မြန်မာစစ်တပ်ရဲ့ ပြည်တွင်း  လက်နက်ထုတ်မှုကို နိုင်ငံခြားကုမ္ပဏီတွေ ကူညီနေတယ်ဆိုတဲ့  အစီ ရင်ခံစာထွက်လာ

ရေးသားခဲ့သည်။

ဆီလီရာဟတ်တန်၊ ဘီဘီစီ သတင်း

မြန်မာစစ်တပ်ဟာ သူ့ တို့ကိုဆန့်ကျင်နေတဲ့ ပြည်သူလူထုကို တိုက်ခိုက်သတ်ဖြတ်ဖို့  အနည်းဆုံး နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ ရှိတဲ့ ကုမ္ပဏီတွေရဲ့  အထောက်ပံ့အကူညီမှုနဲ့  လက်နက်တွေ အမျိုးစုံထုတ်လုပ်နေတဲ့အကြောင်း ကုလသမဂ္ဂ ထိပ်တန်းအရာရှိဟောင်းတွေရဲ့အစီရင်ခံစာ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 လက်ရှိအချိန် အနောက်အုပ်စုနိုင်ငံတွေက ဦးဆောင်ပြီး  မြန်မာနိုင်ငံကို အရေးယူပိတ်ဆို့မှုတွေ လုပ်နေ တဲ့ ကြားက မြန်မာစစ်တပ်လက်နက်ထုတ်တာကို ကူညီနေတယ်ဆိုတဲ့ ကုမ္ပဏီတွေစာရင်းထဲမှာ အမေရိကန်၊ ပြင်သစ်၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတွေက ကုမ္ပဏီတွေလည်း ပါဝင်နေပါတယ်။

အာဏာသိမ်း မြန်မာစစ်တပ်ကို ဆန့်ကျင်တဲ့သူတွေ ရက်ရက်စက်စက် နှိမ်နင်းခံခဲ့ရတာမှာလည်း ပြည်တွင်းထုတ် လက်နက်တွေကို အသုံးပြုခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။၂၀၂၁ခုနှစ် ဖေဖော် ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။

 ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းတာကို လက်မခံ ဆန့်ကျင်တဲ့သူတွေက စစ်အုပ်ချုပ်မှု ကို တွန်းလှန်ဖို့အတွက်  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့  သွားရောက် ပူးပေါင်းခဲ့ကြပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အများအပြားက မြန်မာစစ်တပ်ကို လက်နက်တွေ ဆက်လက်ရောင်းချနေတဲ့ အကြောင်း  မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

 “ဒါပေမဲ့ အဲဒါနဲ့အတူ ထပ်တူထပ်မျှ အရေးကြီးတဲ့အချက်က မြန်မာစစ်တပ်ဟာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့နေရာမှာ အသုံးပြုနေတဲ့ လက်နက်မျိုးစုံကို  ပြည်တွင်းမှာ ထုတ်လုပ်နေတယ်ဆိုတဲ့ အချက်ပါ” လို့  အစီရင်ခံစာက ဖော်ပြပါတယ်။

 မြန်မာစစ်တပ် ပြည်တွင်းမှာ လက်နက်ထုတ်လုပ်နိုင်ဖို့ ကုန်ကြမ်းတွေ၊ လေ့ကျင့်ရေးပစ္စည်းတွေ ပံ့ပိုး ပေးနေတဲ့ ကုမ္ပဏီတွေရဲ့ စာရင်းကိုဖော်ပြထားပြီး၊ မြန်မာပြည်တွင်းမှာ ထုတ်လုပ်တဲ့ လက်နက်တွေက နိုင်ငံနယ်နိမိတ် ကို ကာကွယ်ဖို့ အတွက် အသုံးပြုနေတာမဟုတ်ဘူးလို့ အစီရင်ခံစာက ဖော်ပြပါတယ်။

“ မြန်မာနိုင်ငံကို ဘယ်နိုင်ငံခြားတိုင်းပြည်ကမှ လာတိုက်တာမရှိပါဘူး” လို့  ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်းနဲ့  အစီရင်ခံစာရေးသားသူတွေထဲမှာပါတဲ့ ယန်ဟီးလီးက ရှင်းပြပါတယ်။  

 “မြန်မာနိုင်ငံက ဘယ်လက်နက်ကိုမှ နိုင်ငံခြားကို တင်ပို့တာလည်းမရှိဘူး။ ၁၉၅၀ ခုနှစ်ကတည်းက ကိုယ့်လူမျိုးကို ပြန်တိုက်ခိုက်တဲ့နေရာမှာသုံးဖို့ ကိုယ်ပိုင်လက်နက်တွေ ဖန်တီးထုတ်လုပ်ခဲ့တာ။” လို့ သူကဆက်ပြောပါတယ်။

