ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒီဇင်ဘာ ၂၂ ရက်ထိပ်တန်းသတင်းများ-မြန်မာ့အရေး ဆုံးဖြတ်ချက် ကုလလုံခြုံရေးကောင်စီပထမဆုံးအကြိမ်အတည်ပြု
ချင်းပြည်နယ်မှာ နှစ်နှစ်နီးပါးအတွင်း တိုက်ပွဲမှာ ၆၀၀ နီးပါး ဖြစ်ပွား၊ နေရပ်စွန့်ခွာရသူ တစ်သိန်းနီးပါးရှိလာတယ်လို့ ISP ထုတ်ပြန်
စစ် အာဏာသိမ်းမှုနှစ်နှစ်နီးပါးကာလရှိလာချိန် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအထိ ချင်းပြည်နယ်က မြို့နယ် ကိုးခုလုံးမှာ လက်နက်ကိုင်တိုက်ပွဲပေါင်း ၅၉၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ ISP Myanmar ရဲ့ ကပြင် ရပ်၀န်းက ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
ဒီတိုက်ပွဲတွေက စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ၊ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAOs တွေအကြားမှာ ဖြစ်ခဲ့တာပါ။ မင်းတပ်မြို့နယ်မှာတော့ တိုက်ပွဲပေါင်း ၁၂၅ ကြိမ်ကျော် ဖြစ်ခဲ့ပြီး အများဆုံး ဖြစ်ပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်ခံရမှု ၃၃ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ ပါရှိပါတယ်။ ရက္ခိုင့်တပ်တော် (AA) လှုပ်ရှားနေတဲ့ ပလက်ဝမြို့နယ်မှာတော့ လေကြောင်းတိုက်ခိုက်ခံရမှု ၂၇ ကြိမ်ထက်မနည်း ရှိခဲ့ပြီး အများဆုံးဖြစ်ခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း နေအိမ်နဲ့ အဆောက်အအုံ ၁,၁၇၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ မီးရှို့ဖျက်ဆီးခံရမှုတွေက ထန်တလန်မြို့နယ်မှာ အများဆုံးဖြစ်ခဲ့ပြီး အရေအတွက်အားဖြင့် နေအိမ်၊ အဆောက်အအုံ ၁,၀၁၁ လုံးထက်မနည်း ရှိခဲ့တယ်လို့ ISP ကဆိုပါတယ်။
ဒီလို ပဋိပက္ခဖြစ်စဉ်တွေကြောင့် ချင်းပြည်နယ်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်တွင်းစစ်ပြေးဒုက္ခသည်ပေါင်း ၉၉,၅၅၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဟားခါးမြို့နယ်မှာ ပြည်တွင်းစစ်ရှောင်ဒုက္ခသည် ၃၅,၀၀၀ ဦးထက်မနည်း ရှိပြီး အများဆုံးဖြစ်ပါတယ်။ ဒါ့အပြင် ချင်းပြည်နယ်ကနေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ခြမ်းကို နယ်စပ်ဖြတ်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့ စစ်ပြေးဒုက္ခသည်ပေါင်း ၄၀,၀၀၀ ထက်မနည်း ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၀န်ကြီးချုပ်ဟောင်း ဦးညီပု မျက်စိဝေဒနာ ဆေးကုသခွင့် မရ
NLD အစိုးရလက်ထက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးညီပုဟာ အကျဉ်းထောင်အတွင်း မျက်စိတစ်ဖက် ကွယ်တဲ့အထိ ဖြစ်နေပြီး သူခံစားနေရတဲ့ မျက်စိဝေဒနာအတွက် အချိန်မီဆေးကုသခွင့်ရရှိဖို့ ထောင်တာဝန်ရှိသူတွေဆီကို ကိုယ်တိုင်စာပို့တင်ပြထားပေမဲ့ ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်အထိ ဆေးခန်းပြသခွင့်မရသေးဘူးလို့ သမီးဖြစ်သူ ဒေါ်ကြည်ကြည်ဦးက ပြောပါတယ်။
