ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာမပါတဲ့ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ ဒီနေ့ စတင်-နိုဝင်ဘာ ၁၀ ရက်ထိပ်တန်းသတင်းများ
မန္တလေးမှာနှစ်ရက်ဆက်တိုက် ကျူးကျော်နေအိမ်တွေဆိုပြီး အိမ်အလုံး တစ်ရာကျော်ကို ရှင်းလင်း
မန္တလေးမြို့မှာ ဒီရက်ပိုင်း နှစ်ရက်ဆက်တိုက် ကျူးကျော်နေအိမ်လို့ဆိုကာ နေအိမ်အလုံးပေါင်း တစ်ရာကျော်ကို တိုင်းကျူးရှင်းလင်းရေးအဖွဲ့က ဖယ်ရှားပါတယ်။
နိုဝင်ဘာ ၉ ရက်မှာ အောင်မြေသာစံမြို့နယ်၊ နိုဝင်ဘာ ၁၀ ရက်မှာ ချမ်းမြသာစည်နဲ့ ပြည်ကြီးတံခွန်မြို့နယ်အတွင်း မီးရထားသံလမ်းအနီး နေအိမ်တချို့ကို ဖယ်ရှားခဲ့တာပါ။
ဒေသခံတွက နေအိမ်ဖယ်ရှားဖို့ ကျူးရှင်းလင်းရေးအဖွဲ့က နာရီပိုင်းသာ အချိန်ပေးတယ်လို့ ပြောပါတယ်။ အခုလို ကျူးရှင်းလင်းချိန်မှာ စစ်ကောင်စီအဖွဲ့ဝင်တွ အင်အားအများပြားသုံးပြီး လမ်းပိတ်ကာ နေအိမ်တွေဖယ်ရှားတယ်လို့ ဆိုပါတယ်။
“စည်ပင်ကတော့ မိုက်နဲ့ ၁၁ ၊ ၁၂ ရက်နောက်ဆုံးထားပြီးဖယ်ဖို့ပေါ့။ ကျွန်မတို့က သံလမ်းနဲ့တော့နီးတယ်။ ဒါပေမဲ့ အရင်တစ်ခါ လာဖျက်တုန်းက သံလမ်းနဲ့ပေ ၅၀ ကွာရင်ရတယ်ဆိုပြီး မဖျက်ဘူးပေါ့။ ကျွန်မတို့အိမ်က ပေ ၅ဝ မကဘူး ဆောက်ထားတယ်။ အဲဒါကိုဖျက်သွားတာ။ ကျွန်မတို့ ဒီနားမှာနေတာ ၇ နှစ် ၈ နှစ်လောက်ရှိပါပြီ။ အခုတော့ကျွန်မတို့ကိုမှတ်ပုံတင် သန်းခေါင်စာရင်းတော့ကောက်သွားတယ်။ အိမ်ပြန်ချပေးဖို့ဆိုပြီးတော့တော့ ပြောတာပဲ။ သူတို့က လက်နက်နဲ့ဆိုတော့ သူတို့ဖျက်ဆိုတော့ ဖျက်ရတာပဲလေ” လို့နေအိမ်ကိုနှစ်ကြိမ်တိုင်တိုင် ကျူးကျော်ဆိုပြီး ပယ်ဖျက်ခံရတဲ့အိမ်ရှင်မတစ်ဦးကဘီဘီစီကိုပြောပါတယ်။ ဒီနေ့ နိုဝင်ဘာ ၁၀ရက်မှာ ချမ်းမြသာစည်နဲ့ ပြည်ကြီးတံခွန်မြို့နယ် နှစ်ခုက နေအိမ်အလုံးပေါင်း တစ်ရာကျော်ကို မီးရထားမြေ အစိုးပိုင်မြေတွေမှာ ကျူးကျော်နေထိုင်တယ်ဆိုပြီး တိုင်းကျူးရှင်းလင်းရေးအဖွဲ့က ဖယ်ရှားနေတယ်လို့ နီးစပ်သူတွေက ဘီဘီစီကိုပြောပါတယ်။
တိုင်းကျူးရှင်းလင်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြောတာက"လမ်းမြေပေါ်မှာ ရှိတဲ့အိမ်တွေ ဆက်ရှင်းတာ။ ဒီနေ့မှာ နှစ်မြို့နယ် ရှင်းတာ။ တချို့ အစိုးရမြေက လစ်လပ်နေတဲ့ နေရာမှာ ကျူးနေတဲ့ဟာတွေ။ ရထားနဲ့ လမ်းနဲ့ကြားထဲမှာ လမ်းနဲ့မလွတ် ရထားနဲ့ ညှပ်မယ့် အိမ်တွေ။ အခုအဲဒါတွေ ရှင်းရတာ"လို့ နေအိမ်တွေ ဖယ်ရှားနေတဲ့အကြောင်းကို ပြောပါတယ်။
နိုဝင်ဘာ ၉ ရက်နေ့ကလည်း အောင်မြေသာစံမြို့နယ် အိုးဘိုအကျဉ်းထောင် အနောက်ဘက် ရထားသံလမ်းဘေး နေအိမ် အလုံးပေါင်း ၂၁ လုံးကို ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။
အိုးဘိုရပ် မီးရထားအနီး နေအိမ်တချို့ဟာ မီးရထားမရှိခင်က ဘိုးစဉ်ဘောင်ဆက် ဂရန်အမည် ပေါက်အိမ်တွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါနဲ့ပက်သက်လို့ တိုင်းကျူးရှင်းလင်းရေးအဖွဲ့က အိုးဘိုအရပ် မီးရထားသံလမ်းအနီး ဂရမ်ပေါက် နေအိမ်တစ်လုံးကို လုံးဝမဖယ်ရှားဘဲ တခြားနေအိမ်ကိုသာ ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။
မန္တလေးမြို့က ကျူးကျော်နေအိမ်လို့ စစ်ကောင်စီအဖွဲ့က မြို့နယ်တချို့မှာ သတ်မှတ်ပြီး ပြီးခဲ့တဲ့နှစ် နုိဝင်ဘာလကတည်းက စည်ပင်ပိုင်သတင်းစာမှာ ကြေညာကာ ဖယ်ရှားခိုင်းတဲ့အပြင် သတိပေးစာ၊ ရပ်ကွက်အတွင်း လှည့်လည်အော်ပြီး သတိပေးကြေညာတယ်လို့ တိုင်းကျူးရှင်းလင်းရေးအဖွဲ့က ပြောပါတယ်။
