စက်တင်ဘာ ၆ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကို စိုးရိမ်ကြောင်းပြော

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၄

အာရက္ခတပ်တော် အေအေရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို စိုးရိမ်တယ်လို့ ပြောကြောင်း သားဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်က ဒီနေ့မှာ ပြောလာပါတယ်။

သူ့ရဲ့လူမှုကွန်ရက်မှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ရုပ်သံခေါ်ဆိုထားတဲ့ ဓာတ်ပုံနဲ့အတူ လွန်ခဲ့တဲ့ နာရီပိုင်းက ထုတ်ပြောထားတာပါ။

"မကြာသေးခင်က အာရကန်တပ်တော်ရဲ့ ဗိုလ်ချုပ်ကြီး ထွန်းမြတ်နိုင်ကို တွေ့ဆုံခဲ့ပါတယ်။ သူက မေ့မေ့ကို အထူးလေးစားကြောင်း၊ မေမေ့ကျန်းမာရေးကို စိုးရိမ်ကြောင်း ပြောပါတယ်" လို့ ကင်မ်က ရေးသားထားပါတယ်။

ဗိုလ်ချုပ်ထွန်းမြန်နိုင်က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေကို မလွှတ်ပေးဘဲ ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘူးလို့ ခိုင်ခိုင်မာမာပြောခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ကင်မ်ကလည်း "ကိုထွန်းမြတ်နိုင်နဲ့ သူရဲ့တပ်ဖွဲ့များရဲ့ အချိန်တိုတိုမှာ ရရှိခဲ့တဲ့ အောင်မြင်မှုများကို အင်မတန်ချီးကျူး ဂုဏ်ပြုမိကြောင်း ပြောခဲ့တယ်။ သူ့ဆီကနေ ရခိုင်ပြည်သူများကြုံတွေ့နေရတဲ့ ပဋိပက္ခတွေနဲ့ စစ်ဘေးရှောင်နေစဉ် ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ပိုမိုသိရှိနားလည်ခဲ့ရတယ်" လို့ ပြောခဲ့တယ်လို့ ရေးသားထားတာပါ။

သူတို့နှစ်ဦးဟာ မိတ်ဆွေတွေအဖြစ် ဆက်ရှိပြီး အချင်းချင်း ပံ့ပိုးကူညီဖို့နဲ့ ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံ ဖြစ်လာအောင် ဆက်လက် ကြိုးပမ်းသွားဖို့ သဘောတူခဲ့ကြတယ်လို့ ကင်မ်က ပြောပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းကတည်းက ဖမ်းဆီးထောင်ချခံထားရတဲ့ အသက် ၈၀ အရွယ် မိခင်ဖြစ်သူရဲ့ နှလုံးပိုင်းဆိုင်ရာ အခြေအနေ ပိုဆိုးလာတာကို သိရတာကြောင့် ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို စိုးရိမ်တယ်လို့ ကင်မ်က မနေ့တုန်းက ပြောထားပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နီးစပ်တဲ့ ဘီဘီစီသတင်းအရင်းအမြစ်ကတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ကျန်းမာရေးကောင်းမွန်တယ်လို့ ဆိုပါတယ်။

မက်ဇူကာဘက်နဲ့ နာမည်တူသူက Facebookကို တရားစွဲ

Facebook တည်ထောင်သူ မက်ဇူကာဘက်နဲ့ နာမည်တူတဲ့ အမေရိကန်ရှေ့နေက လူမှုကွန်ရက်ပလက်ဖောင်းကို တရားစွဲလိုက်ပါတယ်။

သူ့ရဲ့ လူမှုကွန်ရက်အကောင့်ဟာ နာမည်ကျော်ကြားသူဆယ်လီတစ်ဦးအယောင်ဆောင်တယ်ဆိုပြီး ပိတ်ပင်ခံနေရတာကြောင့် ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၈ နှစ်အတွင်း ရှေ့နေမက်ဇူကာဘက်ရဲ့အကောင့်ဟာ ၅ ကြိမ်အပိတ်ခံရတာကြောင့် စီးပွားရေးအရ အမေရိကန်ဒေါ်လာထောင်ချီဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။