‘’ဆေးခန်းပြခွင့်တော့မရသေးဘူး၊ ထောင်ထဲမှာတော့ မျက်စဉ်းဆေးရည်တွေတော့ ပေးထားတယ်လို့ သိရပါတယ်။ အမြန်ဆုံး ဆေးကုသခွင့်ရစေချင်တာပေါ့”လို့ ဒေါ်ကြည်ကြည်ဦးက ပြောပါတယ်။ ဦးညီပုဟာ ၂၀၂၁ ခုနှစ် ဖေဖော်ရီလလယ်လောက်ကစပြီး စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံလိုက်ရကာ စစ်တွေအကျဉ်းထောင်မှာ ပြစ်ဒဏ် ၁၃ နှစ်အထိ ကျခံနေရသူလည်းဖြစ်ပါတယ်။
ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်နေစဉ်အချိန်ကတည်းက မျက်စိတစ်ဖက်ဟာ တိမ်စွဲကပ်နေပေမဲ့ အလုပ်မအားလပ်တာကြောင့် ဆေးကုသမှုတွေမပြုလုပ်နိုင်ခဲ့ပါဘူး။ အခု အကျဉ်းကျခံနေရချိန်မှာ အဲဒီမျက်စိက တိမ်ကြောင့် အခုလိုမမြင်ရတော့တဲ့အထိ ဖြစ်လာခဲ့တာလို့ သိရပါတယ်။
ဦးညီပုဟာ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေအဖြစ် သူနဲ့အတူတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ စီမံ၊ ဘဏ္ဍာ၊ အခွန် ဝန်ကြီး ဦးကျော်အေးသိန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ လယ်ယာသစ်တောနဲ့မွေးမြူရေးဝန်ကြီး ဦးကျော်လွင်၊ စည်ပင်ဝန်ကြီး ဦးမင်းအောင်တို့နဲ့အတူ ၅၀၅ (က)၊ အဂတိလိုက်စားမှု ပုဒ်မတွေနဲ့ စစ်တွေထောင်ထဲမှာ အကျဉ်းချခံထားရပြီး ဖမ်းဆီးခံလိုက်ရတဲ့နေ့ကတည်းက မိသားစုတွေနဲ့ တွေ့ခွင့်မရသေးဘူးလို့ သိရပါတယ်။
ကမ္ဘာ့ ရွှေဈေးတက်လာပေမဲ့ ဒေါ်လာဈေးငြိမ်နေလို့ ပြည်တွင်းရွှေဈေးကို သက်ရောက်မှုနည်း
ပြည်တွင်းရွှေဈေးကို သက်ရောက်မှုဖြစ်စေတဲ့ ကမ္ဘာ့ ရွှေဈေး မြင့်တက်လာပေမဲ့ အမေရိကန်ဒေါ်လာ ငွေလဲနှုန်း တည်ငြိမ်နေတာမို့ ပြည်တွင်းရွှေဈေးမြင့်တက်လာခြင်းမရှိဘဲ တစ်ကျပ်သားကို၂၆ သိန်း ၈ သောင်းဝန်းကျင်မှာပဲ ရှိနေတယ်လို့ ရွှေကုန်သည်တွေဆီက သိရပါတယ်။
"ဒီအချိန်က ပွင့်လင်းရာသီဆိုတော့ ရွှေတွင်းတွေကလည်း ရွှေထွက်နေတယ်။ အရောင်းအဝယ်ကလည်း ဖြစ်တဲ့အချိန်ဆိုတော့ ဝယ်လိုအား ရောင်းလိုအားမျှပြီး ရွှေဈေးတက်တာ မရှိပါဘူ။ မနေ့က ကမ္ဘာ့ ရွှေဈေး တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၈၁၀ ကျော်အထိ တက်သွားတဲ့အချိန်မှာ မြန်မာ့ရွှေဈေး ၂,၆၉၀,၀၀၀ ကျော် ခဏဖြစ်သွားပေမဲ့ ညနေမှာ ပြန်ကျသွားတယ် " လို့ ရွှေကုန်သည်တစ်ဦးက ဆိုပါတယ်။
ပြည်တွင်းရွှေဈေးကို ကမ္ဘာ့ရွှေဈေး၊ အမေရိကန်ဒေါ်လာ ငွေလဲနှုန်း အတက်အကျတွေက အဓိက သက်ရောက်မှုရှိပြီး ကောလာဟလတွေ ထွက်ချိန်မှာ အတက်ကြမ်း၊ အကျကြမ်းဖြစ်တတ်တယ်လို့ ရွှေလုပ်ငန်းကျွမ်းကျင်သူတွေက ဆိုပါတယ်။