ကျူးကျော်နေအိမ်လို့ စွပ်စွဲခံရတဲ့ နေအိမ် ရပ်ကွက်တချို့မှာ သတိပေးစာတွေ မရတဲ့အပြင် အိမ်ဖျက်ခါနီး နာရီပိုင်းအတွင်းမှသာ သိရတဲ့အကြောင်း နေအိမ် အဖျက်ခံရတဲ့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဗဟိုကော်မတီဝင် ခိုင်မြသာကို အေအေ ဖမ်းဆီးသွားတယ်လို့ ALP ထုတ်ပြန်
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ ဗဟိုကော်မတီ ခိုင်မြသာကို ရက္ခိုင့်တပ်တော် အေအေက နိုဝင်ဘာ ၇ ရက်နေ့မှာ အိန္ဒိယမြန်မာ နယ်စပ် မီဇိုရမ်ဒေသ ရွာသစ်ကျေးရွာမှာ ဖမ်းဆီးသွားတယ်လို့ ALP ကဒီကနေ့ နိုဝင်ဘာ ၁၀ ရက်မှာထုတ်ပြန်လာပါတယ်။
ULA/AA ဟာ ၂၀၂၂ ခုနှစ် တစ်နှစ်ထဲမှာပဲ ALPက ခေါင်းဆောင်တွေ၊ အဖွဲ့၀င်တွေ၊ ပါတီနဲ့ ဆက်စပ်တဲ့ သံဃာတော်တွေနဲ့ ကလေးတွေပါဖမ်းဆီးခဲ့တယ်လို့ ပါရှိပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ပါတီဗဟိုအလုပ်အမှုဆောင် ခိုင်ပေါ်လင်းနဲ့ မိသားစု၀င်ဖြစ်တဲ့ ရှစ်တန်းကျောင်းသား မောင်စိုးမင်းနိုင်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သလို မြောက်ဦးမြို့နယ်မှာသီတင်းသုံးနေထိုင်တဲ့ ပါတီနဲ့ဆက်စပ်တဲ့ သံဃာတော် ၄ ပါးကို ဖမ်းဆီးခဲ့ပြီး အခုအချိန်အထိ ပြန်မလွှတ်သေးဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါအပြင် ပါတီနဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ စိုက်ပျိုးရေးလုပ်ကိုင်နေသူတွေထံ ၀င်ရောက်ပြီး နှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့လည်း ဆက်လက် ရေးသားထားတာ တွေ့ရပါတယ်။
အေအေက ALP ပါတီအဖွဲ့၀င်တွေနဲ့ ပါတီနဲ့ဆက်စပ်သူတွေလို့ သံသယရှိသူတွေကို ဆက်တိုက်ဆိုသလိုဖမ်းဆီးနေတာကိုတွေ့ရပြီး အေအေက ဖမ်းဆီးထားတဲ့ ALP ပါတီဝင် စုစုပေါင်း ၁၇ ဦးထိ ရှိလာပြီလို့ ဆိုပါတယ်။ အဲဒီလို ဖမ်းဆီးမှုတွေ အတွက် အပြင်းအထန် ကန့်ကွက်ရှုံချတယ်လို့ ALPက ဆိုပါတယ်။
NLD အစိုးရလက်ထက် မန္တလေးတိုင်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ် အိုးဘိုထောင်ကနေ ပြန်လည်လွတ်မြောက်
ဒေါက်တာရဲလွင်နဲ့ ဦးကျော်ဇေယျကိုတော့ စစ်ကောင်စီက အမှုထပ်စွဲထား NLD အစိုးရလက်ထက် မန္တလေးတိုင်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်ဟာ ဒီနေ့ နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းက အိုးဘိုအကျဉ်းထောင်ကနေ လွတ်မြောက်လာပြီ ဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။
ဦးမျိုးသစ်ဟာ စစ်အာဏာသိမ်းပြီးနောက် အကြမ်းမဖက် စစ်အာဏာဖီဆန်ရေး CDM လှပ်ရှားမှုမှာ ပါဝင်ဖို့ ဝန်ကြီးချုပ်ကိုယ်စား လက်မှတ်ရေးထိုးတဲ့ စာတစ်စောင်ကြောင့် ဆူပူရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-ခ နဲ့ တရားစွဲခံရပြီး ချုပ်ရက်ခံစားခွင့်နဲ့ ထောင်နှစ်နှစ် ချမှတ်ခံထားရတာဖြစ်ပါတယ်။ အခုအခါ လွတ်ရက်စေ့လို့ ပြန်လည်လွတ်မြောက်လာတာ ဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့ကလည်း မန္တလေးတိုင်း လယ်/ဆည်ဝန်ကြီး ဒေါက်တာစိုးသန်းဟာ လွတ်ရက်စေ့လို့ အိုးဘိုအကျဥ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
