ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်အာဏာသိမ်းမှုအောက်က သင်္ကြန်ကာလကို ဘယ်လိုဖြတ်သန်းကြမှာလဲ
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၃ နှစ်မြောက်ကျရောက်လာမယ့် သင်္ကြန်ပွဲတော်ကို ကျင်းပဖို့ စစ်ကောင်စီက စီစဥ်နေပါတယ်။
သင်္ကြန်ကာလရောက်ဖို့တစ်လခန့်သာလိုတဲ့အချိန်မှာတော့ ဗဟိုမဏ္ဍပ်တွေ ဖွင့်လှစ်ရေးအကြိုအစည်းအဝေးတွေလည်း ပြုလုပ် နေတာတွေ့ရသလို ရန်ကုန်မှာဆိုလည်း ပြည်သူ့ရင်ပြင်မှာ ဗဟိုမဏ္ဍပ်တည်ဆောက်သွားဖို့ရှိတယ်ဆိုပြီး စီစဥ်နေတာ တွေ့ရပါတယ်။
စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံတဝန်း နှစ်သစ်ကူးသင်္ကြန်ကို ပြီးခဲ့တဲ့နှစ်တွေပါ ပါဝင်ဆင်နွှဲကြတာမရှိခဲ့သလို တော်လှန်သင်္ကြန်ဆိုပြီး နှစ်သစ်ကူးကာလ သပိတ်တွေ ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်ခဲ့တာတွေလည်းရှိခဲ့ပါတယ်။
အခု စစ်ကောင်စီက ပြင်ဆင်နေတဲ့ သင်္ကြန်ပွဲတော်နဲ့ပတ်သက်လို့ လူထုနဲ့ တော်လှန်ရေးအင်အားစုတချို့ကိုမေးမြန်းထားတာကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
ရန်ကုန်က ကုမ္ပဏီ ဝန်ထမ်းတစ်ဦး
ဘာအစီအစဉ်မှ မရှိဘူး။ စစ်တပ်က အာဏာသိမ်းထားပြီး တစ်တိုင်းပြည်လုံး အသုဘ အိမ်လို ဖြစ်နေမှတော့ ပျော်နိုင်မှာလဲ။ ပျော်တယ်ဆိုလည်း ဦးနှောက်မရှိတဲ့သူ၊ နှလုံးသားမရှိတဲ့သူပဲ ဖြစ်လိမ့်မယ်။ ကိုယ်တွေကတော့ မပျော်နိုင်ဘူး။ သင်္ကြန်ဆိုတာလည်း ခေါင်းထဲမှာ မရှိဘူး။ မြန်မာအနှံ့မှာ ပြည်သူတွေ အကြမ်းဖက် သတ်ခံရ ဖမ်းဆီးနှိပ်စက်ခံရ မီးရှိ့ခံနေရတာ၊ လူပေါင်းများစွာ ထောင်ထဲမှာပါ။ ဘာသာတရားလုပ်ရင်းကျော်ဖြတ်သွားမယ်။ စစ်ကောင်စီလက်အောက်မှာ နေသားကျ သွေးအေးတဲ့သူတချို့ တွေ့ရတာ စိတ်မကောင်းဘူး။ တစ်ဘက်မှာ ကူနေကြ ရုန်းကန်နေတဲ့သူတွေလည်း အများကြီးပါပဲ။
ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်း ဖြိုခွင်းခံရမှုမှာ လွတ်မြောက်လာသူ Own Community က တာဝန်ရှိသူတစ်ဦး
သေနတ်အောက်မှာ တိုင်းပြည်ကရောက်နေချိန်မှာ တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံး၊ ကျွန်တော်တို့အတွက် ပျော်စရာဆိုတာမရှိပါဘူး။ တော်လှန်ရင်းနဲ့ ဆင်နွှဲသွားမယ်။ ၃ နှစ်ရှိလာပြီပေမဲ့ တော်လှန်ရေးအင်အားစုတွေကတော့ ရန်ငါ ပြတ်တယ်။ သူတို့ လက်အောက်မှာ ကျင်းပတဲ့ ဘယ်ပွဲမဆို ဆင်နွှဲမှာမဟုတ်ဘူး။ ရရာနည်းလမ်းပေါင်းစုံနဲ့ တော်လှန် သင်္ကြန်အဖြစ်ဆင်နွှဲသွားမယ်။