ပြည်တွင်းမှာပုံမှန်အားဖြင့် သြဂုတ်၊ စက်တင်ဘာလတွေမှာ မိုးတွင်းဖြစ်လို့ ရွှေအထွက်နည်းပြီး ၊ ပို့ကုန်သမားတွေက ရွှေထုတ်ရောင်းတဲ့အချိန်ဖြစ်လို့ ရွှေဈေးတက်လေ့ရှိတယ်လို့ ခန့်မှန်းပြောဆိုမှုတွေရှိပါတယ်။
စစ်ကာင်စီရဲ့ ရွေးကောက်ပွဲအပါ် NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် ဘာပြောလဲ
လာမယ့် ၂၀၂၃ ခုနှစ်ဟာ စစ်ရေး နိုင်ငံရေး အချိုးအကွေ့တွေ ဖြစ်လာနိုင်မယ့် နှစ်လို့ ယူဆရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ပြုလုပ်တဲ့ ၇၉ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ပြောခဲ့ပါတယ်။
ဒီအကြောင်းတွေနဲ့ပတ်သက်လို့ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က "အစိုးရကနေပြီး ပြည်သူလူထုကို တစ်နှစ်တာ ဘာတွေလုပ်မလဲဆိုတာကို ONE YEAR PLAN ချပြပြီး ပြည်သူလူထုကို တင်ပြ အစီရင်ခံတာပေါ့နော်။ အဲဒီမှာ ၂၀၂၃ အတွက် ပြောခဲ့တာရှိပါတယ်။ စကားလုံးအတိအကျကတော့ အဆုံးအသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ် လို့။ ဒီတစ်နှစ်တာလုံးမှာတော့ လုပ်ကိုင်ဆောင်ရွက်စရာတွေ လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ ဒီနှစ်က တော်လှန်ရေးမှာ ဘယ်သူနိုင်မယ်၊ ဘယ်သူရှုံးမယ်ဆိုတာကို ဆုံးဖြတ်ပေးနိုင်မယ့် နှစ်တစ်နှစ်ဖြစ်မယ်ဆိုတာကို ကျွန်တော်တို့ ပြောခဲ့တာ ရှိပါတယ်။ အဲဒီလို ပြောခဲ့တဲ့အတိုင်းပဲ ပြင်ဆင်မှုတွေလည်း တောက်လျှောက် လုပ်ကိုင်ဆောင်ရွက်လာတာပေါ့လေ။ လာမယ့်ဇန်န၀ါရီမှာဆိုရင် တော်လှန်ရေးကို နောက်ထပ် တစ်ဆင့်ကိုတက်မယ့် အဆင့်လို့ သတ်မှတ်ထားတာတော့ ရှိပါတယ်။ အဲဒီတော့ သမ္မတကြီး မိန့်ခွန်းထဲမှာ ထည့်ပြောသလိုပဲပေါ့နော်။ ဒီနှစ်မှာတော့ နိုင်ငံရေးအရရော စစ်ရေးအရရော ထူးခြားတဲ့ အပြောင်းအလဲတွေ ကျွန်တော်တို့ ဘက်က ဆောင်ရွက်ဖို့ ရှိပါတယ်။ ဒီမှာလည်း နိုင်ငံတကာရေးကို ကြည့်မယ်ဆိုရင်လည်း တိုးတက်မှုတွေ အများကြီးတွေ့ရသလို ပြည်တွင်းမှာလည်း စစ်ရေးအရ ထူးခြားတဲ့ တိုးတက်ပြောင်းလဲမှုတွေ အများကြီးဖြစ်လာစရာ ရှိပါတယ်ဗျ" လို့ ဘီဘီစီကို ပြောပါတယ်။
ပြည်သူက ရွေးချယ်ထားတဲ့ ပြည်သူ့အစိုးရအနေနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တာမဟုတ်ဘဲ တရားမ၀င်တဲ့ စစ်အုပ်စုက လုပ်ဆောင်တာကို လက်မခံတာသာဖြစ်တယ်လို့ အခုလို ဆက်ပြောပါတယ်။
"အီလက်ရှင်ဆိုတာလည်း အမှန်အတိုင်းပြောရရင် ဒီ အီလက်ရှင်ဆိုတဲ့ အသုံးအနှုန်းနဲ့တောင် မထိုက်တန်ပါဘူး။ ကျွန်တော်တို့ NUG ဆိုတာလည်း ပြည်သူလူထုရဲ့ ဆန္ဒမဲ ကနေတစ်ဆင့် CRPH ဖြစ်လာတယ်။ ပြီးတော့ NUG ဆိုတဲ့ တပ်ပေါင်းစု ရှိလာတယ်။ အဲဒီကနေမှ ပြည်သူ့အစိုးရဖြစ်တဲ့ NUG ဆိုတာ ဖြစ်လာတယ်ပေါ့နော်။ ပြောချင်တာက ကျွန်တော်တို့က ရွေးကောက်ပွဲဆိုတာကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲကို လုပ်ခွင့်မရှိတဲ့ တရားမ၀င်တဲ့ စစ်အုပ်စုက လုပ်တာကို လက်မခံခြင်းဖြစ်တယ်။ NUG အပါအ၀င် တိုင်းရင်းသားအင်အားစုတွေရဲ့ တစ်ချိန်ချိန်မှာ ရွေးကောက်ပွဲ တစ်ခု ပြန်ပြီး လုပ်မှာ ဖြစ်ပါတယ်။ တကယ့်ကိုပဲ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ ပြည်သူလူထုအားလုံး ပူးပေါင်းပါ၀င်နိုင်တဲ့ ရွေးကောက်ပွဲက ဒီတော်လှန်ရေးကြီးပြီးတဲ့အချိန်ကျရင် ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ NUG အပါအ၀င် တိုင်းရင်းသား အင်အားစုတွေကလည်း စစ်ကောင်စီကိုဖြုတ်ချဖို့ ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်ဖို့ဆိုတဲ့ ပန်းတိုင်ကိုရောက်ဖို့အတွက် ကိုယ့်ရဲ့ လမ်းကြောင်း နဲ့ကိုယ် သွားနေပြီ ဖြစ်တယ်ပေါ့နော်။ အဲဒီတော့ လမ်းကြောင်း နှစ်ခုက တူမှမတူတာလေ နော်။ သူတို့က ၂၀၀၈ ကိုအခြေခံထားတယ်။ ကျွန်တ်ောတို့က ၂၀၀၈ ကို ဖျက်သိမ်းပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီကို အခြေခံပြီးတော့ ပြောနေတာဆိုတော့ လမ်းကြောင်းက အခြေခံလည်းမတူဘူး။ လားရာလည်း မတူဘူး။ ဒီတော့ ဆန့်ကျင်ဘက်ဖြစ်နေမှာပဲ" လို့ ဆက်ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ဒီဇင်ဘာ ၂၀ မှာ ပြုလုပ်တဲ့ အဲဒီအစည်းဝေးမှာ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။
ကရင် နှစ်သစ်ကူးနေ့ ကော့နွဲ့ ကျေးရွာအနီး အာရှလမ်းသစ်အနီး ပစ်ခတ်သံတွေ ကြားရ မြဝတီ-ကော့ကရိတ် လမ်းမကြီး ဖြတ်သန်း သွားလာ မရ ဖြစ်နေ
ကော့ကရိတ် -မြဝတီ အာရှ လမ်းသစ် အနီး ကော့နွဲ့ ကျေးရွာဘက်ကို ဒီနေ့ ဒီဇင်ဘာလ ၂၂ရက် မနက် ၆နာရီကျော်ကနေစပြီး နေ့လယ်ပိုင်းအထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုသံတွေကြားရပြီး မြဝတီ-ကော့ကရိတ် အာရှလမ်း မကြီး ဖြတ်သန်းသွားလာမရ ဖြစ်နေကာ ယာဥ်ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီက ပိတ်ထားကြောင်း ဒေသခံ ယာဉ်မောင်း တစ်ဦး က ပြောပါတယ်။
“မနက်ကြီးက ဘားအံကနေ ကား တက်လာတာ မြဝတီ ကို။ ကိုးတိုင် တံတားကျိုး စစ်ဆေးရေးဂိတ်မှာ စစ်တပ်က ကားတွေ ပေးမသွားဘူး။ လမ်းပိတ်ထားတယ်။ တောင်ပေါ် မြဝတီ ဘက် အခြေအနေ မေးကြည့်တော့ သင်္ဃန်းညီနောင်- အာရှလမ်းသစ် လမ်းဆုံ မှာ လည်း ကားပေးမဆင်းဘူး၊ လမ်းပိတ် ထားတယ်ပြောတယ်။ ကော့နွဲ့-ဆင်ကုန်း -တတန်ကူး ရွာဘက်ကို လက်နက်ကြီး ပစ်နေတဲ့အသံ တစ်အုန်းအုန်း ကြားနေရတယ်” လို့ ဒေသခံ ယာဉ်မောင်း က ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့က ကော့ကရိတ် ခြေလျင် တပ်ရင်း ၂၃၁ တိုက်ခိုက်ခံရပြီး နောက်ပိုင်း စစ်တပ်က စစ်ဆင်ရေး အရှိန်မြှင့်လာနေပြီး လက်နက်ကြီးတွေနဲ့လည်း နေ့စဉ် ပစ်ခတ် တိုက်ခိုက် နေလို့ စစ်ရေးတင်းမာမှုအခြေအနေကို စောင့်ကြည့်ပြီး အာရှလမ်းသစ် လမ်းပိုင်းကိုဖြတ်သန်းသွားလာနေရ တယ်လို့ စစ်ရေး နယ်မြေ သတင်းအရင်းက ပြောပါတယ်။