မနက်ဖြန် နိုဝင်ဘာ ၁၁ ရက်နေ့မှာ မန္တလေးမြို့တော်ဝန်ဟောင်း ဒေါက်တာ ရဲလွင်၊ နိုဝင်ဘာ ၂၃ ရက်နေ့မှာ စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျတို့ဟာ စစ်ကောင်စီ ချမှတ်ထားတဲ့ ထောင်ဒဏ်တွေကနေ လွတ်ရက်စေ့လို့ ပြန်လည်လွတ်မြောက်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ သူတို့နှစ်ဦးလုံးကို ပုဒ်မ ၄၀၉ နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားမှုနဲ့ စစ်ကောင်စီက လွတ်ရက်အနီးမှာ ထပ်မံတရားစွဲဆိုထားပါတယ်။
မကွေးနဲ့ စစ်ကိုင်းအစပ်က ကျေးရွာတွေ လေးရက်ဆက်တိုက် မီးရှို့ခံရ
မကွေးတိုင်းရေစကြိုမြို့နယ်နဲ့ စစ်ကိုင်းတိုင်းမြောင်မြို့နယ် အစပ်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက နို၀င်ဘာ ၇ ရက်နေ့ကတည်းက ဒီကနေ့အထိ စစ်ကြောင်းထိုး၀င်ရောက်လာတဲ့နောက် အဲဒီအနီးတဝိုက်ကျေးရွာတွေ မီးရှို့နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောကြပါတယ်။
နို၀င်ဘာ ၇ ရက်ကနေ ဒီကနေ့ နို၀င်ဘာ၁၀ ရက်နေ့အထိ ဆက်တိုက် မီးရှို့နေတာကြောင့် ရေစကြိုမြို့နယ်ထဲက မာလကာရွာ၊ ဆင်ခြေရွာ ၊ မြောင်မြို့နယ်ထဲက နနွင်းကိုင်းရွာ၊ ဆူးလေကုန်းရွာ ၊ မြစ်သာရွာ တွေမှာ နေအိမ် ပျက်စီးတာတွေ ဖြစ်ခဲ့ပြီး ဒေသခံတွေက ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။
"ဆင်ခြေရွာက အိမ် ၃ လုံး မာလကာရွာက အိမ် ၁၇ လုံး မီးရှို့ခံရတယ်။ နနွင်းကိုင်းကတေ့ မြောင်ဘက်ဆိုတော့ ဘယ်လောက် အရှို့ခံရလဲ ချက်ချင်းမသိရသေးဘူး။ ဆိုးတာက နေ့စဉ်ရက်ဆက်၀င်ပြီး မီးရှို့နေသလိုပဲ၊ အိမ်တွေ စျေးဆိုင်တွေက ပစ္စည်းတွေလည်း အကုန်အဖိုးတန်တာတွေ ရှာယူသွားတာ။ ဆိုင်ကယ်တွေ့ ဆိုင်ကယ်ယူ၊ စက်ဘီးတွေ့ စက်ဘီးယူတယ်။ အ၀တ်အကောင်းတွေဆိုလည်း ယူသွားတယ်။ ယုတ်စွအဆုံး ရေတွင်းရေကန်တွေကိုပါ ဖျက်ဆီးသွားတယ်" လို့ ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်က တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။
တိုက်ပွဲမရှိဘဲ အခုလို ရက်ဆက် မီးရှို့နေတာဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ခိုအောင်းနေနိုင်တယ်ဆိုတဲ့ ယူဆချက်နဲ့ PDF တွေကို မထောက်ပံ့မကူညီနိုင်အောင် ပြုလုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရှို့နေတာလို့ ဒေသကာကွယ်ရေးနဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။
လက်ရှိမှာတော့ မြောင်မြို့နယ် နနွင်းကိုင်း ကျေးရွာထဲကို စစ်ကြောင်း၀င်ရောက်နေပြီး အခြေအနေအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဒေသကာကွယ်ရေးတပ်က တာ၀န်ရှိသူတွေက ပြောပြကြပါတယ်။
ခုလို ဒေသကာကွယ်ရေးတပ်တွေဘက်က စစ်ကောင်စီဘက်ကကျေးရွာတွေကို မီးရှို့တယ်၊ ပစ္စည်းတွေ ယူဆောင်သွားတယ် ဆိုတာနဲ့ပတ်သက်ပြီး ဘီဘီစီက သီးခြားအတည်ပြုဖို့ကြိုးစားနေသလို စစ်ကောင်စီဘက်ကိုလည်း ဆက်သွယ်မေးမြန်းနေပါတယ်။
NUG၊ NUCC နဲ့ CRPH ကို မြန်မာနိုင်ငံကိုယ်စားပြု တရားဝင်ထိတွေ့ဆက်ဆံဖို့ NUCC က အာဆီယံကို တောင်းဆို
စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေး အကောင်အထည်ဖော်ဖို့ ဦးဆောင်နေတဲ့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH တို့ကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် တရားဝင် ဆက်ဆံဖို့ အာဆီယံကို NUCC က နိုဝင်ဘာ ၉ ရက်နေ့စွဲနဲ့အိတ်ဖွင့်ပေးစာ ပေးပို့တိုက်တွန်းလိုက်ပါတယ်။ အာဆီယံထိပ်သီးအစည်းအဝေးမကျင်းပမီတစ်ရက်အလိုမှာ ခုလို တောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။
NUCC က စစ်ကောင်စီကကျူးလွန်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ နဲ့ စစ်ရာဇဝတ်မှုတွေဟာ အာဆီယံဘုံသဘောတူညီချက် ၅ ချက် သာမက အာဆီယံလူ့အခွင့်အရေးကြေညာစာတမ်းနဲ့ အာဆီယံရဲ့ ဒီမိုကရေစီအဝန်းအဝိုင်းတည်ဆောက်ရေး၊ ဒေသတွင်း ငြိမ်းချမ်းရေး ရည်မှန်းချက်တွေကိုပါ ချိုးဖောက်နေတယ်လို့ ပါရှိပါတယ်။
ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသုံးပြုဖြေရှင်းတဲ့ ချဉ်းကပ်မှုတွေ မဖြစ်ဖို့၊ စစ်အုပ်စုဟာ တရားဝင်ရွေးချယ်ခံထားရတဲ့ အစိုးရ မဟုတ်ဘဲ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်ပြီး အာဏာသိမ်းယူထားတဲ့ နိုင်ငံတော်ပုန်ကန်မှုနဲ့ ရာဇဝတ်မှုကျူးလွန်ထားသူတွေဖြစ်တာမို့ အာဆီယံရဲ့ ဂုဏ်သိက္ခာထိခိုက်စေတာ စဉ်းစားဖို့ ၊ အနာဂတ်မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ပါဝင်မှု လုံးဝမရှိစေဖို့၊ မြန်မာပြည်သူလူထုရဲ့ လိုလားချက်နဲ့ စံတန်ဖိုးတွေကို အလေးထားဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်တဲ့ အခြေခံ ချဉ်းကပ်မှုဖြစ်ဖို့၊ မြန်မာပြည်သူလူထုရဲ့ နိုင်ငံရေးလမ်းပြမြေပုံ ၁၂ ချက်ရှိပြီးဖြစ်တာကို အလေးအနက်ထားဖို့လို့ ပါရှိပါတယ်။
ဒါ့အပြင် စစ်ကောင်စီက နိုင်ငံရေးတရားဝင်မှုနဲ့ နိုင်ငံတကာ အသိအမှတ်ပြုမှုကို ရယူဖို့ကြိုးပမ်းမှုဖြစ်တဲ့ ၂၀၂၃ ရွေးကောက်ပွဲကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက အသိအမှတ် မပြုဖို့၊လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးရာမှာ စစ်အုပ်စုရဲ့ ပြည်သူလူထုကို ဖိနှိပ်ရေး ယန္တရားကို အထောက်အပံ့မဖြစ်စေဖို့နဲ့ NUG၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းကော်မတီ နဲ့ဒေသခံအရပ်ဖက်အဖွဲ့အစည်းတွေကဆင့် လိုအပ်နေတဲ့ ပြည်သူတွေဆီရောက်ရှိဖို့ ၊ အာဆီယံနိုင်ငံတွေအားလုံး မြန်မာ့အရေးဖြေရှင်းရာမှာ ပါဝင်ပေးကြဖို့ ၊ နိုင်ငံတကာ လူအခွင့်အရေးမြှင့်တင်ထိန်းသိမ်းဖို့ လိုအပ်တဲ့ စံချိန်စံညွန်းတွေကိုလိုက်နာပြီး ဒုက္ခသည် တွေကို မြန်မာနိုင်ငံကို အတင်းအကျပ်ပြန်ပို့ခြင်းမပြုဖို့ စတဲ့ အချက်အလက်တွေကို စဉ်းစားဖို့ တိုက်တွန်းထားတာ တွေ့ရပါတယ်။
စစ်ကောင်စီကတော့ NUGနဲ့ CRPH ကိုအကြမ်းဖက်အဖွဲ့လို့ကြေညာထားသလို NUG နဲ့ CRPH ကလည်း စစ်ကောင်စီကိုအကြမ်းဖက်အဖွဲ့အဖြစ်အပြန်အလှန်ကြေညာထားကြပါတယ်။ လက်ရှိအချိန်အထိ အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ စစ်ခေါင်းဆောင်တက်ရောက်ခွင့်မရသလို NUG ဘက် ကိုယ်စားလှယ်တွေလည်းတက်ရောက်ခွင့်မရသေးပါဘူး။
စာရေးဆရာအကြည်တော် နောက်ဆုံးခရီး ရေဝေးမှာ မနက်ဖြန်ပြုလုပ်မယ်
မနေ့ နိုဝင်ဘာ ၁၀ ရက် ညပိုင်းက ကွယ်လွန်သွားပြီဖြစ်တဲ့ စာရေးဆရာအကြည်တော်ရဲ့နာရေး နောက်ဆုံးခရီးကို မနက်ဖြန် နိုဝင်ဘာ ၁၁ ရက်မွန်းလွဲပိုင်းမှာ ရေဝေးသုသာန်မှာ ပြုလုပ်မယ်လို့ မိသားစုထံက သိရပါတယ်။
