ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကမ္ဘောဒီးယား- ဟွန်ဆန်က သားဖြစ်သူကိုအာဏာလက်လွှဲမယ်လို့ကြေညာ
ကမ္ဘာပေါ်မှာ အာဏာရယူထားမှု သက်တမ်းအရှည်ဆုံးနိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် က သူ့ရဲ့ ဝန်ကြီးချုပ်ရာထူးကနေ အနားယူမှာဖြစ်ပြီး သားဖြစ်သူ ဟွန်မာနက်ကို လာမယ့်အပတ်ထဲမှာ အာဏာလွှဲပေးပါတော့မယ်။
ဟွန်ဆန် ဦးဆောင်တဲ့ ကမ္ဘောဒီးယားပြည်သူ့ပါတီက ဇူလိုင် ၂၃ ရက်က ရွေးကောက်ပွဲမှာ အမတ်နေရာအားလုံး အနိုင်ရပြီးတဲ့နောက် ၃ ရက်အကြာမှာ ဒီလိုကြေညာချက်ထွက်လာတာပါ။
ဒီလို အကူးအပြောင်းကိုလုပ်မယ်လို့ ဟွန်ဆန်က ၂၀၂၁ ခုနှစ်ကတည်းက အရိပ်အယောင်ပြခဲ့တာပါ။ သူ ဘယ်သူ့ကို လွှဲပြောင်းပေးမလဲဆိုတာကို ဒီကနေ့ ဗုဒ္ဓဟူးနေ့ မတိုင်ခင်အထိ ဘယ်သူကမှ တိတိကျကျမသိခဲ့ပါဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက သူ့ရဲ့ သားအကြီးဖြစ်သူ ဟွန်မာနက်ကို ဆက်ခံခွင့်ပေးဖို့ပုံဖော်နေတာကို နိုင်ငံရေးအကဲခတ်တွေက ပြောခဲ့ပြီးဖြစ်ပါတယ်။
အသက် ၇၀ အရွယ် ဟွန်ဆန်ဟာ နိုင်ငံကို ဆယ်စုနှစ် လေးစုနီးပါး အုပ်ချုပ်လာပြီးနောက် အာဏာရှင် အသွင်ဖြစ်လာတယ်လို့ လေ့လာသုံးသပ်သူတွေကထောက်ပြထားပါတယ်။
ဟွန်ဆန်ဟာ ၁၉၈၅ ခုနှစ်ကတည်းက ဝန်ကြီးချုပ် ဖြစ်လာခဲ့တာပါ။ ပြည်တွင်းစစ်တော်လှန်ရေးပြင်းထန်ခဲ့တဲ့ ကမ္ဘောဒီးယားကို ၁၉၉၀နောက်ပိုင်းကာလ ၂ နှစ်လောက် က ကုလသမဂ္ဂမစ်ရှင်နဲ့ ခဏတာ အုပ်ချုပ်ခဲ့ပြီးနောက် ဒီမိုကရေစီစနစ်ကို ပြောင်းလဲပေးခဲ့တာပါ။
ဟွန်မာနက် ဟာ ကမ္ဘာဒီးယားတော်ဝင်စစ်တပ်မှာ စစ်ဦးစီးရာထူးကို ကာလရှည်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး လာမယ့် သြဂုတ် ၁၀ ရက်မှာ ဟွန်ဆန် က သူ့သားကို ၀န်ကြီးချုပ်အဖြစ်ခန့်အပ်မယ်လို့ နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ကြေညာခဲ့တာပါ။
“ကျွန်တော် ၀န်ကြီးချုပ်အဖြစ် ဆက်မရှိတော့ပါဘူး။ ဒါကို ပြည်သူတွေအားလုံးက နားလည်ပေးဖို့ တောင်းဆိုချင်ပါတယ်” လို့ ဟွန်ဆန်ကပြောပါတယ်။
သူ့ရဲ့ အုပ်ချုပ်မှုသက်တမ်းကာလရှည်ကြောင့် မတည်မငြိမ်ဖြစ်မှာကို စိုးရိမ်ပြီး ရာထူးလွှဲပြောင်းပေးမယ်လို့ ပြောခဲ့ပေမဲ့ သူဟာ အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ ရဲ့ ဦးဆောင်သူနေရာမှာ ဆက်ရှိနေမှာဖြစ်သလို သူ့ရဲ့ နိုင်ငံတွင်းထိန်းချုပ်နိုင်စွမ်းအာဏာက အဆုံးစွန်ရှိနေဆဲဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ဟွန်ဆန်ဟာ ကမ္ဘောဒီးယားဘုရင့်နန်းတော်ကိုသွားရောက်ပြီးသူရာထူးလွှဲပြောင်းပေးမဲ့ သတင်းကို ကြေညာခဲ့တာပါ။
