ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရာဟူးဂန္ဒီကို ရွေးကောက်ပွဲဝင်ခွင့် ပိတ်လိုက်ပြီ-မတ်လ ၂၄ ရက်ညနေပိုင်းသတင်းများ
အိန္ဒိယနိုင်ငံမှာ အတိုက်အခံ ကွန်ဂရက်ပါတီခေါင်းဆောင် ရာဟူးဂန္ဒီကို အသရေဖျက်မှုနဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ပြီး ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ဖို့ အရည်အချင်းမပြည့်မီသူအဖြစ် သတ်မှတ်လိုက်ပါတယ်။
လွှတ်တော်စည်းမျဉ်းအရ ထောင်ဒဏ်ကျခံရသူကို အရည်အချင်းမပြည့်မီသူအဖြစ် သတ်မှတ်လိုက်တာပါ။
ရာဟူးဂန္ဒီဟာ ဝန်ကြီးချုပ်နရန်ဒြာမိုဒီရဲ့ ၂၀၁၉ ခုနှစ်က မိန့်ခွန်းတခုထဲမှာ မျိုးရိုးနာမည်ကို အသရေပျက်အောင် စော်ကားခဲ့တယ်လို့ဆိုပြီး ကြာသပတေးနေ့က အပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။
မစ္စတာဂန္ဒီက သူ့မိန့်ခွန်းထဲမှာ တခြားမျိုးရိုးနာမည် မိုဒီရှိသူ ၂ ယောက်နဲ့ နှိုင်းယှဉ်ပြီး ဘာလို့မိုဒီနာမည်ရှိတဲ့လူတိုင်းဟာ သူခိုးတွေချည်း ဖြစ်နေတာလဲလို့ ပြောခဲ့တာပါ။
သူ့ကို တရားစွဲဆိုသူကတော့ အာဏာရ ဘီဂျေပီပါတီဝင်တယောက်ဖြစ်ပါတယ်။ သူ့ကို အာမခံပေးထားပြီး အယူခံဝင်ခွင့်လည်း ရှိပါသေးတယ်။
ကွန်ဂရက်ပါတီဘက်ကတော့ ဒါဟာ နိုင်ငံရေးအရ ထိုးနှက်တဲ့ တိုက်ကွက်တခုလို့ဆိုပြီး စီရင်ချက်ဟာ မှားယွင်းနေတယ်လို့ ဆိုပါတယ်။
ပြည်လုံးကျွတ်သပိတ်တွေနဲ့ ပြင်သစ်မှာဆန္ဒပြ
ပင်စင်အသက်ပြောင်းလဲမှုကို မကျေနပ်လို့ ပြင်သစ်နိုင်ငံမှာ နိုင်ငံတလွှားဆန္ဒပြပွဲတွေဖြစ်ပွားနေရာမှာ ကြာသပတေးညက ဆန္ဒပြပွဲတွေအတွင်း အကြမ်းဖက်မှုတချို့ရှိတယ်ဆိုပြီး လူပေါင်း ၄၅၀ ကျော်ကို ဖမ်းဆီးထားကြောင်း ပြင်သစ် ပြည်ထဲရေးဝန်ကြီးက အတည်ပြုလိုက်ပါတယ်။
ရဲအရေအတွက်လည်း ၄၅၀ လောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး ဂျရဲ ဒါမနင်က ဆိုပါတယ်။
ဆန္ဒပြပွဲမှာ နိုင်ငံလုံးဆိုင်ရာ ဆရာများသမဂ္ဂအဖွဲ့ချုပ်လည်း ပါဝင်ပါတယ်။ ဆရာများသမဂ္ဂအဖွဲ့ဝင် ကလဲမင့် ပက်တစ်ယန်းက ဘီဘီစီကို အခုလို ပြောပြပါတယ်။
“မက်ခရွန်းကို မုန်းတဲ့လူတွေ အများကြီးရှိတယ်ဆိုတာကတော့ သိသာပါတယ်။ ဒါပေမဲ့ ဆန္ဒပြပွဲကတော့ ပျော်စရာကြီးပါ။ ပွဲတော်ကျင်းပနေသလိုပါပဲ။ လူတွေက သီချင်းတွေ အများကြီး ဆိုကြတယ်။ ဟာသ သီချင်းတွေအများကြီးပါဝင်ပါတယ်။ ဆိုင်းဘုတ်တွေ၊ စာတန်းတွေ ကိုင်ထားကြတယ်။ အောင်ပွဲရဖို့အတွက် အမှန်တကယ် စုပေါင်းဆောင်ရွက်နေကြတာပါ။ ကျွန်တော်တို့ အနိုင်ရလိမ့်မယ်လို့ ယုံကြည်ပါတယ်“ လို့ပြောသွားတာ ဖြစ်ပါတယ်။
သမ္မတမက်ခရွန်းကတော့ ပင်စင်သက်ကို အသက် ၆၂ နှစ်ကနေ ၆၄ ကျမှ ပင်စင်ယူရမယ်လို့ တိုးမြှင့်လိုက်တာဟာ လိုအပ်လို့ လုပ်ရတာပါလို့ ဆိုပါတယ်။
လူအများကတော့ သမ္မတမက်ခရွန်းဟာ ဥပဒေအတည်ပြုနိုင်အောင် လွှတ်တော်လမ်းကြောင်းကို ရှောင်ကွင်းကျော်လွှားပြီး ဇွတ်ကြိုးစားနေတဲ့အတွက် မကျေမနပ်ဖြစ်နေကြပါတယ်။