တရားဝင်ထုတ်ပြန်ထားချက်တွေအရ လက်ရှိအာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်က လူပေါင်း ၂၆၀၀ ကျော် သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။ ဒါပေမဲ့ အမှန်တကယ်သေဆုံးသူ အရေအတွက်က အဲ့ဒီထက် ၁၀ ဆ ပိုများမယ်လို့ ယူဆရပါတယ်။

“အာဏာသိမ်းတာ စစချင်း အချိန်တုန်းကတော့  မြန်မာစစ်တပ်က အဲဒီအချိန်က အားနည်းနေသေးတဲ့ အတိုက်အခံ လှုပ်ရှားမှုတွေကို ထိန်းချုပ် တားဆီးနိုင်လိမ့်မယ်လို့  ထင်ခဲ့ကြပေမဲ့၊ မကြာသေးခင် လပိုင်းနဲ့ သီတင်းပတ်တွေအတွင်းမှာတော့ အနေအထားက နည်းနည်းပြောင်းသွားတယ်” လို့ ဘီဘီစီ မြန်မာပိုင်း ဌာနမှူး ဦးမင်းထက်က  ရှင်းပြပါတယ်။

“ခုခံတွန်းလှန်သူတွေဘက်မှာ မရှိတဲ့ လေကြောင်းကစစ်ဆင်တိုက်ခိုက်မှုကို စစ်တပ်ကတော့ အသာစီးရယူပြီး စိတ်ကြိုက်အသုံးပြုနေတာတွေ့ရတယ်” လို့ သူက ဆက်ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်အုပ်စုကို နိုင်ငံတကာက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ နိုင်ငံတကာအသိုင်းအဝန်းကြားမှာ အထီးကျန်သွားအောင် လုပ်ဆောင်မှုတွေက  စနိုက်ပါတပ်ရိုင်ဖယ်တွေ၊ လေယာဉ်ပစ်လက်နက်တွေ၊ ဒုံးပစ်လောင်ချာတွေ၊ လက်ပစ်ဗုံးတွေ၊ ဗုံးတွေနဲ့ မြေမြှုပ်မိုင်းတွေ အပါအဝင် လက်နက်များစွာ ထုတ်လုပ်နေမှုကိုတော့  ရပ်တန့်သွားအောင် မလုပ်နိုင်ခဲ့ပါဘူး။

 ဒီအစီရင်ခံစာကို ယန်ဟီးလီးနဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလွတ်လပ်တဲ့  နိုင်ငံတကာအချက် အလက်ရှာဖွေရေးမစ်ရှင်က ခရစ်ဆီဒိုတီနဲ့ မာဇူကီဒါရူစ်မန်တို့က ပူးတွဲရေးသားတင်ပြခဲ့ကြတာပါ။

တပ်ထဲက ထွက်ပြေးလာကြတွေကို တွေ့ဆုံမေးမြန်းမှုတွေနဲ့အတူ၊ စက်ရုံတည်နေရာ ဖော်ပြထားတဲ့  ဂြိုဟ်တုဓာတ်ပုံတွေ၊ ပေါက်ကြားလာတဲ့ စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းတွေကို ဒီအစီရင်ခံစာမှာ ကိုးကားဖော်ပြ အသုံးပြုထားပါတယ်။ ဓာတ်ပုံတွေကလည်း အဖိုးတန်အချက်အလက်တွေကို ပေးပါတယ်။ ၂၀၁၇ ခုနှစ်က ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေမှာ အာဏာသိမ်းမှုမတိုင်မီကတည်းက ပြည်တွင်းထုတ်လက်နက်တွေကို အသုံးပြုခဲ့တယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။

လက်နက်မဲ့ ရိုဟင်ဂျာ ၁၀ ဦးကို သတ်ဖြတ်ခဲ့တဲ့ ရခိုင်ပြည်နယ်က အင်းဒင်ရွာ အစုလိုက်အပြုံလိုက် သတ် ဖြတ်မှုဖြစ်စဉ်မှာ  မြန်မာစစ်တပ်က ပြည်တွင်းထုတ် ရိုင်ဖယ်သေနတ်တွေ ကိုင်ဆောင်အသုံးပြုခဲ့တာတွေ့ ရပါတယ်။

 မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်းအတွင်းက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊အထူးသဖြင့် ကလေးငယ်အများအပြားနဲ့ အရပ်သားတွေသေဆုံးခဲ့ရတဲ့  စာသင်ကျောင်းပစ်ခတ်ခံရတဲ့ဖြစ်စဉ်မှာဆိုရင်လည်း မြန်မာစစ်တပ်ဟာ  ပြည်တွင်းထုတ် လက်နက်တွေ အသုံးပြုခဲ့တဲ့အကြောင်း  ခရစ်ဆီဒိုတီက ရှင်းပြပါတယ်။

