ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
“အခြေအမြစ်မရှိတဲ့” သုံးသပ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး ဂျပန်ဆရာဝန်တွေက Google ကို တရားစွဲ
ဂျပန်နိုင်ငံက ဆရာဝန် ၆၃ ယောက်က တိုကျိုက ခရိုင်တရားရုံးတခုမှာ အမေရိကန် အခြေစိုက် Google ကုမ္ပဏီကြီးကို တရားစွဲ လိုက်ပါတယ်။
အမည်မဖော်တဲ့သူတွေက သူတို့အပေါ် အနုတ်လက္ခဏာဆောင်တဲ့ သုံးသပ်မှတ်ချက် (review) တွေပေးထားတာကို ဖျက်ပေးဖို့ Google Maps ကိုတောင်းဆိုရာမှာ မဖျက်ပေးဘဲ လက်တွန့်နေတဲ့အတွက် အခုလို Google ကုမ္ပဏီကို တရားစွဲရတာ ဖြစ်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။
သူတို့ရဲ့ နစ်နာခဲ့မှုအတွက် ဂျပန်ယန်းငွေ ၁.၄ သန်း (အမေရိကန် ဒေါ်လာ ၉, ၄၀၀) လျော်ကြေးပေးဖို့လည်း အင်တာနက် ကုမ္ပဏီကြီးကို ဆရာဝန်တွေက တရားရုံးမှာ တောင်းဆို ပါတယ်။
ဂျပန်မှာ သိပ်ကို လူသုံးများတဲ့ Google Maps မှာ လုပ်ငန်းတွေ၊ ဝန်ဆောင်မှုတွေကို လူအများက သုံးသပ်မှတ်ချက်ပေးတာကို ခွင့်ပြုထားပြီး အဲဒီမှာ “အခြေအမြစ် မရှိတဲ့” သုံးသပ်မှတ်ချက်တွေကိုလည်း လက်ခံတင်ပေးထားတယ်လို့ သူတို့က တရားရုံး ကို တင်ပြတဲ့အထဲမှာ ထည့်သွင်းထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး Google ကို မကျေနပ်ကြောင်း ဆက်သွယ် တင်ပြခဲ့ပေမဲ့ ဒီပြသနာကို မဖြေရှင်းပေးခဲ့ဘူး လို့လည်း သူတို့က ဆိုပါတယ်။
လူနာရဲ့ ကိုယ်ရေးဆိုင်ရာတွေကို ထိန်းသိမ်းစောင့်ရှောက်ရမယ်ဆိုတဲ့ ကျင့်ဝတ်ကို သူတို့က စောင့်ထိန်းရတာကြောင့် သုံးသပ်ချက်တွေကို သူတို့ကိုယ်တိုင်က တုံ့ပြန်လို့ မရဘူးလို့လည်း ဆရာဝန်တွေက ပြောပါတယ်။
ဆေးရုံ၊ဆေးခန်းတွေနဲ့ ပတ်သက်ပြီး တရားဝင် ဝက်ဆိုက်ဒ်တွေကို သွားမကြည့်ဘဲ ဘယ်လောက်အချိန်စောင့်ရတယ်၊ ပြုစုကုသမှု ကောင်းမွန်မှုရှိ၊ မရှိ စသဖြင့် Google Maps မှာပေးထားတဲ့ မှတ်ချက်တွေကိုကြည့်ပြီး ရွေးချယ်ကြတယ်လို့ တချို့ ဂျပန် တွေက ပြောပါတယ်။
“ခံစားရတဲ့ ထိခိုက်မှုက ကြီးမားပြီး သာမန်လူတွေအနေနဲ့ ပြန်တုံ့ပြန်နိုင်ဖို့ စွမ်းအား လည်းမရှိကြဘူးလေ။ ဘာမှ တာဝန်ခံမှုမရှိတဲ့ မှတ်ချက်တွေ အွန်လိုင်း ပလက်ဖောင်း တခုက ဖြန့်ပေးနေတာကို လက်မခံနိုင်ပါဘူး ” လို့ ဆရာဝန် တွေအတွက် တရားရေး ဆိုင်ရာ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေက ပြောပါတယ်။
သုံးသပ်ချက်ပေးကြတဲ့အပေါ် မစိစစ်တဲ့ အွန်လိုင်း ပလက်ဖောင်းတခုကို တရားစွဲ တာက ဂျပန်မှာ ဒါပထမဆုံးဖြစ်ပါတယ်။
ဆရာဝန်တွေ သူတို့ နစ်နာခဲ့မှုအတွက် တရားစွဲထားပေမဲ့ တောင်းတဲ့ လျော်ကြေးက တယောက်ကို အမေရိကန် ဒေါ်လာ ၁၅၀ သာဖြစ်တာကြောင့် သင်္ကေတ သဘော ဆောင်တဲ့ တောင်းဆိုမှုသာပါ။
စီးပွားရေးလုပ်ငန်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေကို Google Maps ကနေတဆင့် လူကြိုက်များမှု အဆင့် (Rating) ကြည့်တာကို ဂျပန်မှာ သိပ်ဂရုထားကြတယ် လို့လည်း သိရပါတယ်။