစောပိုင်းကာလကတည်းက ပျူစောထီးအဖွဲ့ဆိုတာ မရှိကြောင်း ငြင်းဆိုထားပြီး လုံခြုံရေးအတွက်အကူအညီတောင်းခံမှာသာ ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့စည်းပေးတယ်လို့ ထုတ်ပြောထားပါတယ်။ ဒါပေမဲ့ ဇီးဖြူကုန်းရွာရဲ့ အခုဖြစ်စဉ်နဲ့ပတ်သက်လို့တော့ ဒီကနေ့ နေ့လယ်ပိုင်းအထိ တစုံတရာသတင်းထုတ်ပြန်လာတာမရှိပါဘူး။

အွန်လိုင်းလိမ်လည်မှုပေါင်း ၂၀၀ နီးပါးက တရားခံ ၇၆ ဦး ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီပြော

၂၀၂၃ ခုနှစ်အတွင်း အွန်လိုင်းလိမ်လည်မှု ၁၁၉ မှု ကနေ တရားခံ ၇၆ ဦး ဖမ်းဆီးနိုင်ခဲ့တဲ့အကြောင်း ရဲတပ်ဖွဲ့နေ့ အခမ်းအနားမှာ စစ်ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောခဲ့ပါတယ်။

ဒါအပြင် အွန်လိုင်းလောင်းကစားအမှု ၅၈ မှုက တရားခံ ၁၄၃ ဦးကိုလည်း ဖော်ထုတ်အရေးယူနိုင်ခဲ့တယ်လို့ ဒီကနေ့ ထုတ် သတင်းစာမှာ ဖော်ပြပါတယ်။

မြန်မာ - ထိုင်း - တရုတ် သုံးနိုင်ငံ နယ်စပ်တွေမှာ အွန်လိုင်းလိမ်လည်မှု ကျူးလွန်ဖို့ အဓမ္မစေခိုင်းတဲ့ ဖြစ်စဉ်တွေကို နှိမ်နင်းဖို့ ဧပြီလကနေ ဇွန်လ အထိ စစ်ဆင်ရေးကာလသတ်မှတ်ပြီး ထိထိရောက်ရောက်ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တယ်လို့လည်း ဒုတိယစစ်ခေါင်းဆောင်က ရဲတပ်ဖွဲ့ဝင်တွေအတွက် မိန့်ခွန်းပြောခဲ့တာပါ။

တရုတ် - မြန်မာ အရေး‌ စောင့်ကြည့်တဲ့ ISP မြန်မာရဲ့ မှတ်တမ်းအရ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာချန်းဟိုင်တို့ ဇူလိုင် ၂၅ ရက်တွေ့ဆုံမှုမှာ အခုလို နိုင်ငံချင်း ပူးပေါင်းရာဇဝတ်တိုက်ဖျက်မှုတွေဟာ ထိရောက်မှုနည်းပြီး နှစ်နိုင်ငံအကျိုးစီးပွားထိခိုက်စေတယ်လို့ ဝေဖန်ခဲ့တာကို တွေ့ရပါတယ်။

ဒါဟာ သုံးနိုင်ငံ နယ်စပ် အွန်လိုင်းလိမ်လည်မှု နှိမ်နင်းဖို့ စစ်ဆင်ရေးကာလအပြီး တလအကြာမှာ တရုတ်ဘက်က ထုတ်ပြောခဲ့တဲ့ သဘောထားဖြစ်ပါတယ်။

အဲဒီနောက် စက်တင်ဘာလ အစမှာပဲ တရုတ် - မြန်မာနယ်စပ်မှာရှိတဲ့ ဝ တပ်ဖွဲ့ UWSA က အွန်လိုင်း လိမ်လည်မှု ကျူးလွန်တဲ့ တရုတ်နိုင်ငံသား ထောင်ချီကို ဖမ်းဆီးကာ တရုတ်ဆီလွှဲပြောင်းပေးခဲ့သလို မိုင်းလားအဖွဲ့ NDAA ကလည်း နယ်စပ်ရာဇဝတ်မှုတွေ အရေးယူမယ့်အကြောင်း ထုတ်ပြောခဲ့ပါတယ်။

စစ်ကောင်စီကတော့ အွန်လိုင်း‌လိမ်လည်မှုတွေကို ဖော်ထုတ်နိုင်ရုံသာမက ၂၀၂၃ ခုနှစ် ၈ လတာ ကာလအတွင်း ‌မြန်မာငွေကျပ် တန်ဖိုး ၆၂၃ ဘီလီယံရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းနိုင်ခဲ့ပြီးရောင်းဝယ်ဖောက်ကားသူ ၆၀၀၀ နီးပါးကိုလည်း အရေးယူနိုင်ခဲ့တယ်လို့ ပြောပါတယ်။