ပတ်စ်ပို့သက်တမ်းတိုး - မူးလဲကျတဲ့အထိ လူထောင်ချီတန်းစီတဲ့ ဘန်ကောက်က သက်တမ်းတိုး

ရေးသားခဲ့သည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့မှာ နိုင်ငံကူးသက်တမ်းတိုးနိုင်ရေး ကြိုတင်ရက်ချိန်း ရနိုင်ဖို့ ထောင်နဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ ဒီကနေ့ တန်းစီစောင့်ဆိုင်းခဲ့ကြပြီး လူအုပ်ကြီးထဲမှာ မူးဝေလဲကျသူတွေပါ ရှိခဲ့ပါတယ်။

မြန်မာသံရုံးဟာ ၂၀၂၂ ခုနှစ်အတွင်း သက်တမ်းကုန်သွားတဲ့နိုင်ငံကူးလက်မှတ်တွေအတွက်ပဲ ကြိုတင် ရက်ချိန်းပေးမှာလို့ ပြီးခဲ့တဲ့ဒီဇင်ဘာလကတည်းက ကြေညာခဲ့တာဖြစ်ပေမဲ့ အခုနှစ်အတွင်း သက်တမ်းကုန်မယ့်သူတွေကပါ ကြိုတင်ရက်ချိန်းရဖို့ လာရောက်တန်းစီကြလို့ လူ ထောင်ဂဏန်းအတော်များများ တန်းစီ စုဝေးခဲ့တာပါ။

ဒီကနေ့ လာရောက်တန်းစီသူတွေများပြားခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဘန်ကောက်မြို့ မြန်မာသံရုံးရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ သက်တမ်းကုန် နိုင်ငံကူးလက်မှတ်တွေအတွက် တိုကင်ရက်ချိန်း ၆၀၀၀ ကျော် ထုတ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် လမ်းပိတ်ဆို့မှုတွေ၊ ကြန့်ကြာမှုတွေနဲ့ ကျန်းမာရေး မကောင်းသူတွေ  အဆင်မပြေ ဖြစ်ခဲ့ပြီး တန်းစီသူတွေ စနစ်ကျဖြစ်စေရေး ထိုင်းရဲရဲ့အကူအညီရယူခဲ့ရတယ်လို့ လည်း သိရပါတယ်။

နိုင်ငံကူးလက်မှတ် ထုတ်ယူရေးနဲ့ ပတ်သက်လို့ စနေနေ့တိုင်း ၂၀၂၂ ခုနှစ် သက်တမ်းကုန်သူတွေနဲ့ လအလိုက် သက်တမ်းကုန်သူတွေကို ဆက်ထုတ်ပေးမယ်လို့လည်း ဆိုပါတယ်။

လာရောက်တန်းစီကြသူအများစုဟာ ရွှေ့ပြောင်းလုပ်သားအများစုဖြစ်ပြီး တချို့ဆိုရင် မနက် မိုးမလင်းခင် ကတည်းက တန်းစီနေခဲ့ကြတာ ဖြစ်ပါတယ်။ 

လာရောက်တန်းစီသူတွေ များပြားတဲ့အတွက် ရာသီဥတု မပူပြင်းချိန်မှာတောင် မူးဝေလဲကျသူတွေ ရှိခဲ့ပါတယ်။

နိုင်ငံကူးလက်မှတ် ထုတ်မပေးတာ ကြာပြီ ဖြစ်ပြီး ဒီကနေ့ဟာ ပထမဆုံး ထုတ်ပေးခဲ့တဲ့ ရက်ဖြစ်တဲ့အပြင် သတင်းအချက်အလက်တွေကို သေသေချာချာ မသိကြတဲ့အတွက်  အခုလို ဖြစ်ခဲ့တာလို့ ကြိုတင်ရက်ချိန်းယူသူတွေကို လိုက်ပါကူညီပေးခဲ့သူတစ်ဦးက ပြောပါတယ်။ 