ဆရာအကြည်တော်ရဲ့နောက်ဆုံးခရီးကို ရေဝေးသုသာန်မှာ ပြုလုပ်မှာဖြစ်ပြီး မနက်ဖြန် မွန်းလွဲ ၂ နာရီမှာ နေအိမ်က ကားတွေ ထွက်ခွာမှာဖြစ်တယ်လို့ ကြေညာထားတာလည်းတွေ့ရပါတယ်။ ဆရာအကြည်တော်ကို ဂူသွင်းသင်္ဂြိုလ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဆရာအကြည်တော်ဟာ ကွယ်လွန်ချိန်မှာ အသက် ၅၁ နှစ်ရှိပြီဖြစ်ပြီး အစာရေမျိုပြွန် ကင်ဆာ နဲ့ မကွယ်လွန်မီမှာ ထိုင်းနိုင်ငံမှာ သွားရောက်ဆေးကုသမှုခံယူခဲ့ပါတယ်။အဲဒီနောက် ရန်ကုန်ကို ပြန်လည်ရောက်ရှိတဲ့အခါ ကျန်းမာရေး ရုတ်တရက် ဆိုးရွားလာပြီးနှလုံးရပ်သွားခဲ့လို့ ပင်လုံဆေးရုံမှာ အောက်တိုဘာလလယ်က တက်ရောက်ကုသမှုခံယူခဲ့ရတာပါ။
ကြားမှာ ပြန်လည်ကျန်းမာသက်သာလာပြီး သတိလည်း ကောင်းကောင်းပြန်ရခဲ့လို့ ပရိသတ်တွေ ဝမ်းသာပျော်ရွှင်ခဲ့ကြရပါသေးတယ်။
စာရေးဆရာအကြည်တော်ကွယ်လွန်ခြင်းအတွက် စာပေဂီတနဲ့ ပန်းချီအနုပညာအသိုင်းအဝိုင်းက သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေက နှမြောတသဝမ်းနည်းကြောင်းလည်း လူမှုကွန်ရက်မှာရေးသားထားကြပါတယ်။
စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမှုရှိမှာမဟုတ်ဘဲ အကျပ်အတည်းကိုပိုမိုကြာရှည်စေမယ်လို့အမေရိကန်ပြော
မြန်မာစစ်တပ်အာဏာပိုင်တွေ ကျင်းပမယ့် ဟန်ပြရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ မဖြစ်နိုင်ဘဲ အကြမ်းဖက်မှုတွေကိုပိုမိုဖြစ်ပွားရန် တွန်းအားပေးတာ၊ အကျပ်အတည်းကို ပိုမို ကြာရှည်စေတာ နဲ့ တိုင်းပြည်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှု၊ တည်ငြိမ်အေးချမ်းသာယာရေးကို နှောင့်နှေးကြန့်ကြာစေတာတွေ ကို ဖြစ်စေလိမ့်မယ် လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကပြောပါတယ်။
မြန်မာမှာ ၂၀၂၀ ရွေးကောက်ပွဲ ၂နှစ်ပြည့်တဲ့ နိုဝင်ဘာ ၈ ရက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ခုလိုဖော်ပြထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်အဖွဲ့အစည်းရဲ့ အမည်ခံရွေးကောက်ပွဲကို ယုံကြည်လက်ခံခြင်းကို ငြင်းပယ်ကြပြီး အားလုံးပါဝင်နိုင်တဲ့ သာယာဝပြောတဲ့ မြန်မာနိုင်ငံအဖြစ် အကောင်အထည်ဖော်ဖို့ ထက်သန်တဲ့ ဒီမိုကရေစီလိုလားတဲ့ ခေါင်းဆောင်တွေနဲ့သာ အဓိပ္ပါယ်ရှိရှိ ထိတွေ့ဆောင်ရွက်ကြဖို့ နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းထားပါတယ်။
၂၀၂၀ မြန်မာနိုင်ငံရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်မှာ ပြုလုပ်ခဲ့တဲ့အတွက် နှစ်နှစ်ပြည့်ပြီ ဖြစ်ပြီး စစ်အုပ်ချုပ်မှုအောက်မှ ဒီမိုကရေစီနည်းကျ အစိုးရတစ်ရပ်အဖြစ် တိုင်းပြည်တိုးတက်ပြောင်းလဲမှုရဲ့ မှတ်တိုင်တစ်ခုဖြစ်တဲ့ အများလက်ခံပြီး ငြိမ်းချမ်းစွာကျင်းပခဲ့တဲ့ ပါတီစုံရွေးကောက်ပွဲကို မြန်မာနိုင်ငံတဝန်းက ပြည်သူတွေ ဆန္ဒမဲ ပေးခဲ့ကြတယ်လို့လည်း သူက ဆိုပါတယ်။
ဒီရွေးကောက်ပွဲမှာ မြန်မာပြည်သူတွေက ဒီမိုကရေစီ သံန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုခဲ့ပေမဲ့ စစ်အာဏာရှင်အဖွဲ့အစည်းက မဲဆန္ဒရှင်တွေရဲ့ ဆန္ဒကို တားဆီးပိတ်ပင်ခဲ့ပြီး ၂၀၂၁ ဖေဖော်ဝါရီမှာ စစ် အာဏာသိမ်းယူခဲ့ပြီး မြန်မာနိုင်ငံရဲ့ ဆယ်စုနှစ် တစ်ခုစာ ဒီမိုကရေစီရေးတိုးတက်ပြောင်းလဲမှုကို နောက်ပြန်လှည့်စေခဲ့တယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ပါဝင်တာကို တွေ့ရပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ ဒီနေ့စတင်