 “အဲ့ဒီဖြစ်စဥ်မှာ သူတို့ အသုံးပြုခဲ့တဲ့  လက်နက်တွေ ဒါမှမဟုတ်  အဲဒီတုန်းက မြန်မာစစ်တပ် သုံးတဲ့ အမြောက်ကျည်ဆံတွေဟာ အဲဒီလက်နက်ထုတ်လုပ်ရေးစက်ရုံတွေက ထုတ်တဲ့ လက်နက်တွေဆိုတာ  ရှင်းရှင်းလင်းလင်း ခွဲခြားသိနိုင်ပါတယ်”

လက်နက်ထုတ်လုပ်တာမှာ  အသုံးပြုတဲ့ ပစ္စည်းအချို့က  သြစတီးယားနိုင်ငံက လာတယ်လို့ ယူဆရ ပါတယ်။ လက်နက်ငယ်တွေထုတ်လုပ်ဖို့အတွက် ဩစတီးယားနိုင်ငံ GFM Steyr ကုမ္ပဏီက စက်တွေကို အသုံးပြုထားကြောင်း အထူးအကြံပေးကောင်စီက ပြောပါတယ်။  

အဲ့ဒီစက်တွေ ပြုပြင်ထိန်းသိမ်းဖို့  လိုအပ်လာရင် စက်တွေကို ပင်လယ်ကူးသင်္ဘောနဲ့ ထိုင်ဝမ်နိုင်ငံကို ပို့၊  အဲဒီမှာ GFM Steyr ကုမ္ပဏီက  နည်းပညာရှင်တွေက  ပြင်ဆင်ပေးပြီး မြန်မာပြည်ပြန်ပို့တာလို့ သိရပါတယ်။

သူတို့ ပြုပြင်ထိန်းသိမ်းပေးနေတဲ့ စက်တွေက မြန်မာပြည်ထဲမှာ အသုံးပြုနေတယ်ဆိုတာကို သြစတီး ယားကုမ္ပဏီက နည်းပညာရှင်တွေ သိနေလား မသိသေးဘူးလား ဆိုတဲ့အချက်ကိုတော့ ရှင်းရှင်း လင်းလင်း မသိရသေးဘူးလို့  အစီရင်ခံစာက ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာမှာ တွေ့ရှိရတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး GFM Steyr ကုမ္ပဏီရဲ့ သဘောထားကို ဘီဘီစီက ဆက်သွယ် မေးမြန်းခဲ့ပေမယ့် တစ်စုံတစ်ရာ တုံ့ပြန်မှု မရရှိသေးပါဘူး။

အစီရင်ခံစာရေးတဲ့သူတွေက သူတို့အနေနဲ့  လက်နက်ထုတ်လုပ်ရေးကွန်ရက်ရဲ့ အပိုင်းတစ်ပိုင်းကိုသာ ဖော်ထုတ်နိုင်သေးတယ်လို့  ဝန်ခံထားပေမယ့်  ဒီကိစ္စမှာ နိုင်ငံအများအပြား ပါဝင်ပတ်သက်နေတယ်လို့ ယူဆထားကြပါတယ်။

  • မြန်မာနိုင်ငံတွင်း လက်နက်ထုတ်လုပ်နေတဲ့ လမ်းကြောင်းကို လိုက်ကြည့် ခဲ့ရာမှာ တရုတ်နဲ့  စင်ကာပူနိုင်ငံတို့ကတင်သွင်းလာတယ်လို့  ယူဆရတဲ့  ကြေးနီနဲ့ သံအပါအဝင် တရုတ်ပြည်က ကုန်ကြမ်းတွေတင်သွင်းနေတာကိုခြေရာခံရှာဖွေနိုင်ခဲ့။
  • စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်ဟောင်းတွေကို တွေ့ဆုံမေးမြန်းခဲ့တာနဲ့ ပင်လယ်ကူးသင်္ဘောပို့ ဆောင်မှုမှတ်တမ်းတွေအရ လက်နက်ထုတ်လုပ်တာမှာ အရေးပါတဲ့ စနက်တံ ဖျူ့စ်နဲ့ ဒီတိုနေတာတွေလို ပစ္စည်းတွေကို  အိန္ဒိယနဲ့ ရုရှားကုမ္ပဏီတွေက တင်သွင်းနေတယ်ဆိုတာခြေရာခံနိုင်ခဲ့။
  • မြန်မာနိုင်ငံထဲက လက်နက်စက်ရုံတွေမှာ အသုံးပြုနေတဲ့  စက်ယန္တရားတွေဟာ ဂျာမနီ၊ ဂျပန်၊ ယူကရိန်းနဲ့  အမေရိကန်နိုင်ငံတို့က တင်သွင်းလာတာလို့ အစီရင်ခံစာကဆိုပါ တယ်။ ပြီးတော့ အဲဒီစက်တွေ မှာ အသုံးပြုတဲ့  ဆော့ဖ်ဝဲတွေကလည်း အစ္စရေးနဲ့  ပြင်သစ်နိုင်ငံတွေက လာတယ်လို့ ယူဆရပါတယ်။
  • လက်နက်စက်ရုံတွေအတွက် လိုအပ်တဲ့ပစ္စည်းတွေ တင်သွင်းနေတာမှာ စင်ကာပူနိုင်ငံက အရောင်းအဝယ်လုပ်ရာ ဗဟိုချက်မှာ ရှိနေသလိုဖြစ်ပြီး၊ စင်ကာပူကုမ္ပဏီတွေက  မြန်မာစစ်တပ်ဘက်က ဝယ်သူတွေနဲ့ ပြင်ပက ပေးသွင်းသူတွေကြားမှာ ကြားပွဲစားအဖြစ် လုပ်ဆောင်ပေးနေတယ်လို့ အစီရင်ခံစာက  ဖော်ပြပါတယ်။