စစ်ကောင်စီဘက်ကတော့ သာမန်နိုင်ငံကူးလက်မှတ်တွေ အချိန်မီ သက်တမ်းတိုးပေးနိုင်ရေး အပါအဝင် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကြုံနေ အခက်အခဲတွေကို ဖြေရှင်းရေး စစ်ကောင်စီနိုင်ငံခြားရေး၊ လဝက၊ အလုပ်သမားစတဲ့ ဝန်ကြီးဌာနက ဝန်ကြီးတွေနဲ့ ကောင်စီဝင် ဦးသိန်းညွန့်တို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ တွေ့ဆုံထားတယ်လို့ ပြောထားပါတယ်။ 

တစ်ဖက်မှာလည်း  ကပ်ရောဂါနဲ့  အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံမှာ လူမှုစီးပွားအခက်အခဲတွေ ကြောင့် မြန်မာနိုင်ငံသားတွေဟာ အလုပ်အကိုင်ရဖို့ အိမ်နီးချင်းထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်တာတွေ ရှိသလို ထိုင်းဘက်ကလည်း တရားမဝင်ပြည်ဝင်မှုနဲ့ ဖမ်းဆီးသူတွေကို နယ်စပ်ကနေ ပြန်ပို့နေတာဆိုရင် ပြီးခဲ့တဲ့နှစ်အတွင်း လူပေါင်း သောင်းနဲ့ချီ ရှိနေပါတယ်။

ထိုင်းနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်း ထောင်ဒဏ်ချမှတ်ခံရတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းဘက်က မယ်ဆိုင်၊ ရနောင်းနဲ့ မဲဆောက်တို့ကနေ ပြန်ပို့နေတာဖြစ်ပြီး အဲဒီထဲမှာ မဲဆောက်ကနေ မြန်မာဘက်ခြမ်း မြဝတီကို ပြန်ပို့တဲ့ မြန်မာအရေအတွက်ဟာ ၂၀၂၂ ခုနှစ်အတွင်းမှာ ၂ သောင်းကျော်အထိ ရှိနေတယ်လို့ ဒီအရေး သိရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ထိုင်းလဝက ဘက်က လွှဲပေးသူတွေကို နေ့စဥ် မြန်မာဘက် ပြန်ပို့နေပြီး ပျမ်းမျှအားဖြင့် တစ်နေ့ကို လူ ၂၀၀ လောက် ပြန်ပို့ပေးနေရတယ်လို့ ဆိုပါတယ်။ 

ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ထိုင်းက မြန်မာသံရုံးနဲ့ မြန်မာအလုပ်သမားသံအရာရှိတွေဟာ လုံခြုံရေးစိုးရိမ်ချက်နဲ့ အလုပ်သမားအရေးကို ထဲထဲဝင်ဝင် ဆောက်ရွက်တာမရှိတော့ဘူးလို့ ထိုင်းရောက်လုပ်သားတွေအရေး ဆောင်ရွက်သူတွေက စွပ်စွဲပြောဆိုကြပါတယ်။

ဒါပေမဲ့ အလုပ်သမားသံအရာရှိတွေဘက်ကတော့ အလုပ်သမားတွေအရေးကို သူတို့လက်လှမ်းမီသလောက် လုပ်ဆောင်နေတယ်ဆိုပြီး တုံ့ပြန်ပြောဆိုထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းက ထွက်ခွာလိုသူတွေ အလွန်များပြားနေပြီး မြန်မာအလုပ်သမား အများအပြား ရှိနေတဲ့ ထိုင်းနိုင်ငံမှာတင်မက မြန်မာနိုင်ငံထဲမှာလည်း နိုင်ငံကူးလက်မှတ်ရရှိရေး အချိန် တော်တော်ကြန့်ကြာနေပါတယ်။

အရင်က ရက်ပိုင်းအတွင်း နိုင်ငံကူးလက်မှတ် အပြီးအစီး ထုတ်ရရှိခဲ့ပေမဲ့ အခုအခါမှာတော့ နိုင်ငံကူးလက်မှတ်လျှောက်ထားဖို့ ကြိုတင်ရက်ချိန်းယူရတာကိုက လတွေ ချီစောင့်ဆိုင်းနေရတာ ဖြစ်ပါတယ်။