Facebook တည်ထောင်သူနဲ့ နာမည်တူလို့ နစ်နာနေရတဲ့ ရှေ့နေက သူဟာ ကမ္ဘာ့အချမ်းသာဆုံးသူဌေးတစ်ဦးဖြစ်တဲ့ Facebookရဲ့ မက်ဇူကာဘက် လမ်းလျှောက်တတ်ခါစအရွယ်မှာ သူက ရှေ့နေတောင်လုပ်နေပြီလို့ ပြောထားပါတယ်။

Meta(Facebookရဲ့ မိခင်ကုမ္ပဏီ)ကတော့ ရှေ့နေရဲ့ အကောင့်ကို ပြန်သုံးလို့ရအောင် လုပ်ဆောင်ပေးခဲ့ပြီဖြစ်ကာ နောက်နောင်ထပ်မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

Meta က သူသွင်းထားတဲ့ ကြော်ငြာကြေး ဒေါ်လာ ၁၁,၀၀၀ သွင်းထားတာကို ဖြတ်ချခဲ့တာ ကြောင့် သဘောတူစာချုပ်ကိုဖောက်ဖျက်တယ်ဆိုပြီး တရားစွဲလိုက်တာပါ။ သူ့အကောင့်ကို မေလမှာပိတ်ပြီး တရားစွဲလိုက်မှ ပြန်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။

မြန်မာမှာ လူ ၃ ဦးမှာ ၁ဦး ဝဝလင်လင်မစားနိုင်တော့

မြန်မာနိုင်ငံမှာ လူ ၃ ဦးမှာ ၁ ဦးနှုန်း ဝမ်းရေးမဖူလုံတာကို ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဥ် WFP ကဆိုပါတယ်။

စက်တင်ဘာ ၅ ရက်က ထုတ်ပြန်တဲ့ မြန်မာက ဆာလောင် မွတ်သိပ်မှုကို ကိုရီးယားနိုင်ငံနဲ့ ပူးတွဲလုပ်ဆောင်မယ့် REACH အစီအစဥ်အကြောင်း သတင်းထုတ်ပြန်ချက်မှာ ဆိုထားတာပါ။

မြန်မာမှာ လူဦးရေ ၁၆ ဒသမ ၇ သန်းဟာ ဝမ်းရေးမဖူလုံမှုကို ရင်ဆိုင်နေရပြီး ၂၀၂၄ ခုနှစ်ကထက် သိသိသာသာတိုးမြင့်လာတယ်လို့ WFP ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ပြီးခဲ့တဲ့နှစ်က ဝဝလင်လင်မစားနိုင်တဲ့ လူဦးရေ ၁၃ ဒသမ ၃ သန်းရှိခဲ့တာကြောင့် တစ်နှစ်အတွင်းလူ ၃ သန်းလောက် တိုးလာပါ။

အခုတိုးမြင့်လာတဲ့ အရေအတွက်ထဲကမှ လူ ၂ ဒသမ ၈ သန်းဟာ ထမင်းတစ်နပ်အတွက် နေ့စဉ်ရုန်းကန်နေရတဲ့ အရေးပေါ်အခြေအနေကို ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ချက်မှာဆိုပါတယ်။

၂၀၂၁ ခုနှစ်အစောပိုင်းကထက် ကုန်ဈေးနှုန်း ၄ ဆအထိတိုးမြင့်လာတာကြောင့် သန်းနဲ့ချီတဲ့လူတွေဟာ အခြေခံစားသောက်ကုန်တွေကို မဝယ်စားနိုင်တဲ့အခြေအနေဖြစ်နေတယ်လို့ WFP ကဆိုပါတယ်။

ကိုးရီးယားနိုင်ငံက WFP နဲ့ပူးပေါင်းပြီး REACH အစီအစဥ်နဲ့ ပဋိပက္ခနဲ့ ငလျင်ဒဏ်သင့်ဒေသက လူဦးရေ ၃ သိန်းဝန်းကျင် အတွက် နှစ်လစာ စားနပ်ရိက္ခာ ဒါမှမဟုတ် ငွေသားထောက်ပံ့ပေးဖို့ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ် ။

