ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နိုဝင်ဘာ ၂၈ ရက် ထိပ်တန်းသတင်းများ - စစ်အာဏာသိမ်းထားတဲ့ မြန်မာမှာ ရာသီဥတုအန္တရာယ်ပိုဆိုးလာတယ်လို့ ကုလပြော
စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီပေး ရေးအကျပ်အတည်းတွေသာမက ရာသီဥတုဒဏ်ကိုလည်း ခံစားရနိုင်ကြောင်း ကုလသမဂ္ဂကျွမ်းကျင်သူတွေ က သတိပေးလာပါတယ်။
“ရာသီဥတုသက်ရောက်မှုတွေကို လျော့ချနိုင်ဖို့အတွက် လူမှုအသိုင်းအဝိုင်းတွေကို နိုင်ငံခေါင်းဆောင်တွေက ကူညီပေးပြီး မြန်မာရဲ့ အကျပ်အတည်းတွေကို အဆုံးသတ်နိုင်အောင်ကူညီပေးသင့်တယ်” လို့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ Thomas Andrews နဲ့ ကျန်းမာရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ David Boyd က ပြောခဲ့တာပါ။
ဒါဟာ အာရပ်စော်ဘွားများပြည်ထောင်စုမှာ ပြုလုပ်ခဲ့တဲ့ ၂၈ ကြိမ်မြောက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂညှိနှိုင်းအစည်းအဝေးပွဲ (COP28) မှာ အခုလိုပြောခဲ့တာ ဖြစ်ပါတယ်။
ပဋိပက္ခတွေနဲ့ ရာသီဥတုပြဿနာတွေရဲ့ သက်ရောက်မှုတွေဟာ သန်းပေါင်းများစွာသော မြန်မာနိုင်ငံသား တွေရဲ့ လုံခြုံရေး၊ လူမှုဘဝနဲ့ ကျန်းမာရေးအပေါ် ခြိမ်းခြောက်နေတဲ့အကြောင်းပါ ထည့်ပြောခဲ့တာပါ။
သဘာဝသယံဇာတပေါကြွယ်ဝပြီး ဇီဝမျိုးကွဲပေါင်းများစွာမှီတင်းနေထိုင်နေတဲ့ မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရာသီဥတုပြောင်းလဲမှုဒဏ်အခံရဆုံးနိုင်ငံဖြစ်လာပြီလို့လည်း ကုလကိုယ်စားလှယ်က ထောက်ပြပြောဆိုခဲ့ပါတယ်။
အခု ၂၀၂၃ ခုနှစ်မှာ အစွန်းရောက်သဘာဝဘေးတစ်ခုဖြစ်တဲ့ အယ်နီညိုရာသီဥတုဒဏ်ခံစားရပြီး မြန်မာမှာတော့ ပူပြင်းခြောက်သွေ့မှုနဲ့ မိုးခေါင်မှုတို့ကို အလူးအလဲခံစားရနိုင်ချေရှိတယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။
SSPP က သူ့နယ်မြေထဲက ကျားဖြန့်လုပ်ငန်းကို ဖမ်းပြီး တရုတ်လက်အပ်
ရှမ်းပြည်တပ်မတော် - SSPP/SSA က သူ့ထိန်းချုပ်နယ်မြေ နမ့်ခမ်းမြို့နယ်ထဲရှိနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း( ကျားဖြန့်) တစ်ခုကို ဝင်ရောက်ဖမ်းဆီးပြီး သံသယတရားခံ ကိုးဆယ်နီးပါးကို တရုတ်ဘက်ကိုလွှဲပေးလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) တရုတ်-မြန်မာ နယ်စပ် နမ့်ခမ်းမြို့နယ်ထဲက အဲဒီငွေလိမ်ဂိုဏ်းကို နိုဝင်ဘာ ၂၃ ရက်နေ့မှာ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA က ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
တရုတ်နိုင်ငံသား (၈၈) ဦးနဲ့ မြန်မာနိုင်ငံသား (၂၈) ဦး စုစုပေါင်းတရားခံ (၁၁၆) ယောက်ကို ဖမ်းမိခဲ့တယ်လို့ SSPP က ထုတ်ပြန်ပါတယ်။
