ဗြိတိန်မှာ စစ်သားဦးရေနည်းပါးနေသလို လက်နက်ခဲယမ်းလည်း ရေရှည်စစ်အတွက် မပြည့်မီ- ဖေဖေါ်ဝါရီ ၄ ရက် နိုင်ငံတကာ ထိပ်တန်း သတင်း

ရေးသားခဲ့သည်။

ဗြိတိန်မှာတော့ စစ်တပ်ထဲ စစ်မှုထမ်း ဦးရေ လိုအပ်နေပြီး လက်နက်ခဲယမ်း အင်အားလည်း နည်းပါးနေတဲ့ အတွက် ဗြိတိသျှ စစ်တပ်ဟာ ရေရှည်စစ်ပွဲကြီး တစ်ခု ဆင်နွှဲဖို့ ဘယ်လိုမှ အသင့် ရှိမနေဘူး ဆိုပြီး ပါလီမန်ရဲ့ ကာကွယ်ရေး ဆိုင်ရာ ကော်မတီက သတိပေးပါတယ်။

စစ်မှုထမ်း အဖြစ်ကနေ အနားယူနေတဲ့ နှုန်းဟာ လူသစ် ဖြည့်ဆည်းနိုင်တာထက် အင်မတန် မြင့်မားနေတယ်လို့လည်း ကော်မတီက ထောက်ပြပါတယ်။ ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနကလည်း သူတို့ နံပါတ်တစ် ဦးစားပေး လုပ်ဆောင်နေတဲ့ အရာကလည်း တပ်သားသစ် စုဆောင်းနိုင်ရေးပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်နက်ခဲယမ်း အတွက် အစိုးရက ဘတ်ဂျက်ငွေ ဒေါ်လာ သန်း နှစ်ထောင့်ငါးရာ သတ်မှတ် ထားပေမယ့်လည်း ကာကွယ်ရေး ဆိုင်ရာ တခြား ကဏ္ဍတွေမှာပါ ခွဲဝေ သုံးစွဲရမယ့် အခြေအနေမျိုး ရှိနေတယ်လို့လည်း ပါလီမန်ရဲ့ ကာကွယ်ရေး ဆိုင်ရာ ကော်မတီက ပြောဆိုပါတယ်။

ဗြိတိန်မှာ တစ်နှစ်ကို ကာကွယ်ရေး ကဏ္ဍအတွက် စုစုပေါင်း အသုံးစားရိတ် ဒေါ်လာ ဘီလျံ ၆၀ ကျော် သုံးစွဲ နေပါတယ်။

ယီမင်ထဲက ဟူသီပစ်မှတ်တွေကို မဟာမိတ်တွေ တိုးမြှင့် တိုက်ခိုက်

ဗြိတိန်ရဲ့ လက်ရှိ စစ်ရေး ပါဝင်ပတ်သက်မှုကို ကြည့်ရင် ပင်လယ်နီထဲက နိုင်ငံတကာ ကုန်သွယ်သင်္ဘောတွေကို တိုက်ခိုက်နေတဲ့ ဟူသီတွေကို စစ်ရေး အရ အရေးယူတဲ့ အနေနဲ့ ယီမင်နိုင်ငံထဲက ဟူသီ ပစ်မှတ်တွေကို လေကြောင်း တိုက်ခိုက်နေပါတယ်။

ဟူသီ ပစ်မှတ် ၃၀ ကျော်ကို အမေရိကန်နဲ့ ဗြိတိန်တို့က လေကြောင်း တိုက်ခိုက် တာတွေ ထပ်မံ လုပ်ဆောင်ခဲ့တဲ့ အပေါ် လက်တုန့်ပြန်သွားမယ် ဆိုပြီး ဟူသီ လက်နက်ကိုင်တွေကလည်း ပြောနေပါတယ်။

အခုလို ရန်လိုမှုတွေ အပေါ် တူညီစွာ တုန့်ပြန်သွားမှာ ဖြစ်တယ်လို့ အီရန်နိုင်ငံက ကျောထောက်နောက်ခံ ပြုပေးနေတဲ့ ဟူသီ အဖွဲ့ရဲ့ ပြောခွင့်ရသူက ဆိုပါတယ်။

အမေရိကန်နဲ့ ဗြိတိန်အပြင် နောက်ထပ် မဟာမိတ် ၆ နိုင်ငံကလည်း ပူးပေါင်းလို့ ဟူသီပစ်မှတ်တွေကို တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

ဟူသီတွေနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ သိုလှောင်ရုံ၊ ဒုံးပစ်စင်၊ လေကြောင်းရန်ကာစနစ် အစရှိတဲ့ စစ်ရေး ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်နဲ့ ဗြိတိန်အပါအဝင် ၈ နိုင်ငံ မဟာမိတ် အုပ်စုဘက်က အတည်ပြု ထားပါတယ်။

အမေရိကန်ရဲ့ ဗဟိုအမိန့်ပေး ကွပ်ကဲရေးရုံးမှာ ပြောရေးဆိုခွင့် ရှိသူ အဖြစ် တာဝန် ထမ်းခဲ့ဖူးတဲ့ ဗိုလ်မှူးကြီး ဂျိုးဘူချီနိုက အခုလို သုံးသပ်ပါတယ်။

“အခု ပစ်မှတ်ထားလာခဲ့တဲ့ နေရာတွေကို ကြည့်ရင် ယီမင်တလွှား မတူတဲ့ နေရာ အမျိုးမျိုးမှာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အရင်က မတိုက်ခိုက်ခဲ့ဖူးတဲ့ ယီမင်မြို့တော် ဆားနားက နေရာတွေ အပါအဝင်၊ ယီမင်ထဲ အတော်လေး အတွင်းကျကျ နေရာတွေကို မဟာမိတ်တွေ တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