“စစ်တပ်က ကရင်နှစ်သစ်ကူးနေ့ လည်း မရှောင်ဘူး။ စစ်ဆင်ရေး ကို အရှိန်မြှင့်လာနေတယ်၊ လက်နက်ကြီးတွေက ရွာတွေ ဘက်ကို ပစ်နေတယ်၊ KNLA ပူးပေါင်းအဖွဲ့တွေရှိမယ့်နေရာတွေ ဆိုပြီး ရမ်းပစ်နေတာ တစ်ပတ်လောက်ရှိလာပြီ။ အခု အာရှ လမ်း ကော့နွဲ့ ရွာဘက် မနက်ကတည်းက အလုံးကြီး ပစ်ထုတ်နေတာ နေ့လည် ၁၂ နာရီ ကျော် အထိ့ ပစ်တုန်းဘဲ ဆိုတော့ ကားအသွား အလာတော့ ရပ် ထား ပေါ့” လို့ KNLA ပူးပေါင်းတပ်ဖွဲ့ စစ်ရေး သတင်းအရင်းအမြစ်က ပြောပါတယ်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ဟာ ကရင် နှစ်သစ်ကူးနေ့ ကောက်သစ်စားပွဲနဲ့ ကရင် အလံတော် အလံတင် အခမ်းအနားတွေ စည်စည်ကားကားကျင်းပလေ့ရှိပြီး အခုအခါ စစ်ရေးအခြေအနေကြောင့် ကရင်နှစ်သစ်ကူးပွဲတော်ကို တစ်မြိုန့ယ်လုံးအတိုင်းအတာနဲ့ ကျင်းပနိုင်ခြင်း မရှိ ကြောင်း ကော့ကရိတ်ဒေသခံ များပြောစကား အရ သိရ ပါတယ်။
စစ်ကောင်စီသတင်းတွေကိုဖော်ပြလေ့ရှိတဲ့တယ်လီဂရမ်ချန်နယ်တွေမှာတော့ ကော့ကရိတ်မြို့နယ်မှာ ဒီဇင်ဘာ ၁၉ ရက်ကစလို့ စစ်ကောင်စီတပ်တွေနဲ့ KNLA/PDF ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေပြီး ကော့ကရိတ်မြဝတီအာရှလမ်းမကြီးကို ယာယီပိတ်ထားကြောင်း ဖော်ပြနေပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကမကထလုပ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ စစ်ကောင်စီရဲ့ ဝန်ကြီးသုံးဦး ဘန်ကောက်ကိုရောက်ရှိ
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ဒီဇင်ဘာ ၂၂ ရက်မှာ ကျင်းပတဲ့မြန်မာ့အရေးဆွေးနွေးပွဲတစ်ရပ်ကို တက်ရောက်ဖို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီး ဒေါက်တာကံဇော် တို့ သုံးဦးဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကိုထွက်ခွာသွားကြောင်း ဒီဆွေးနွေးပွဲကိုသိရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒီဆွေးနွေးပွဲကို မြန်မာ့အရေးလို့ခေါင်းစဥ်တပ်ပြီး ဆွေးနွေးဖို့ရှိပေမဲ့ အာဆီယံနိုင်ငံတွေထဲက အင်ဒိုနီးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ဘရူးနိုင်း၊ မလေးရှားတို့ တက်ရောက်ခဲ့ခြင်းမရှိဘူးလို့ ထိုင်းနိုင်ငံဘက်က လာတဲ့ သတင်းရင်းမြစ်တွေထံကနေ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
မြန်မာပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ပတ်သက်ပြီး ထိုင်းက ဦးဆောင်ကာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ လာမယ့် ဒီဇင်ဘာလ ၂၂ ရက်မှာ အလွတ်သဘောတွေ့ဆုံ ဆွေးနွေးဖို့ရှိတယ်လို့ ထိုင်းဘက်က လာတဲ့သတင်းတွေမှာဖော်ပြထားတာပါ။