မြန်မာစစ်တပ်ဟာ ဆယ်စုနှစ်များစွာကြာ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှု အများအပြားကို ရင်ဆိုင်ခဲ့ရပေမယ့် လက်နက်ထုတ်လုပ်မှုတွေကတော့ ရပ်တန့်မသွားပါဘူး။ စက်ရုံ အရေအတွက်ဆိုရင်လည်း  ၁၉၈၈ ခုနှစ်ဝန်းကျင်မှာ ခြောက်ခုသာရှိခဲ့ပေမယ် အခုဆို စက်ရုံ ၂၅ ရုံ အထိ တောင် တိုးလာခဲ့ပါတယ်။

 “နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးလုပ်နေပေမယ့်  မထိရောက်သလိုဖြစ်နေတယ် ” လို့ ခရစ်ဆီတိုဒီက ပြောပါတယ်။ “နိုင်ငံ တစ်ခုချင်း ဒါမှမဟုတ် နိုင်ငံအုပ်စုလိုက်တွေကပဲ အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်လုပ်ဆောင်နေပေမယ့်  ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ အခုထိမရှိသေးပါဘူး”

"ဒါကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်လွှဲဖို့၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေ မချမှတ်ထားတဲ့ နိုင်ငံတွေက တခြားကုမ္ပဏီတွေကနေတဆင့် ပြည်တွင်း မြန်မာကြားခံတွေနဲ့ ဆက်ဆံတာက အတော်လေး လွယ်ကူသလိုဖြစ်နေတာပါ"

ယခုအချိန်အထိ မြန်မာနိုင်ငံကနေ အခြားနိုင်ငံတွေကို လက်နက် တင်ပို့တာမရှိသေးဘူးလို့ ယူဆ လို့ရပါတယ်။ ဒါပေမယ့် ၂၀၁၉ ခုနှစ်က ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လက်နက်အရောင်းပြပွဲမှာ  မြန် မာနိုင်ငံက ထုတ်တဲ့လက်နက်မျိုးစုံကို ပြသခဲ့ပါတယ်။ မြန်မာနိုင်ငံကထုတ်တဲ့ ကျည်ဆန်တွေ၊ ဗုံးတွေနဲ့ လောင်ချာတွေကို  ပြပွဲမှာ သပ်သပ်ရပ်ရပ် ပြသထားတာ တွေ့ရပါတယ်။  

 "မြန်မာနိုင်ငံက  သာမန်လူတွေရဲ့ ဘဝက အရမ်း ခက်ခဲတယ်" လို့ လန်ဒန် Loughborough တက္ကသိုလ် ကထိက Ronan Lee က ပြောပါတယ်။

 မြန်မာနိုင်ငံဟာ ‌ပုံမှန် ရှင်သန်တိုးတက်နေတဲ့  နိုင်ငံတစ်ခုအနေနဲ့ လည်ပတ်နေတာ မဟုတ်သလို  ပြည်တွင်းကအခြေအနေတွေကလည်း ပြိုလဲလုနီးနီးဖြစ်နေပြီလို့  သူ ထင်တဲ့အကြောင်း သူက ဆက်ပြောပါတယ်။

 “အခုအချိန်မှာ မြန်မာပြည်သူတွေကို အလေးထားတယ်ဆိုတဲ့  နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ အခွင့်အလမ်းတစ်ခုအနေနဲ့ လုပ်ရမယ့်အချက်က အရပ်သားတွေကို တိုက်ခိုက်မယ့် လက်နက်တွေ ထုတ်နေတာ ရပ်တန့်သွားအောင်  မြန်မာစစ်တပ်ကို  ဖိအားပေးကြဖို့ပါ” လို့ ဒေါက်တာ ရိုနန်လီးက ပြောသွားခဲ့ပါတယ်။