မိုခါ မုန်တိုင်း ရခိုင်ပြည်နယ်ကို တိုက်ရိုက်ဦးတည်နေ

ရေးသားခဲ့သည်။

ဘင်္ဂလား ပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ မုန်တိုင်း မိုခါ ဟာ ဒီကနေ့ မေလ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီအထိ နောက်ဆုံးထုတ်ပြန်ချက်တွေအရ ရခိုင်ပြည်နယ်ကို တိုက်ရိုက်ဦးတည်နေတယ်လို့ သိရပါတယ်။

မိုးလေဝသခန့်မှန်းတွက်ချက်သူ ဦးဝင်းနိုင်ကလည်း ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲနဲ့ ဂွမြို့တွေကို မိုခါ ဆိုင်ကလုန်း တိုက်ရိုက်ဝင်မယ်လို့ ခန့်မှန်းပါတယ်။

ကမ္ဘာ့သဘာဝဘေးဆိုင်ရာသတိပေးချက်ထုတ်ပြန်ခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းစနစ် GDACS (Global Disaster Alert and Coordination SYSTEM -) ရဲ့ မုန်တိုင်းဆိုင်ရာအချက်အလက်တွေကို ကိုးကားပြီး သူက ခန့်မှန်းတာ ဖြစ်ပါတယ်။

လက်ရှိထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ တိုက်ရိုက်မုန်တိုင်းပြင်းအားက တစ်နာရီ မိုင် တစ်ရာကျော် (၁၀၃ မိုင်) ရှိမယ်လို့ သတိပေးထားပါတယ်။

အဲဒီထဲက လေတိုက်နှုန်း အမြင့်ဆုံးဖြစ်တဲ့ တစ်နာရီ ကီလိုမီတာ ၁၂၀ အထိဖြတ်သန်းမယ့်မြို့တွေထဲ ရခိုင်၊ ချင်းနဲ့ စစ်ကိုင်းကမြို့တွေ အမျာဆုံးပါဝင်ပြီး စုစုပေါင်း လူ တစ်သန်းခွဲကျော်အထိ သက်ရောက်မယ် လို့ WFP က ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းတိုက်ရိုက်ဝင်ရောက်နိုင်တဲ့ စစ်တွေမြို့မှာတော့ ဒီကနေ့ မေလ ၁၁ ရက် ညနေပိုင်းအထိ နေပူနေတယ်လို့ စစ်တွေ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တွေမြို့ပေါ်မှာ လူဦးရေ ခန့်မှန်း ၃ သိန်းကျော် ခန့်နေထိုင်ကြပြီး စစ်တွေမြို့အနီးက ဒုက္ခသည်စခန်းတွေမှာ နေထိုင်တဲ့ လူဦးရေက တစ်သိန်းကျော်ရှိတယ်လို့ စစ်တွေမြို့ခံတစ်ဦးက ပြောပါတယ်။

မုန်တိုင်းဝင်ရောက်မယ့်အခြေအနေကို မြို့ပေါ်မှာ လိုက်လံအသိပေးနေပြီး မြို့ရဲ့ ဆင်ခြေဖုံး ရေတက်လာနိုင်မယ့်နေရာတွေမှာ မုန်တိုင်းဒီရေတက်လာရင် ပြုလုပ်ရမယ့် အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင် လေ့ကျင့်တာတွေရှိတယ်လို့ သူက ပြောပါတယ်။

စစ်တွေမြို့ပေါ်မှာ လူတွေရွှေ့ပြောင်းနေထိုင်နိုင်တဲ့ မုန်တိုင်းဒဏ်ခံ အဆောက်အအုံမရှိသလို ဒုက္ခသည်စခန်းတွေမှာလည်း လူတွေရွှေ့ပြောင်းနေနိုင်တဲ့မုန်တိုင်း ဒဏ်ခံအဆောက်အအုံတွေမရှိဘူးလို့ စစ်တွေဒေသခံတစ်ဦးက ပြောပါတယ်။

"မီးသတ်တပ်ဖွဲ့က ဒီကနေ့ လိုက်ပြီး အသိပေးနေတာရှိတယ် စစ်တွေကို မုန်တိုင်းကြီး မဝင်တာကြာပြီ "လို့ စစ်တွေမြို့ခံတစ်ဦးက ပြောပါတယ်။

စစ်တွေမြို့နဲ့ အနီး မိုင် ၂၀ လောက်အကွာ မှာရှိတဲ့ ရသေ့တောင်မြို့ပေါ်မှာတော့ ဒီကနေ့ နေပူနေတုန်းပဲရှိသေးတယ်လို့ ရသေ့တောင်ဒေသခံတစ်ဦးကပြောပါတယ်။

"မြို့ပေါ်မှာတော့ ထွေအုပ်ကတော့ လော်စပီကာနဲ့ မုန်တိုင်းအကြောင်းလိုက်ပြီး အသိပေးတာရှိပြီး ကျန်တဲ့ ကယ်ဆယ်ရေးနဲ့ ပတ်သက်လို့ ဘာမှ အသိပေးတာ မရှိပါဘူး။ စစ်တွေက လိုင်းသင်္ဘာတွေ မလာတော့ဘူး ပိတ်ထားလိုက်ပြီ"လို့ ရသေ့တောင်ဒေသခံတစ်ဦးက ပြောပါတယ်။