ဒါအပြင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နဲ့ ကလေးငယ် ၂၄,၀၀၀ တို့ကိုလည်း အာဟာရချို့တဲ့မှု ကာကွယ်ရေးနဲ့ ကုသရေး အကူအညီတွေ ပေးသွားမယ်လို့ ပြောထားပါတယ်။

WFP ဟာ ရန်ပုံငွေမလုံလောက်တာကြောင့် မြန်မာက လူတစ်သန်းအတွက် အရေးပေါ်အကူအညီ ပေးတာကို ဒီနှစ်ဧပြီမှာ ရပ်တန့်ခဲ့ရပါတယ်။

ရန်ကုန်မှာ တီဘီရောဂါကူးစက်မှု အမြန်ထိန်းချုပ်ဖို့လိုအပ်နေ

တနိုင်ငံလုံးက တီဘီလူနာအားလုံးရဲ့ ၃ ပုံ ၁ ပုံဟာ ရန်ကုန်မှာရှိနေပြီး အမြန်ထိန်းချုပ်ရမယ့်အနေအ ထားဖြစ်တယ်လို့ ရန်ကုန်တိုင်း တီဘီရောဂါတိုက်ဖျက်ရေးတာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

"တီဘီရောဂါကူးစက်ခံရပြီး ဘာလက္ခဏာမပြဘဲ စစ်ဆေးမှပေါ်လာတဲ့သူတွေများနေတယ်" လို့ တီဘီရောဂါတိုက်ဖျက်ရေးတာဝန်ရှိသူက ပြောပါတယ်။

၂၀၂၀ ခုနှစ် အချက်အလက်အရ နိုင်ငံတဝန်းမှာရှိတဲ့ တီဘီ ရောဂါသည် ၄ ပုံ ၁ ပုံက ရန်ကုန်မြို့နေထိုင်တယ်လို့ တီဘီရောဂါကာကွယ်ကုသရေးလုပ်ခဲ့တဲ့ ပြည်တွင်းက NGO/အရပ်ဖက်အဖွဲ့တစ်ခုရဲ့ တာဝန် ရှိသူက ဘီဘီစီကို ဒီနှစ်စပိုင်းမှာ ပြောထားပါတယ်။

ရန်ကုန်မြို့နေလူထုရဲ့ လူဦးရေ တစ်သိန်းမှာ တီဘီလူနာ ၈၇၀ ရှိနေပြီး ဒါဟာ ကမ္ဘာ့တီဘီရောဂါလူနာ အများဆုံးဖြစ်နေတဲ့ အာဖရိကနိုင်ငံတွေရဲ့ လူနာအရေအတွက်ကို နီးကပ်လာတဲ့အနေအထားမှာရှိနေပါတယ်။

အာဖရိကနိုင်ငံတွေမှာ လူတစ်သိန်းမှာ တီဘီလူနာ ၁၀၀၀ ရှိတာ ဖြစ်ပါတယ်။

"အစောပိုင်းဆေးစစ်လို့တွေ့ရင် ရောဂါကူးစက်ခံထားရတာကို မယုံကြဘူး။ ချောင်းဆိုးသွေးပါပြီး ပိန် ချုံးလာမှ တီဘီလို့ယုံကြတာ" လို့ တီဘီရောဂါတိုက်ဖျက်ရေးတာဝန်ရှိသူက ပြောပါတယ်။

ဆေးယဥ်ပါးတီဘီလူနာရဲ့ ထက်ဝက်ကလည်း ရန်ကုန်မြို့မှာရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်အရ သိရပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် လူတစ်သိန်းမှာ တီဘီလူနာ ၅၅၈ ဦးရှိနေတာပါ။