အာဆီယံအစည်းအဝေးပွဲမဟုတ်ဘဲ ''မြန်မာအရေးကိုစိုးရိမ်ပြီး တစ်ဖက်မှာလည်း မြန်မာ့အရေးကြောင့် သက်ရောက်မှု ခံစားနေရတဲ့ အာဆီယံနိုင်ငံတွေကြားမှာ နောက်ဆုံးအခြေအနေ သိရှိအောင် အမြင်ချင်းဖလှယ်မျှဝေကြဖို့ ထိုင်းက ရှေ့ဆောင်တဲ့ အလွတ်သဘော တွေ့ဆုံမှာပါ'' လို့ ဆွေးနွေးပွဲကိစ္စကို သိရှိသူတစ်ဦးက ပြောပါတယ်။
ဒီအစည်းအဝေးကို ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့ တက်ရောက်တယ်လို့လည်း သိရပြီး ထိုင်းနိုင်ငံဒုဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီး ဒွတ်ပရာမွတ်ဝီနိုင်းရဲ့ ဖိတ်ကြားချက်အရ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ကျင်းပတဲ့အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကိုတက်ရောက်ဖို့ ကမ္ဘာဒီးယားနိုင်ငံခြားရေးဝန်ကြီး လည်းဖြစ် အာဆီယံအထူးသံတမန် ပရက်ဆော့ခွန်းဟာ ကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်ပြီးထိုင်းနိုင်ငံဘန်ကောက်မြို့ကိုသွားရောက်မှာဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်းထုတ်ပြန်ထားပါတယ်။
ဒီအလွတ်သဘောဆွေးနွေးပွဲမှာ မြန်မာ့အရေး အာဆီယံဘုံသဘောထားငါးရက်ကိုအကောင်အထည်ဖော်ရေးအရှိန်မြှင့်တင်ဖို့ အချက်ကိုဆွေးနွေးကြဖို့မျှော်လင့်တယ်လို့လည်း ကြေညာချက်မှာပါရှိပါတယ်။
တရုတ်ဘက်က ငရုတ်အဝင်ရှိလို့ ပြည်တွင်း ငရုတ်သီး စျေးကျဆင်းလာ
ပြည်တွင်းငရုတ်အခြောက်ဈေးကွက်မှာ နယ်စုံကအဝင်ရှိလာတဲ့အပြင် တရုတ်နိုင်ငံဘက်က ငရုတ်ပွတွေ ဝင်ရောက်လာလို့ ငရုတ်သီး စျေးဟာ တစ်ပိသာ ကျပ် ၂၀၀၀၀ ဝန်းကျင်ကနေ ကျပ် ၁၇၀၀၀ ၀န်းကျင်ကို ပြန်လည်ကျဆင်းလာပါတယ်။ တရုတ်က ဝင်တဲ့ ငရုတ်ပွဟာ တစ်ပိသာကို ၁၄၀၀၀ ကျပ် ခန့်သာ ရှိပါတယ်။
" သူများနိုင်ငံက ပေါလာတော့ ကိုယ့်နိုင်ငံထဲကို ပြန်ဝင်လာတယ်။ ဈေးကသက်သာပြီး အရောင်လှတော့ အမှုန့်ကြိတ်စက်တို့ ဘာတို့က တရုတ်ကဝင်တာကို သုံးတော့ ပြည်တွင်းငရုတ်က ဈေးပြန်ကျလာပါတယ် " လို့ မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးခင်ဟန်ကပြောပါတယ်။
ထိုင်းနဲ့ ဗီယက်နမ်က ဝယ်လိုအားများတဲ့ မြန်မာ့ ငရုတ်သီးစိမ်း(အစို) ဟာ လာမယ့် ဇန်နဝါရီ၊ ဖေဖော်ဝါရီလောက်ကျမှ အသစ်ပေါ် လာမှာ ဖြစ်လို့ လက်ရှိမှာ အဝယ်ရပ်တဲ့အနေအထားရှိနေပါတယ်။
ဒါကြောင့်မြစ်ဝကျွန်းပေါ်ဒေသက ငရုတ်သီးအစိမ်းတွေ အသစ်ပေါ်လာချိန်မှာ ပြည်ပ ဝယ်လိုအားပြန် ကောင်းလာမယ်လို့ ကုန်သည်တွေက ခန့်မှန်းကြပါတယ်။ " ငရုတ်အစိုကကျတော့ သူ့အချိန်နဲ့ သူမှ ရတာပေါ့လေ။ မနှစ်ကတော့ အစိုပေါ်ချိန်မှာ ဗီယက်နမ်၊ ထိုင်းတို့က တောက်လျှောက်ဝယ်တော့ ငရုတသီး အခြောက်ကျ ပစ္စည်းရှားပြီး ပြည်တွင်းမှာပါ ဈေးကောင်းခဲ့တာပါ " လို့ ငရုတ်ကုန်သည်တစ်ဦးက ဆိုပါတယ်။