ရသေ့တောင်မြို့ပေါ်မှာ ဝါးတဲတွေ၊ တာလပတ်တွေနဲ့ နေထိုင်ကြတဲ့ စစ်ဘေးရှောင် လူဦးရေ အများအပြားရှိကြတဲ့အတွက် မုန်တိုင်းဝင်လာရင် သူတို့အတွက် စိုးရိမ်စရာရှိတယ်လို့ ရသေ့တောင်ဒေသခံတစ်ဦးက ပြောပါတယ်။

မုန်တိုင်းကျရောက်လာရင် ခိုလှုံနေထိုင်နိုင်တဲ့ မုန်တိုင်းဒဏ်ခံ အဆောက်အအုံလည်း ရသေ့တောင်မြို့နယ်မှာ အလုံအလောက်မရှိကြောင်း သူက ပြောပါတယ်။

ရခိုင်ကို ဦးတည်နေတဲ့မုန်တိုင်းဟာ မေလ ၁၄ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း နဲ့ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်း ကမ်းခြေဘက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားမြို့နဲ့ မြန်မာနိုင်ငံကျောက်ဖြူမြို့အကြားကနေ စစ်တွေမြို့ကို ဖြတ်ကျော်ဝင်ရောက်မယ်လို့ မိုးလေဝသနဲ့ဇလဗေဒဌာနက ဒီကနေ့နေ့လယ်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ် WFP ကတော့ ရခိုင်မှာတော့ ကျောက်ဖြူ၊ မောင်တော၊ မြောက်ဦး၊ စစ်တွေ၊ သံတွဲ မြို့နယ်ငါးခုကို ဖြတ်သန်းဖို့ရှိနေပြီး လူဦးရေ ၄ သန်းကျော်ထိခိုက်နိုင်ကြောင်းနဲ့စစ်တွေနဲ့ မြောက်ဦးမြို့နယ်တွေမှာ အများဆုံးထိခိုက်မှုတွေ ရှိနိုင်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာတော့ ပင်လယ်ကမ်းရိုးတန်းမြို့နယ်တွေဖြစ်တဲ့ ပေါက်တောနဲ့ မြေပုံ မြို့နယ် တွေအတွင်း ဒီရေလွှမ်းမိုးခံရနိုင်တဲ့ မြေနိမ့်ပိုင်းက ဒေသခံ ၃၀၀၀ နီးပါးတို့ဟာ ကိုယ့်အစီစဉ်တွေနဲ့ ကိုယ်ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ မြို့ပေါ်လိုနေရာတွေနဲ့ ဆင်ခြေဖုံးနေရာတွေမှာ မုန်တိုင်းအသိပညာပေးတာတွေ၊ ကြိုတင်ကာကွယ်မှုအတွက် လေ့ကျင့်တာတွေနဲ့ တခြားအကူအညီပေးရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေပေမဲ့ လူတွေကို နေရာရွှေ့ပြောင်းပေးတာတော့ မရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

မုန်တိုင်းအရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊‌ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းနဲ့ ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုး/ဇလက ပြောပါတယ်။

မုန်တိုင်းတိုက်ရိုက်ဝင်ရောက်တဲ့ဒေသတွေမှာ မုန်တိုင်းနဲ့အတူ မုန်တိုင်းဒီရေဟာ ၇ ပေလောက်အမြင့်ရှိအောင်တက်လာနိုင်အတွက် မြစ်ကမ်းနားကနေရာတွေမှာ နေထိုင်သူတွေဟာ အနည်းဆုံး ၁၀ ပေမြင့်တဲ့ နေရာကို ရွှေ့ပြောင်းသင့်တယ်လို့ မိုးလေဝသခန့်မှန်းတွက်ချက်သူ ဦးဝင်းနိုင်ကပြောပါတယ်။

မုန်တိုင်းရဲ့ အချင်းက မိုင် ၅၀၀ လောက်ရှိပြီး အခုလက်ရှိ ခန့်မှန်းချက်တွေအရ စစ်တွေမြို့က ဗဟိုနေရာကျနေပြီး စစ်တွေမြို့တောင်ဘက် ဂွမြို့အနီးထိကို မုန်တိုင်း လမ်းကြောင်းက ရောက်နိုင်တယ်လို့ သူက ပြောပါတယ်။

မုန်တိုင်းဟာ ကုန်းတွင်းဝင်ရောက်ပြီးတဲ့နောက် ကုန်းတွင်းမုန်တိုင်း အဖြစ် ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်ကာ ကချင်ပြည်နယ်က တစ်ဆင့် တရုတ်နိုင်ငံထဲကို ဝင်ရောက်သွားမယ်လို့ ခန့်မှန်းတယ်လို့ သူကပြောပါတယ်။

ကုန်းတွင်းဝင်တဲ့ အခါလေပြင်းတိုက်တာ အပြင် မိုးများမှာ ဖြစ်တဲ့အတွက် တောင်ကျရေ ကျရောက်နိုင်တဲ့ အတွက် ကုန်းတွင်းမုန်တိုင်းဒဏ်ကိုခံရတဲ့ဒေသတွေမှာတောင်ပြို၊ မြေပြိုတာတွေ သတိထားရမယ်လို့ သူက ရှင်းပြပါတယ်။

"မိုးဇလက လည်း ကျောက်ဖြူမှန်းထားတော့ သေချာပေါက် ဒီ မုန်တိုင်လမ်းကြောင်းဟာ စစ်တွေနဲ့ ကျောက်ဖြူကြားက ဖြတ်မယ်လို့ ခန့်မှန်းရတယ် လို့ ဦးဝင်းနိုင်က ပြောပါတယ်။