-မြန်မာ့အရေး အဓိကဆွေးနွေးမယ်လို့ ဖိလစ်ပိုင်သမ္မတ ပြော
-အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်လည်း အစည်းအဝေးတက်ရောက်ဖို့ ရှိတယ်လို့ ဆို
-တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ သြစတြေးလျခေါင်းဆောင်တွေနဲ့ အာဆီယံတို့ ထိပ်သီးအစည်းအဝေးတွေ လည်း ကျင်းပဖို့ရှိနေ
အာဆီယံအလှည့်ကျဥက္ကဋ္ဌ မ္ဘောဒီးယားရဲ့ ဥက္ကဋ္ဌ သက်တမ်းအတွင်း နောက်ဆုံးကျင်းပတဲ့ အစည်းအဝေးဖြစ်တဲ့ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို ဒီနေ့ နိုဝင်ဘာ ၁၀ ရက်မှာ ကမ္ဘောဒီးယားနိုင်ငံရဲ့မြို့တော် ဖနွမ်းပင်မြို့မှာ စတင်ကျင်းပနေပါပြီ။
အာဆီယံထိပ်သီးအစည်းအဝေးမှာ တောင်တရုတ်ပင်လယ်အရေး၊ ကပ်ရောဂါအရေးနဲ့ မြန်မာ့အရေးတို့ကို ဆွေးနွေးမယ်လို့ ဖိလစ်ပိုင်သမ္မတ ကပြောကြားထားပါတယ်။
ဒီအစည်းအဝေးကိုတက်ရောက်ဖို့ ဖနွမ်းပင်ကို တရုတ်ဝန်ကြီးချုပ် လီခကျန်းလည်း ရောက်ရှိနေတာကိုတွေ့ရပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေးမှာ ကပ်ရောဂါနဲ့ မြန်မာ့အရေး၊ တောင်တရုတ်ပင်လယ်အရေး စတဲ့ ဒေသတွင်းအရေးကိစ္စတွေနဲ့ ရုရှားနဲ့ ယူကရိန်း ပဋိပက္ခ စတဲ့အရေးကြီးအကြောင်းအရာတွေကိုဆွေးနွေးမှာဖြစ်တယ်လို့ သူက ဖနွမ်းပင်ကို ထွက်ခွာမလာခင် ဗုဒ္ဓဟူးနေ့က ပြောကြားကြောင်း ရိုက်တာသတင်းက ရေးပါတယ်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက မြန်မာ့အရေး ဖြေရှင်းဖို့ စစ်ကောင်စီရဲ့ကိုယ်စားလှယ်တွေကို စားပွဲဝိုင်းကိုဖိတ်ခေါ်သင့်တယ်လို့ ပြောကြားထားဖူးပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ လကုန်ပိုင်းက အင်ဒိုနီးရှားနိုင်ငံက အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှာကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအရေးပေါ်အစည်းအဝေးမှာ မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံဘုံသဘောထားငါးရပ်ကို ဆက်လက် ကိုင်စွဲထားပြီး ဒီငါးရပ်ကို စစ်ခေါင်းဆောင် ဘက်က အကောင်အထည်ဖော်ရေး တိကျတဲ့အချိန်ကာလတွေ သတ်မှတ်ပြီးတိုက်တွန်းသွားဖို့ရှိတယ်လို့ ပြောကြားထားပါတယ်။
ဒါပေမဲ့ မြန်မာစစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မြန်မာမပါတဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်တွေကို လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်မှာမဟုတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။
စစ်ခေါင်းဆောင်ကိုအာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ ဆက်စပ်အစည်းအဝေးတွေမှာမဖိတ်ကြားရေးနဲ့ အဲဒီအစား နိုင်ငံရေးအရ ကိုယ်စားမပြုသူတစ်ဦးကိုသာ ဖိတ်ကြားဖို့ အာဆီယံက ဆုံးဖြတ်ထားပြီး စစ်ကောင်စီကလည်း အဲဒီကိုယ်စားလှယ်ကို စေလွှတ်ခြင်းမရှိဘူးလို့ ငြင်းဆန်ထားပါတယ်။