၂၀၁၉ ခုနှစ် ကမ္ဘာ့တီဘီရောဂါ အစီရင်ခံစာအရ မြန်မာမှာ တီဘီရောဂါ ဖြစ်ပွားမှုနှုန်းက လူဦးရေတစ်သိန်း မှာ ၃၃၈ ဦးရှိခဲ့တာဖြစ်ပါတယ်။

ရန်ကုန်မြို့တွင်း ၃၃ မြို့နယ်က ဒေသန္တရနဲ့ ကျေးလက်ဆေးခန်းတွေမှာ အသက် ၇၀ သက်ကြီးတွေ၊ အလုပ်ဝင်တာနဲ့ တက္ကသိုလ်ကျောင်းတက်မယ့် လူငယ်တွေကို တီဘီရောဂါစစ်ဆေးပေးတာ၊ ရောဂါ တွေ့ရှိရင် အခမဲ့ကုသပေးနေတယ်လို့ တိုင်းကျန်းမာရေးဌာနနဲ့နီးစပ်သူကတဆင့်သိရပါတယ်။

တီဘီရောဂါကူးစက်ခံရသူတွေမှာ အချိန် ၆ လကနေ ၉လအထိ အချိန်မှန်ဆေးသောက်ဖို့လိုအပ်တာ ဖြစ်ပါတယ်။

တီဘီရောဂါက စနစ်တကျ ကုသမှုခံယူရင် ပျောက်ကင်းနိုင်တဲ့ရောဂါ ဖြစ်ပါတယ်။ ရောဂါကို စောစောစီးစီးသိရှိပြီး အချိန်မီကုသမှုခံယူရင် ရောဂါပြန့်ပွားမှုကို ကာကွယ်နိုင်သလို ပျောက်ကင်းနိုင်ခြေကိုလည်း ပိုမိုမြင့်တင်ပေးနိုင်တယ်လို့ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေအဖွဲ့က ဆိုပါတယ်။

အေအေနဲ့ စစ်တပ် ပဲခူးနဲ့ ဧရာဝတီတိုင်းအစပ်မှာ တိုက်ပွဲပြင်းထန်နေ

ရခိုင်ပြည်နယ်နဲ့ ပဲခူး၊ ဧရာဝတီတိုင်းအစပ်ဒေသတွေကို ဒီရက်ပိုင်းတွေအတွင်း စစ်တပ်ကဆက်တိုက် ထိုးစစ်ဆင်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ အာရက္ခတပ်တော်အေအေက စက်တင်ဘာ ၅ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

နှစ်ဖက်တပ်တွေ ဆိုင်ထားကြတဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ဆင်လမ်ကျေးရွာအနောက်ဘက် နဲ့ ညောင်ကျိုးကျေးရွာအရှေ့မြောက်ဘက်တောင်ကြောနေရာတွေ၊ ဧရာဝတီတိုင်း စက်စက်ယိုရွာပတ်ဝန်း ကျင်တွေမှာ တိုက်ပွဲပြင်းထန်နေတာလို့ဆိုပါတယ်။

ဒီနေရာတွေအပြင် တိုက်ပွဲနဲ့ဆက်စပ်နေရာတွေမှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ အေအေထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

စက်တင်ဘာ ၄ရက်တုန်းကလည်း စကခ ၁၇ လက်အောက်ခံ ခမရ ၅၇၄ နဲ့ ဆောက်လုပ်ရေး အင်ဂျင်နီယာ တပ်ခွဲ-ဆလအခွဲ ၉၄၄ တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ စစ်ကြောင်းဟာ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေး ရွာအရှေ့မြောက်ဘက်ကို ထိုးစစ်ဆင်လာကြောင့် အေအေနဲ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နှစ်နာရီကျော်ကြာတိုက်ပွဲအပြီးမှာ စစ်တပ်စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားပြီး လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်တွေ အာရက္ခတပ်တော်က သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲမှာ စစ်တပ်ဘက်က သေဆုံးတဲ့ တပ်ဖွဲ့ဝင်တချို့ရဲ့ ပုံကို အေအေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