ရည်မှန်းထားသလို ဟူသီတွေရဲ့ စစ်ရေး လုပ်ဆောင်နိုင်စွမ်းကို ကန့်သတ်နိုင်မလား၊ ဟူသီတွေဘက်က ပိုပြီး အကြမ်းနည်းနဲ့ တုန့်ပြန်လာမလား ဆိုတဲ့ တစ်ခုမဟုတ် တစ်ခု ရလဒ်မျိုး ဖြစ်လာနိုင်ပါတယ်” ဆိုပြီး ဗိုလ်မှူးကြီး ဂျိုးဘူချီနိုက သုံးသပ်ထားပါတယ်။

ဂါဇာမှာ တစ်ညတည်း အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၉၀ ကျော် သေဆုံး

တခါ ဂါဇာကို ကြည့်ရင်တော့၊ ဟားမတ်စ်တွေ ဖွဲ့စည်းထားတဲ့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အဆိုအရ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ည တစ်ညတည်းမှာတင် လူပေါင်း ၉၀ ကျော် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကင်ရဲ့ နောက်တချီ အရှေ့အလယ်ပိုင်း ခရီး စတင်ကာနီး အချိန်မှာပဲ အစ္စရေးက ဂါဇာထဲ အခုလို ဆက်လက် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

မကြာခင် ဆိုရင် ဝန်ကြီး ဘလင်ကင်ဟာ ဆော်ဒီအာရေဗျ နိုင်ငံဆီ ရောက်လာတော့မှာ ဖြစ်ပါတယ်။ ပြီးရင်တော့ အီဂျစ်၊ ကာတာ၊ အစ္စရေးနဲ့ အသိမ်းပိုက်ခံ အနောက်ဘက် ကမ်းခြေဒေသဆီ ခရီးဆက်မှာ ဖြစ်ပါတယ်။

ချီလီမှာ တောမီးကြောင့် လူ အသေအပျောက်များပြီး အရေးပေါ် အခြေအနေ ကြေညာထား

တောင်အမေရိကတိုက် အနောက်ဘက်စွန်းမှာ ရှိတဲ့ ချီလီနိုင်ငံမှာ တောမီး အကြီးအကျယ် လောင်ကျွမ်း နေတဲ့ အတွက် ကြိုးစား ငြိမ်းသတ် နေရပြီး၊ လက်ရှိ အတည်ပြုထားနိုင်တဲ့ အထိ လူ ၅၀ ထက်မနည်း သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

ဗယ်လ်ပါရီးဆို ဆိုတဲ့ ဒေသထဲက နေရာတွေမှာ လောင်ကျွမ်း နေပြီး၊ အခုဆိုရင် အဲဒီ နေရာတွေဆီ အရေးပေါ် ကယ်ဆယ်ရေး သမားတွေ ရောက်ရှိ သွားပြီ ဖြစ်တယ်လို့ ချီလီ အာဏာပိုင်တွေက ပြောပါတယ်။ သေဆုံးစာရင်း မြင့်တက် လာနိုင်တယ်လို့လည်း သတိပေးနေပါတယ်။

နေအိမ် အလုံးပေါင်း ထောင်နဲ့ချီလို့ တောမီး လောင်ကျွမ်း ခံခဲ့ရပြီး၊ လမ်းတွေပေါ်မှာလည်း မီးသွေးတုန်းတွေ သဖွယ် ဖြစ်နေတဲ့ ကားတွေကို တွေ့နေရတယ်လို့ ကယ်ဆယ်ရေးသမားတွေက ဆိုပါတယ်။ ချီလီသမ္မတ ဂေဘရီရယ် ဘောရစ်ခ်က တိုင်းပြည်ကို အခုလို ပြောကြားပါတယ်။

“အလွန်ဆိုးရွားတဲ့ အခြေအနေမျိုး ပေါ်ပေါက်လာတာ ဖြစ်တဲ့ အတွက် အရေးပေါ် အခြေအနေ အဖြစ် သတ်မှတ် ကြေညာပေးလိုက်ပါတယ်။ ဒါမှလည်း ရှိသမျှ ငွေအင်အား၊ လူအင်အားတွေကို အသုံးပြုပြီး ထိခိုက်ခံရတဲ့ မိသားစုတွေကို ကူညီနိုင်မှာ ဖြစ်ပါတယ်။ ဒီလို အရေးပေါ် အခြေအနေ အမိန့် အသက်ဝင်လာတဲ့ အတွက် အခုဆို ကာကွယ်ရေး ဝန်ကြီးဌာနကလည်း မီးဘေးသင့်တဲ့ နေရာတွေမှာ ကူညီလုပ်ဆောင်ဖို့ တပ်ဖွဲ့ဝင်တွေကို ပိုမို စေလွှတ်ပြီး နေရာချပေးနေပါတယ် ” ဆိုပြီး ချီလီသမ္မတက ပြောသွားပါတယ်။

အခု သီတင်းပတ်တွေမှာ တောင်အမေရိက တလွှား နေရာတချို့မှာ ပုံမှန်ထက် ပိုတဲ့ တောမီး အကြီးအကျယ် လောင်ကျွမ်းတာတွေ ပေါ်ပေါက်နေပါတယ်။ ကျွမ်းကျင်သူ တချို့ကတော့ ဒါဟာ အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ရဲ့ ဒဏ် ဖြစ်တယ်လို့ ကောက်ချက်ချ ကြပါတယ်။