မန္တလေးက စီးပွားရေး လုပ်ငန်းရှင်တစ်ဦး
မန္တလေးမှာ မနှစ်ကတော့ ကျုံးတွင်းပတ်လမ်းမှာ လုပ်တယ်။ နေပြည်တော်က ဆောက်လုပ်ရေး ကုမ္ပဏီတွေ၊ သူတို့နဲ့ မကင်းရာမကင်းကြောင်းတွေပဲ များပါတယ်။ ဒီနှစ်လည်း ကျုံးအတွင်း ပတ်လမ်းမှာ လုပ်ကြမယ်ထင်တယ်။ မနှစ်က ဒီအချိန်ဆို ကျုံးအတွင်းလမ်းမှာ မဏ္ဍပ် တွေ ဆောက်နေပြီ။ ဒီနှစ်တော့ ဆောက်တာမတွေ့သေးဘူး။ ဒီနှစ်ပိုင်း သင်္ကြန်ဆို ဘယ်မှ မသွားဖြစ်ဘူး။ ဒီအချိန်က ဘာမှ ပြောလို့ မရဘူး။ အချိန်မရွေး ဘာမဆို ဖြစ်နိုင်တယ်ဆိုတော့လေ။ စည်လည်း မစည်လောက်ပါဘူး။
ပခုက္ကူခရိုင် တပ်ရင်း ၁၀ ဒု တပ်ရင်းမှူး ကိုနှင်းမောင်
အာဏာသိမ်းပြီးတဲ့နောက် ၃ နှစ်မြောက် ကြုံရမယ့် သင်္ကြန်မှာ တချို့ မြို့ကြီးပြကြီးတွေက ပြည်သူတွေက မြေပြင်မှာ ဖြစ်နေတဲ့အခြေအနေ ကို မေ့မေ့ ပျောက်ပျောက်ရှိချင်ရှိမယ်။ ပျော်တဲ့သူ ရှိချင်ရှိမယ်။ ဒါပေမဲ့ နိုင်ငံတော်အေးချမ်းတဲ့ကာလကလို သင်္ကြန်လိုတော့ ဖြစ်မှာမဟုတ်ဘူး။ သင်္ကြန်ဆိုတာ မြန်မာ့နှစ်သစ်ကို ပြောင်းသွားတာ၊ ဒီအချိန်မှာ တစ်နိုင်ငံလုံး၊ လူတိုင်း တကယ်လွတ်လပ်လပ်ပျော်ရတဲ့ သင်္ကြန်ဖြစ်ပြီလားဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးသင့်ပါတယ်။ တော်လှန်ရေး လုပ်တယ်ဆိုတာ တစ်ဦးတစ်ယောက်အတွက် တစ်နေရာအတွက် လုပ်တာမဟုတ်ဘဲ တစ်နိုင်ငံလုံးပျော်ရဖို့ပါ။ နှစ်သစ်မှာ အားပြုကြိုးစား ကြဖို့၊ တော်လှန်ရေးမှာပူးပေါင်းကြဖို့ အရှိန်အဟုန်နဲ့ ကြိုးစားရင် နောင်နှစ်မှာ တစ်နိုင်ငံလုံး ပျော်ရတဲ့ သင်္ကြန်ဖြစ်လာမယ်ဆိုတဲ့ စိတ်ပဲရှိပါတယ်။
ပြည်ပရောက်မြန်မာတစ်ဦး
အခုအချိန်ကတော့ တစ်နိုင်ငံလုံးက ပြည်သူတွေ ပြေးလွှားနေရ၊ အသတ်ခံရ၊ စားစရာ၊ နေစရာ ခက်ခဲပင်ပန်းနေချိန်မှာ အားလုံးလည်း သင်္ကြန် ပျော်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လူမစုံနိုင်တော့တဲ့ မိသားစုတွေလည်း အများကြီးပါပဲ။ ပိုကူနိုင်ဖို့ပဲ စိတ်ရှိပါတယ်။
စစ်ကိုင်းတိုင်း အထက်ပိုင်း ထီးချိုင့်က စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး
ပြန် စရာအိမ်လည်း မရှိတော့ဘူး။ မီးလောင်သွားပြီ ။ အဝတ်အထည် ကိုယ်တစ်ခုနဲ့ ပြေးလာရတာ။ သင်္ကြန် မပြောနဲ့ ဘာပွဲတော် မှ စိတ်မဝင်စားတော့ဘူး၊ ဒါကြီးပဲ မြန်မြန် ပြီးချင်တယ်။ အရင်ကတော့ ဒီကာလ လှူဟယ် တန်းဟယ်နဲ့ မိသားစု ပြန်ဆုံကြတဲ့ ကာလပေါ့။ အခုတော့ လူကို မစုံနိုင်တော့ပါဘူး။