ဒီတစ်ခေါက်ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကာလအတွင်းမှာ အာဆီယံ ၉ နိုင်ငံခေါင်းဆောင်တွေကြားထိပ်သီးအစည်းအဝေးအပြင် အာဆီယံတရုတ်၊ အာဆီယံ-ဂျပန်၊ အာဆီယံ-ကိုရီးယား၊ အာဆီယံ အပေါင်း သုံးနိုင်ငံ၊ အာဆီယံ အိန္ဒိယ၊ အာဆီယံ အမေရိကန်၊ အာဆီယံ သြစတြေးလျနဲ့ အာဆီယံကနေဒါ၊ အာဆီယံ ကုလသမဂ္ဂနဲ့ ၁၇ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးတွေကို ကျင်းပသွားဖို့ရှိတယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အစည်းအဝေးကာလအတွင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ တခြားအာဆီယံခေါင်းဆောင်တွေဟာ အာဆီယံလွှတ်တော်များဆိုင်ရာ အဖွဲ့က ကိုယ်စားလှယ်တွေ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံက လူငယ်တွေနဲ့ အာဆီယံဆိုင်ရာစီးပွားရေးအကြံပေးကောင်စီ စတာတို့နဲ့ တွေ့ဆုံဖို့ရှိတယ်လို့လည်း ဆိုပါတယ်။
ဖနွမ်းပင်က အာဆီယံအစည်းအဝေးတွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်နဲ့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးတို့ တက်ရောက်ဖို့ ရှိနေတယ်လို့ဖနွမ်ပင်ပို့စ်က ရေးပါတယ်။
NUG နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒုဝန်ကြီးကို ဖိုရမ်ကနေ ဖိတ်ကြားထားတာကိုပယ်ဖျက်မှု တီမောလက်စ်တေသမ္မတ ပြင်းပြင်းထန်ထန်ဝေဖန်
မြန်မာပြည်သူတွေ ဖမ်းဆီးညှဥ်းပန်းသတ်ဖြတ်ခံနေရချိန် ကုလသမဂ္ဂက ဘက်လိုက်တယ်လို့အထင်ခံရမှာစိုးပြီး ကြားနေမူဝါဒကို ဆက်ထိန်းနေတယ်လို့ ဆို
မြန်မာနိုင်ငံကစစ်ပွဲအတွင်းမှာ ကုလသမဂ္ဂအနေနဲ့ တစ်ဖက်ဖက်ကို ရွေးချယ်လိုက်တယ်လို့ အထင်ခံရမှာကို ကြောက်ရွံစိုးရိမ်တဲ့အတွက် Global Town Hall 2022 အခမ်းအနားမှာ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို ချန်လှပ်ထားဖို့ တောင်းဆိုခဲ့တာဖြစ်တယ်စုံစမ်းသိရှိရကြောင်း အရှေ့တီမောသမ္မတက ပြောကြားပါတယ်။ အခမ်းအနားစီစဥ်သူတွေအနေနဲ့ ဖိတ်ကြားထားနှင့်ပြီးသားဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ တရားဝင်ပြောရေးဆိုခွင့်ရှိသူတွေကို အခမ်းအနားရဲ့ သဘောသဘာဝနဲ့ မညီညွတ်ဘဲ ပယ်ဖျက်မယ့်အစား ဖိအားပေးတဲ့ ကုလသမဂ္ဂအရာရှိကို ဖိတ်ကြားထားမှုကိုသာ ရုပ်သိမ်းခဲ့သင့်တယ်လို့လည်း သူက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ နိုဝင်ဘာ ၉ ရက်ကရေးသားထားပါတယ်။ မြန်မာမှာ ပြည်သူတွေ သတ်ဖြတ်ခံနေရပြီး အကျဥ်းချနှိပ်စက်ခံနေရချိန်မှာ ကုလသမဂ္ဂဟာ ဒီလိုအပြုအမူမျိုးနဲ့ သူ့ရဲ့ သံသယဖြစ်ဖွယ် ကြားနေမူဝါဒကြီးကို ဆက်လက်ထိန်းသိမ်းနေတာလို့လည်း အရှေ့တီမောသမ္မတက ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေးမူဝါဒအသိုက်အဝန်းက စီစဥ်ကျင်းပတဲ့ Global Townhall 2022 ဖိုရမ်မှာ မြန်မာ့အရေးတရားဝင်ပြောရေးဆိုခွင့်ရှိသူ ၂ ဦးအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဒုဝန်ကြီး ဦးမိုးဇော်ဦးတို့ကို ဖိတ်ကြားထားရာကနေ နိုဝင်ဘာ ၆ ရက်မှာ ဟောပြောသူစာရင်းကနေ ရုတ်တရက်ထုတ်ပယ်လိုက်တာဖြစ်ပြီး အဲဒီအစား ကုလသမဂ္ဂအကြီးတန်းအရာရှိတစ်ဦးကို ဟောပြောသူအဖြစ် စာရင်းသွင်းခဲ့တာတွေ့ရတယ်လို့လည်း သမ္မတက ရေးသားထားပါတယ်။ အရှ့တီမောသမ္မတရုံးက စုံစမ်းမေးမြန်းရာမှာ ကုလသမဂ္ဂအနေနဲ့ မြန်မာ့ဒီမိုကရေစီအရေးပြောရေးဆိုခွင့်ရှိသူတွေကို ချန်လှပ်ထားဖို့ တောင်းဆိုတာဟာ ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်တွင်းစစ်အတွင်း