နေ့စဉ် စျေး၀ယ်နေရတဲ့ အိမ်ရှင်မတစ်ဦးကတော့ ရပ်ကွက်စျေးတွေမှာ ငရုတ်စျေးတွေက အရင်လိုပဲ သိသိသာသာ ကျဆင်းတာ မတွေ့ရဘူးလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေကတော့ ဗီယက်နမ်နဲ့ ထိုင်းက အဝယ်များလို့ပြည်တွင်းမှာ ငရုတ်ဈေးတွေဟာ အရင်နှစ်ထက် ၅ ဆ ခန့်မြင့်တက်ခဲ့တာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးရေးအပါအဝင် မြန်မာ့အရေး အဆိုမူကြမ်းကို ကုလလုံခြုံရေးကောင်စီက ပထမဆုံးအကြိမ် အတည်ပြု
ရုရှား၊ တရုတ်နဲ့ အိန္ဒိယတို့က ကြားနေခဲ့ပြီး ကျန်အဖွဲ့ဝင်နိုင်ငံအားလုံးက ထောက်ခံမဲပေး
ဗြိတိန်က အဆိုပြုထားတဲ့မြန်မာ့အရေး အဆိုမူကြမ်းကို ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မဲခွဲဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။ ဒီမူကြမ်းမှာ အကြမ်းဖက်မှုတွေအားလုံး ချက်ချင်းအဆုံးသတ်ရေးနဲ့ တင်းမာမှုတွေလျှော့ချဖို့လည်းတိုက်တွန်းထားပါတယ်။ ဒါ့အပြင် ဖမ်းဆီးထားသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံတဝန်းဖြစ်ပွားနေတဲ့ အကြမ်းဖက်မှု၊ အရပ်သားတွေအပေါ် နဲ့အရပ်ဖက်ဆိုင်ရာအခြေခံအဆောက်အဦတွေ တိုက်ခိုက်ခံရမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း စိုးရိမ်ကြောင်း ဖော်ပြထားပါတယ်။ မြန်မာ့အရေးဆုံးဖြတ်ချက်မူကြမ်းနဲ့ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီရဲ့ အစီအစဥ်ထဲမှာ ၂၀၀၆ ခုနှစ်တည်းက ပါဝင်ခဲ့တာဖြစ်ပြီး မြန်မာမှာ လုံခြုံရေးနဲ့ လူ့အခွင့်အရေးအခြေအနေတွေ သိသိသာသာယိုယွင်းလာခဲ့တဲ့နောက် အဲဒီအပေါ်မှာ ကောင်စီက အာရုံစိုက်လာခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးခဲ့ရတဲ့အခြေအနေဖြစ်လာတဲ့အခါ မြန်မာနိုင်ငံအရေး ကုလလုံခြုံရေးကောင်စီမှာ အာရုံစိုက်မှုခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလမှာတော့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက် အကြမ်းဖက်မှုတွေနဲ့ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ အုံကြွမှုတွေတိုးမြင့်စေခဲ့တဲ့ စစ်တပ်ရဲ့အာဏာသိမ်းမှုဖြစ်စဥ်က မြန်မာ့အရေးအပေါ်ကောင်စီရဲ့ အရေးယူမှုခြေလှမ်းတွေအတွက် အထောက်အကကူကြီးကြီးမားမား ဖြစ်လာစေခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်တုန်းက မြန်မာ့အရေး ဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်ဖို့ကြုံခဲ့ဖူးပေမဲ့ တရုတ်နဲ့ရုရှားက ဗီတိုအာဏာနဲ့ပယ်ချခဲ့မှုကြောင့် မအောင်မြင်ခဲ့ပါဘူး။ ၂၀၁၈ ခုနှစ်မှာ ရိုဟင်ဂျာအရေး ပေါ်ပေါက်ခဲ့တဲ့နောက် ဗြိတိန်အစိုးရက ဦးဆောင်ပြီး နောက်တစ်ကြိမ် ကြိုးပမ်းအားထုတ်ခဲ့ပေမဲ့ တရုတ်နဲ့ ရုရှားက ဒီမူကြမ်းမှာ ပါဝင်ဆွေးနွေးတာမလုပ်ခဲ့သလို မဲခွဲဆုံးဖြတ်မှုမလုပ်ဖို့လည်း ဆုံးဖြတ်ခဲ့ကြပါတယ်။ အခုတော့မြန်မာ့အရေး ဆုံးဖြတ်ချက်မူကြမ်းကို လုံခြုံရေးကောင်စီက