“လူငယ်အများစုပါ၀င်တဲ့ အစိုးရအဖွဲ့ဖြစ်ဖို့ တိုင်းပြည်မှာအရမ်းလိုအပ်ပါတယ်။လူငယ်တွေက အနာဂတ်အတွက် တာဝန်ရှိပါတယ်။”
“တိုင်းပြည်ရဲ့ ရေရှည် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ ကျွန်တော့်သားရဲ့ စီမံမှုအောက်မှာဆက် ရှိနေပါလိမ့်မယ်''လို့ ဟွန်ဆန်ကပြောခဲ့ပါတယ်။
တနင်္ဂနွေနေ့က လုပ်ခဲ့တဲ့ ကမ္ဘောဒီးယားရွေးကောက်ပွဲမှာ ပါတီ ၁၇ ခုယှဥ်ပြိုင်ခဲ့ပေမဲ့ ပါတီအသစ်တွေနဲ့ ပါတီအသေးတွေဖြစ်နေတာကြောင့် ဟွန်ဆန် ဦးဆောင်တဲ့ ကမ္ဘောဒီးယားပြည်သူ့ပါတီ CPP ကပဲ ပြိုင်ဖက်ကင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ တဖက်မှာလည်း ဟွန်ဆန်က လူထုထောက်ခံမှုအားကောင်းတဲ့ အတိုက်အခံပါတီ Candlelight ကို ရွေးကောက်ပွဲမဝင်နိုင်အောင် ဥပဒေနဲ့တားမြစ်ထားပြီး လက်ရှိအာဏာရ ဝန်ကြီးချုပ်ဟွန်ဆန် အတွက်တစ်ကိုယ်တော်ရွေးကောက်ပွဲလို့အစောပိုင်းကတည်းက လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြထားတာပါ။
တဖက်မှာလည်း လူထုမဲလာထည့်နှုန်းမြင့်အောင် ကမ္ဘောဒီးယားအစိုးရဟာ ရွေးကောက်ပွဲကို သပိတ်မှောက်တာနဲ့ မဲစာရွက်တွေကို ဖျက်ဆီးတာမျိုးလိုကြိုးပမ်းမှုတွေကို ပြစ်ဒဏ်ချမှတ်တဲ့အထိ ဥပဒေပြဋ္ဌာန်းတာတွေလည်း ပြုလုပ်ခဲ့တာပါ။
အကဲခတ်တွေကတော့ ကမ္ဘောဒီးယားရွေးကောက်ပွဲဟာ အဖေကသားကို အာဏာလက်လွှဲပြောင်းပေးဖို့အတွက် ဟန်ပြသာဖြစ်တယ်လို့ ဝေဖန်ထားကြတာလည်းရှိပါတယ်။
ဟွန်မာနက်ဟာ ကမ္ဘောဒီးယားရဲ့ ကြမ်းတမ်းတဲ့နိုင်ငံရေးခရီးမှာ ဖခင်ရဲ့အစိုးရအဖွဲ့ကို ဘယ်လောက်ထိန်းနိုင်မလဲဆိုပြီးမေးခွန်းထုတ်ထားကြပါတယ်။
သူဟာ ဖခင်ဖြစ်သူ ဟွန်ဆန် ထက် ပေါင်းသင်းဆက်ဆံရေးပြေပြစ်တာ၊ လူမှုရေးလုပ်ငန်းတွေကို တက်ကြွတာနဲ့ လူငယ်တွေကြား သူ့ရဲ့ လုပ်ဆောင်ချက်တွေအပေါ် အသိအမှတ်ပြုခံရတာတွေရှိပေမဲ့ နိုင်ငံ့ခေါင်းဆောင်ဖြစ်လာဖို့နဲ့ နိုင်ငံရေးပုံစံသစ်ကိုအကောင်အထည်ဖော်ဖို့ အထိ လုပ်နိုင်စွမ်းရှိတယ်လို့ယူဆလို့မရကြောင်း သြဇာရှိ နိုင်ငံရေးဆောင်းပါးတွေ ရေးတဲ့ The Diplomat မဂ္ဂဇင်း က သုံးသပ်ထားပါတယ်။
တဖက်မှာလည်းကမ္ဘောဒီးယားရဲ့ အထက်လွှတ်တော်နေရာအပါအဝင် နိုင်ငံတွင်း အုပ်ချုပ်ရေးနဲ့ဘုရင့်အကြံပေးလို့ အရေးကြီးတဲ့နေရာတွေမှာ ဟွန်ဆန် ဆက်ရှိနေမှာဖြစ်သလို သူ့သားရဲ့နောက်မှာလည်း သူ့ရဲ့ အာဏာဆက်ရှိနေမယ်လို့ နားလည်နေကြပါတယ်။