သူတို့နဲ့အတူ လုပ်ငန်းလုပ်ကိုင်တဲ့ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေအပါအဝင် တရုတ်ငွေ အချို့ကို သိမ်းဆည်းရမိပြီး တရုတ်နိုင်ငံသား (၈၈) ဦးကိုတေ့ နိုဝင်ဘာ ၂၃ ရက်နေ့မှာပဲ တရုတ်အစိုးရကို လွှဲပေးလိုက်တယ်လို့ SSPP ကပြောပါတယ်။
မြန်မာနိုင်ငံသား သံသယတရားခံ (၂၈) ဦးကို အမှုစစ်ဆေးပြီး အရေးယူ သွားမယ်လို့ သိရပါတယ်။
ရှမ်းပြည်တပ်မတော် SSPP/SSA ရဲ့ အပြောအရ သူတို့ရဲ့ အုပ်ချုပ်ရေးနယ်မြေအတွင်း တရားမဝင်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ လုံးဝမရှိစေရေးအတွက် တားဆီးနှိမ်နင်းသွားမယ်လို့ ဆိုပါတယ်။
ရေကြောင်းလုံခြုံရေးလေ့ကျင့်ခန်း ဆောင်ရွက်ဖို့ တရုတ်စစ်သင်္ဘောတွေ မြန်မာကိုရောက်နေ
မြန်မာ-တရုတ် ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း ဆောင်ရွက်ဖို့ ဆိုပြီး တရုတ်ရေတပ်ရဲ့ ရေယာဥ် ၃ စင်း မြန်မာနိုင်ငံကို ရောက်နေပါတယ်။ တရုတ်ရေတပ်ရဲ့ 44th PLA Navy Escort Task Group(ETG) က ဖျက်သင်္ဘော - Zi Bo ၊ ဖရီးဂိတ်စစ်ရေယာဥ်- Jing Zhou နဲ့ ထောက်ပံ့ရေးစစ်ရေယာဉ် - Qian Dao Hu တို့ ဟာ မနေ့နိုဝင်ဘာ ၂၇ ရက်က ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းကိုဆိုက်ကပ်တယ်လို့ စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။
အဲဒီရေယာဥ်တွေကို တရုတ်ရေတပ်ရဲ့ ဗိုလ်မှူးကြီးအဆင့်ရှိသူတစ်ဦးကဦးစီးပြီး အရာရှိ၊စစ်သည်စုစုပေါင်း ၇၀၀ ခန့် လိုက်ပါလာတယ်လို့သိရပါတယ်။ အဲဒီတရုတ်ရေတပ်အဖွဲ့ဟာ ရန်ကုန်မြို့က အထင်ကရ နေရာတွေကိုလည်ပတ်မှာဖြစ်သလို နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲတွေပြုလုပ်မယ်လို့ဆိုပါတယ်။
တရုတ် - မြန်မာနယ်စပ်တစ်လျှောက်မှာ တရုတ်စစ်တပ်ရဲ့ နယ်စပ်လုံခြုံရေးစစ်ရေးလေ့ကျင့်နေချိန်မှာပဲ ရေကြောင်းကနေ နှစ်နိုင်ငံချစ်ကြည်ရေးဆိုပြီး တရုတ်စစ်သင်္ဘောတွေ ရောက်လာတာလည်းဖြစ်ပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မြန်မာနဲ့ တရုတ်ဟာ မဟာဗျူဟာ မိတ်ဖက်နဲ့ ဆွေမျိုးပေါက်ဖော်နိုင်ငံဖြစ်ပြီး ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ်ကို လေးစားလိုက်နာသလို နှစ်နိုင်ငံအစိုးရနဲ့ တပ်မတော်နှစ်ရပ် အကြားမှာ ခိုင်မာတဲ့ချစ်ကြည်ရင်းနှီးမှုရှိတဲ့ နိုင်ငံတွေဖြစ်တယ်လို့ မနေ့က ပုံမှန်သတင်းထုတ်ပြန်ချက်မှာထည့်ပြောပါတယ်။
တရုတ် - မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ နဲ့ စစ်ကောင်စီတို့ကြားစစ်ရေးပြင်းထန်နေချိန်မှာ တရုတ်ဟာ စစ်ကောင်စီနဲ့ ပုံမှန်ဆက်ဆံရေးတွေလုပ်နေတာလည်းဖြစ်ပါတယ်။