တချိန်တည်းမှာပဲ ဆန္ဒပြသူတွေကြောင့် လမ်းတွေပိတ်ဆို့တာရယ် ရေနံချက်စက်ရုံနဲ့ ဆိပ်ကမ်းလုပ်သားတွေ သပိတ်မှောက်ကြတာတွေရယ်ကြောင့် လောင်စာဆီစျေးနှုန်းကလည်း သိပ်မြင့်တက်လာနေပါတယ်။
တချို့နေရာတွေမှာ လောင်စာဆီကို ခွဲတမ်းနဲ့ ထုတ်ပေးနေတာကိုတောင် တွေ့လာရပါတယ်။ နောက်ထပ်နိုင်ငံလုံးကျွတ်ဆန္ဒပြပွဲကို ဗြိတိသျှချားလ်စ်ဘုရင် အလည်လာမယ့် အင်္ဂါနေ့မှာ ပြုလုပ်မယ်လို့ ကြေညာထားပါတယ်။
မြောက်ကိုရီးယားက ရေအောက်ဒရုမ်းစမ်းသပ်ကြောင်းကြေညာ
မြောက်ကိုရီးယားက ရေအောက်မှာ တိုက်ခိုက်နိုင်တဲ့လူမဲ့ဒရုမ်းယာဉ်စမ်းသပ်အောင်မြင်ပြီးပြီလို့ ကြေညာလိုက်ပါတယ်။ ရန်သူရေငုပ်သင်္ဘောကို အနုမြူထိပ်ဖူးတပ်ဒုံးနဲ့ ရေအောက်မှာ ပစ်ခတ်နိုင်မယ့် လူမဲ့ယာဉ် ဖြစ်ပါတယ်။
ဒါဟာ တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုတို့ လက်ရှိပြုလုပ်နေတဲ့ စစ်ရေးလေ့ကျင့်ခန်းကို ရပ်တန့်ဖို့ နောက်ဆုံးသတိပေးချက်သဘောဖြစ်ပါတယ်။
အနုမြူထိပ်ဖူးတပ်ထားတဲ့ဒုံးဟာ ရေအောက်မှာ ရေဒီယိုဓာတ်ကြွလှိုင်းကြီးတွေ ဖြစ်ပေါ်ပြီး ရန်သူရဲ့ ရေငုပ်သင်္ဘောတွေကို ဖျက်ဆီးနိုင်မယ်လို့ မြောက်ကိုရီးယား ရုပ်မြင်သံကြားက ကြေညာပါတယ်။
ဓာတ်ပုံတွေထဲမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ တော်ပီဒိုလို လက်နက်တခုဘေးမှာ ဓာတ်ပုံတွဲရိုက်တာကို ပြသထားပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ ဒီနှစ်တွေအတောအတွင်းမှာ အကြီးမားဆုံးတိုက်ခိုက်ရေးလေ့ကျင့်ခန်းတွေကို ပူးတွဲပြုလုပ်ခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ သူတို့ရဲ့ အဆင်ခြင်မဲ့တဲ့ ရန်စမှုတွေအတွက် တန်ရာတန်ကြေးပေးရလိမ့်မယ်လို့ တောင်ကိုရီးယား သမ္မတ ယွန်းဆော့ယူးက ဆိုပါတယ်။
အီရန်တော်လှန်ရေးတပ်ဦးကို အမေရိကန်က လေကြောင်းတိုက်ခိုက်
ဆီးရီးယားအရှေ့ပိုင်းက အီရန် Islamic Revolutionary Guard ရဲ့စခန်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်က ထုတ်ဖော်ပြောလိုက်ပါတယ်။
ဆီးရီးယားမြောက်ပိုင်းမှာ အီရန်ရဲ့ လက်ချက်လို့ အမေရိကန်က သံသယရှိတဲ့ တိုက်ခိုက်မှုမှာ အမေရိကန်စစ်ဘက်ကိုယ်စားလှယ်တယောက်နဲ့ စစ်သား ၅ ယောက်သေဆုံးခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ မနေ့က ကြာသပတေးညမှာ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာလို့ ပင်တာဂွန်က ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။
အမေရိကန်ကိုတိုက်ခိုက်တဲ့ အဖွဲ့ဟာ အီရန်က ကျောထောက်နောက်ခံပေးထားတဲ့အဖွဲ့လို့ ပင်တာဂွန်ကြေညာချက်မှာ ဖော်ပြပါတယ်။
အခုလိုလေကြောင်းကနေ တုံ့ပြန်တိုက်ခိုက်တာဟာ အမေရိကန်စစ်သားတွေကို ကာကွယ်ဖို့လုပ်ရတာလို့လည်း ဆိုပါတယ်။