ပထမဆုံးအကြိမ်အတည်ပြုလိုက်နိုင်ပြီဖြစ်ပါတယ်။ ဒါဟာ နှစ်ပေါင်း ၇၄ နှစ်အတွင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာအရေးနဲ့ ပတ်သက်တဲ့ ပထမဆုံး ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်မူကြမ်းက ဘယ်လို အကြမ်းဖက်မှုမျိုးကို မဆို ဆုံးသတ်ဖို့နဲ့ တင်းမာမှုတွေကို လျော့ချဖို့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဥ်းသားအားလုံးကို လွှတ်ပေးဖို့ တိုက်တွန်းထားပါတယ်။ အကြမ်းဖက်မှုတွေ အမြန်ဆုံးရပ်တန့်ပြီး သက်ဆိုင်တဲ့သူတွေ အနေနဲ့ အပြုသဘော ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ တောင်းဆိုထားတဲ့ ၂၀၂၁ ဧပြီလက အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်ထည်ဖော်မှုနဲ့ ပတ်သက်လို့ အတွင်းရေးမှူးချုပ် ဒါမှမဟုတ် သူ့ရဲ့ အထူးကိုယ်စားလှယ်က အချုပ်သဘောရှင်းပြဖို့လည်း ဒီမူကြမ်းမှာ တောင်းဆိုထားပါတယ်။ ညှိနှိုင်းဆွေးနွေးတာတွေ မပြုမီ အာဆီယံသဘောတူညီချက်ကို ရယူသင့်တယ်ဆိုတဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတချို့ရဲ့ အမြင်ကြောင့် ဒီမူကြမ်းနဲ့ပတ်သက်ပြီး ဆွေးနွေးမှုက နှောင့်နှေးနေတာ ဖြစ်ပါတယ်။ နှစ်ရှည်လများစောင့်မျှော်ခဲ့ရတဲ့ မြန်မာ့အရေး ဒီဆုံးဖြတ်ချက်မူကြမ်းမှာ ခိုင်မာတဲ့အရေးယူဆောင်ရွက်မှုတွေ မပါဝင်တဲ့အတွက် အလွန်အမင်း စိတ်ပျက်ရကြောင်း The Progressive Voice (ရှေ့ပြေးအသံ)အဖွဲ့ ဒါရိုက်တာ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။ မြန်မာပြည်သူလူထုအပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက်တွေနဲ့ စစ်ပွဲတွေအတွက်၊ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေကိုကျူးလွန်နေပြီး အရေးယူခံရခြင်းကနေ လွတ်မြောက်နေတဲ့ စစ်တပ်ရဲ့လုပ်ရပ်တွေ ရပ်တန်ဖို့ ပြင်းထန်တဲ့အရေးယူဆောင်ရွက်မှုတွေရှိရမယ်လို့လည်းဆိုပါတယ်။ ဒီဇင်ဘာ ၂၁ ရက်နေ့က မဲခွဲဆုံးဖြတ်ခဲ့တဲ့မြန်မာ့အရေး ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့က ကြားနေခဲ့ပြီး ကျန်အဖွဲ့ဝင်နိုင်ငံတွေအားလုံးက ထောက်ခံမဲပေးခဲ့ကြပါတယ်။ “ဗြိတိန်အစိုးရဟာ တိကျတဲ့ အရေးယူဆောင်ရွက်မှုတွေနဲ့ ပိုပြီးခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို မလုပ်နိုင်ခဲ့တဲ့အပေါ် ကျွန်မတို့အလွန်စိတ်ပျက်မိပါတယ်။ မြန်မာစစ်တပ်ကို လက်နက်နဲ့ ဘဏ္ဍာငွေတွေ ပံ့ပိုးပေးနေတဲ့ ၊ မြန်မာစစ်တပ်ကို ခိုင်မာတဲ့အရေးယူမှုတွေ မလုပ်နိုင်အောင် ကာကွယ်တားဆီးပေးနတဲ့ တရုတ်နဲ့ရုရှားတို့ကိုခွင့်ပြုနေတာက အာဏာသိမ်းစစ်ကောင်စီကို ပိုပြီးခိုင်မာအားကောင်းစေပြီး လုံခြုံရေးကောင်စီအပေါ် ယုံကြည်ကိုးစားမှုကိုလျော့ကျစေပါတယ်”လို့ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။