မကွေးတိုင်းထဲမှာ စစ်ဆင်ရေးလုပ်ခဲ့တဲ့ ခြေလျင်တပ်မဌာနချုပ် အမှတ် (၉၉၂) နည်းဗျူဟာအဖွဲ့က ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်နဲ့ ဗျူဟာရုံးအဖွဲ့ဝင် ၁၇ ဦးကို ဒီနှစ် ဖေဖော် ဝါရီ ၄ ရက် ဂုတ်စီးရိုးဒေသတိုက်ပွဲမှာ ဖမ်းဆီးခဲ့တယ်လို့ အေအေဆိုပါတယ်။

စစ်တပ်ဟာ လက်ကျန်တပ်ဖွဲ့ဝင်တွေနဲ့ စစ်မှုထမ်းသင်တန်းဆင်းတပ်ဖွဲ့ဝင်အသစ်တွေ စိတ်ဓာတ်မြှင့် တင်ဖို့ လေကြောင်း၊ ရေကြောင်းပစ်ကူတွေ၊ ဒရုန်းနဲ့ စစ်အင်အားစုပြုံသုံးတဲ့ ဗျူဟာကို ဒီနှစ်မတ်လ ဆန်းကစပြီး တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ စစ်တပ်ဌာနချုပ်တွေနဲ့ နယ်မြေတွေမှာ အသုံး ပြုနေတယ်လို့ အေအေကပြောပါတယ်။

ရွေးကောက်ပွဲလုံခြုံရေးထိခိုက်အောင်အွန်လိုင်းက လှုံ့ဆော်သူတွေကိုအရေးယူဖို့ ပြည်ထဲရေးဝန်ကြီးပြော

အွန်လိုင်းကနေ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ရေးသားချက်တွေကို စောင့်ကြည့်နေပြီး ရွေးကောက်ပွဲပျက်ပြားအောင်ရေးသားဖြန့်ဝေတဲ့ အမှု ၃ မှုကို အရေးယူခဲ့ပြီး ဖြစ်တယ်လို့ ပြည်ထဲရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောပါတယ်။

စက်တင်ဘာ ၅ ရက်မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟို ကော်မတီ အစည်းအဝေးမှာ ပြောခဲ့ တာပါ။

"ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ" ကို ဇူလိုင် ၂၉ မှာထုတ်ပြန်တာကြောင့် ဥပဒေထွက်လာပြီးနောက် အချိန် ၁ လကျော်ဝန်းကျင်မှာ ၃ မှုအရေးယူခဲ့တာဖြစ်ပါတယ်။

အမှုနဲ့ပတ်သက်တဲ့ အသေးစိတ်အခြေအနေကိုတော့ ထည့်သွင်းပြောကြားတာမရှိပါဘူး။

စစ်ကော်မရှင်က ပြဋ္ဌာန်းလိုက်တဲ့ ရွေးကောက်ပွဲကာကွယ်ပေးရေး ဥပဒေရဲ့ ပုဒ်မ ၁၆ မှာ ရွေးကောက်ပွဲပျက်ပြားအောင် ဟောပြောတာ၊ ပြောဆိုတာ၊ စည်းရုံးတာ၊ လှုံ့ဆော်တာ၊ ဆန္ဒပြတာ ဒါမှမဟုတ် စာ‌ရေးသားဖြန့်ချိတာ မပြုရလို့ တားမြစ်ထားပါတယ်။

ဒီတားမြစ်ချက်ကို ဖောက်ဖျက်ရင် ပုဒ်မ ၂၃(က)အရ ထောင် ၃ နှစ်ကနေ ၇ နှစ်အထိ ချမှတ်နိုင်သလို ငွေ ဒဏ်လည်းချမှတ်နိုင်တာပါ။

ပုဒ်မ ၁၆ ကို လူစုလူဝေးနဲ့ ဖောက်ဖျက်ရင် ထောင်ဒဏ် ၅ နှစ်ကနေ ၁၀ နှစ်အထိအပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပုဒ်မ ၂၃(ခ)မှာ ပြဋ္ဌာန်းထားတာတွေ့ရပါတယ်။