တစ်ဖက်ဖက်ကိုဘက်လိုက်မှာကိုစိုးရိမ်တဲ့အတွက် ဖြစ်တယ်လို့သိရှိရကြောင်းလည်း သူက ဆိုပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကလည်း Sustaining Peace and Development in a Divided World” ခေါင်းစဉ်ဖြင့်ကျင်းပခဲ့သည့် Global Townhall 2022 အခမ်းအနားမှာ အမှာစကားပြောကြားဖို့ ၄င်းကိုဖိတ်ကြားခဲ့ပေမဲ့ အခမ်းအနားစီစဥ်သူတွေအနေနဲ့ ဖိအားပေးမှုအချို့နှင့်ရင်ဆိုင်ခဲ့ရတာကြောင့် အဆိုပါ အစီအစဥ်ကို ဖျက်သိမ်းခဲ့ရတယ်လို့ ဆိုပြီး အဲဒီအခမ်းအနားမှာပြောကြားမယ့်သူ့ရဲ့အဖွင့်မိန့်ခွန်းကိုလည်း နိုဝင်ဘာ ၉ ရက်မှာ ပူးတွဲထုတ်ပြန်လာခဲ့ပါတယ်။ ဒီအခမ်းအနားကို နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးလည်း တက်ရောက်ဆွေးနွေးပေးဖို့ ဖိတ်ကြားခံခဲ့ရပေမဲ့ စီစဥ်သူများအနေနဲ့ အလားတူ ဖိအားများနှင့်ရင်ဆိုင်ခဲ့ရသောကြောင့် တက်ရောက်နိုင်ခဲ့ခြင်းမရှိခဲ့ဘူးလို့ ထုတ်ပြန်လာပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ရွာက စစ်ရှောင်တွေ ရိက္ခာအရေးတကြီးလိုအပ်နေ
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာကို လတ်တလောထွက်ပြေးရောက်ရှိလာခဲ့ကြတဲ့ စစ်ရှောင်အိမ်ထောင်စု ၆၅ စုအတွက် ရိက္ခာအရေးတကြီးလိုအပ်နေတယ်လို့ သိရပါတယ်။
အဲဒီစစ်ရှောင်တွေဟာ ပုဏ္ဏားကျွန်းမြို့ခံတချို့လည်းပါဝင်ပြီး ကျောက်တော်မြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတချို့ကနေ အခု နိုဝင်ဘာ လဆန်းပိုင်းလောက်မှာ စတင်ရောက်ရှိလာခဲ့ကြတဲ့စစ်ရှောင်တွေလည်းပါဝင်တယ်လို့ယိုးတရုတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံအောင်သိန်းက ပြောပါတယ်။
အဲဒီစစ်ရှောင်တွေဟာ ကျောက်တော်မြို့နယ် ဆောင်းဒူ၊ ဒေးဝန်း၊ ရွက်မညှိုးတောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် ပက်ခွတ်ဆိပ်ကျေးရွာတွေက ဖြစ်ပြီးသူတို့နေထိုင်တဲ့ကျေးရွာတွေအနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားလာနိုင်တာကြောင့် ထိခိုက်မှုတွေရှိလာမှာကိုစိုးရိမ်ပြီးအခုလိုထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။
အဲ့ဒီကျေးရွာတွေအနီးဝန်းကျင် ရန်ကုန်-စစ်တွေကားလမ်းမမှာ ပြီးခဲ့တဲ့ အောက်တိုဘာ လကုန်ပိုင်းက ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတို့အကြား ထိတွေ့မှုတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ကျေးရွာအနီးဝန်းကျင်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံခဲ့ကြရတာတွေလည်း ရှိခဲ့ပါတယ်။
လက်ရှိမှာတော့စစ်ရှောင်တွေဟာ ယိုးတရုတ်ကျေးရွာက ဘုန်းတော်ကြီးကျောင်းတွေမှာ ယာယီခိုလှုံနေကြပြီး စားသောက်ရေးအတွက် မိမိအစီအစဉ်နဲ့ချက်ပြုတ်စားသောက်နေကြရကြောင်းနဲ့ အချိန်ကြာမြင့်စွာ ကျေးရွာကိုမပြန်နိုင်လို့ရှိရင် အခက်အခဲတွေနဲ့ရင်ဆိုင်ရနိုင်တဲ့အခြေအနေရှိနေတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သုံးနှစ်ခန့်က နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြတဲ့စစ်ရှောင်ဒုက္ခသည်တွေကို စစ်ကောင်စီကနေ နေရပ်ပြန်ဖို့ နည်းမျိုးစုံနဲ့ မဖိအားပေးမှုတွေပြုလုပ်နေပေမဲ့ တစ်ကျော့ပြန်တိုက်ပွဲအတွင်းရခိုင်မှာ နေရပ်စွန့်ခွာရသူအရေအတွက် သောင်းချီပြီးထပ်တိုးလာနေတာလည်းဖြစ်ပါတယ်။