ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထိုင်းမင်္ဂလာပွဲမှာ သတို့သားက သတို့သမီးကို ပစ်သတ်
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း နာခွနမ်ရာချာဆီမာပြည်နယ်က ရွာတစ်ရွာမှာ စနေနေ့ညက လုပ်ခဲ့တဲ့ မင်္ဂလာပွဲမှာ သတို့သားက ဇနီးလောင်းနဲ့သူ့မိခင်၊ ညီမဖြစ်သူတို့ကို ပစ်သတ်ခဲ့ပြီး သူ့ကိုယ်သူလည်း ပစ်ခတ်အဆုံးစီရင်သွားခဲ့ပါတယ်။ သတို့သားပစ်ခတ်တဲ့သေနတ်ကျည်ထိမှန်ပြီး ပွဲတက်လာသူ ဧည့်သည်တစ်ဦးလည်း သေဆုံးခဲ့ပါတယ်။
ဒါကြောင့် မင်္ဂလာဧည့်ခံပွဲမှာ ၅ ဦးသေဆုံးပြီး တစ်ဦးက သေနတ်ထိမှန်ဒဏ်ရာနဲ့ဆေးရုံမှာကုသနေရပါတယ်။
သတို့သားဟာ အသက် ၂၉ နှစ်အရွယ် ထိုင်းမသန်စွမ်းအားကစားလက်ရွေးစင် ဖြစ်ပြီး သတို့သမီးကတော့ အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့ ကန်ချနာပါချွန်သက် ဖြစ်တယ်လို့ ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ ချာတူရွန်ဟာ ရေတပ်မရိန်းတပ်သားဟောင်းတစ်ဦးဖြစ်ပြီး ရထားတိမ်းမှောက်မှုမှာ ခြေထောက်မတော်တဆဖြစ်ခဲ့ပြီးနောက် သူ့ရဲ့ခြေထောက်တစ်ဖက်ကို ဖြတ်ပစ်ခဲ့ရတာဖြစ်ပါတယ်။
သူတို့နှစ်ဦး စနေနေ့မနက်မှာ လက်ထပ်ခဲ့ကြပြီး ဧည့်ခံပွဲကိုတော့ ညဘက်မှာ လုပ်ခဲ့တာပါ။
အဲဒီ ဧည့်ခံပွဲမှာ သတို့သားချာတူရွန်က ပျော်နေပုံမရဘူးလို့ ပွဲတက်လာသူတချို့ကို ကိုးကားပြီး သတင်းတွေကဆိုပါတယ်။ သူဟာ ဧည့်ခံပွဲကျင်းပနေရာကထွက်သွားပြီး ၉မမ ပစ္စတိုတစ်ခုကို ယူပြီး ပြန်လာခဲ့တယ်။ အဲဒီနောက်မှာ သတို့သမီး၊ သူ့ မိခင်နဲ့ ညီမတို့ကို ပစ်သတ်ခဲ့တာဖြစ်ပါတယ်။
ပစ်ခတ်ရင်း ပွဲတက်လာသူ ဧည့်သည်နှစ်ယောက်ကိုလည်း ကျည်ထိမှန်ခဲ့ပါတယ်။ အဲဒီအထဲက တစ်ဦးက ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။ မစ္စတာချာတူရွန်က သူ့ကိုယ်သူလည်း ပစ်ခတ်ပြီးသေဆုံးသွားခဲ့ပါတယ်။
သူဘာကြောင့် အခုလိုလုပ်ခဲ့တာလဲဆိုတာကိုတော့ မသိရသေးပေမဲ့ သူနဲ့နီးစပ်သူ တချို့ကတော့ ချာတူရွန်ဟာ ကိုယ်တိုင်ကမသန်စွမ်းသူဖြစ်နေပြီး သူ့ဇနီးလောင်းကို တခြားသူတွေနဲ့ စိတ်မချဖြစ်နေခဲ့တယ်လို့ဆိုပါတယ်။ မင်္ဂလာပွဲအတွင်းမှာလည်း သူတို့နှစ်ဦး စကားများခဲ့ကြသေးတယ်လို့ တွေ့ရှိသူတွေက ပြောပါတယ်။
မစ္စတာချာတူရွန်ဟာ ထိုင်းကိုကိုယ်စားပြုလို့ အင်ဒိုနီးရှား ၂၀၂၂ က ကျင်းပခဲ့တဲ့ ၁၁ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့ပြီး ရေကူးပြိုင်ပွဲမှာ ငွေတံဆိပ်ရခဲ့ပါတယ်။ထိုင်းရဲတွေကတော့ အခုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဆက်လက်စုံစမ်းမှုတွေ လုပ်နေပါတယ်။
သေနတ်ပစ်ခတ်မှုတွေကြောင့် လူသေဆုံးမှုဖြစ်စဥ်တွေ အခုနှစ်တွေထဲ မကြာခဏဖြစ်နေတဲ့ ထိုင်းနိုင်ငံမှာ ဒီနိုဝင်ဘာ ၂၅ ရက် ပစ်ခတ်မှုမတိုင်ခင်ရက်ကပဲ ထိုင်းပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးက သေနတ်လိုင်စင်ထုတ်ပေးမှုကို တစ်နှစ်အတွင်းရပ်ဆိုင်းထားဖို့ ဥပဒေကို အမိန့်ထုတ်ပြန်ထားတာဖြစ်ပါတယ်။