ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တောင်ကိုရီးယားအတိုက်အခံခေါင်းဆောင် ဘူဆန်မှာ ဓားထိုးခံရ
တောင်ကိုရီးယားရဲ့ အတိုက်အခံခေါင်းဆောင်ဟာ နိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့ ဘူဆန်မှာ ဒီကနေ့ ဇန်နဝါရီ ၂ ရက် မနက်က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဓားထိုးခံခဲ့ရတယ်လို့ တောင်ကိုရီးယားကလာတဲ့သတင်းတွေကဖော်ပြပါတယ်။
၂၀၂၂ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ မဲအရေအတွက်အနည်းငယ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ လီဂျေးမြောင်ဟာဟာ သူ့ရဲ့လည်ပင်း ဘယ်ဘက်ခြမ်းမှာ ဓားနဲ့ထိုးခံခဲ့ရပါတယ်။ ဓားထိုးခဲ့တဲ့ အမျိုးသားကိုလည်း အဲဒီအခင်းဖြစ်တဲ့နေရာမှာပဲ ဖမ်းဆီးမိခဲ့ပါတယ်။
မစ္စတာလီ ရဲ့ လည်ပင်းမှာ ၁ စင်တီမီတာ ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး သတိလစ်သွားခဲ့ပြီးလက်ရှိမှာ ဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့ဆိုပါတယ်။
အသက် ၅၀ နဲ့ ၆၀ ကြားရှိဟန်တူတဲ့ တိုက်ခိုက်ကျူးလွန်သူဟာ မစ္စတာလီကို လက်မှတ်တစ်စောင် တောင်းဖို့ ချဉ်းကပ်လာဟန်နဲ့ ရုတ်ခြည်း လှမ်းလာပြီး ဓားနဲ့ထိုးဖို့လုပ်ခဲ့တာလို့ သတင်းတွေကဖော်ပြပါတယ်။
ဆိုရှယ်မီဒီယာပေါ်က ထွက်ပေါ်လာတဲ့ ဗီဒီယိုထဲမှာ မစ္စတာလီဟာ လူအုပ်ထဲကို ပြုတ်ကျပြီးနောက် အဲဒီကနေ မြေပြင်ပေါ်ကိုလဲကျသွားတာတွေ့ရပါတယ်။ တချိန်တည်းမှာပဲ လူအများအပြားက ဓားသမားကို ဖမ်းဆီးထိန်းသိမ်းဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ အခင်းဖြစ်ပွားပြီးနောက် ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေမှာ မစ္စတာလီဟာ အနီးနားကတစ်ဦးက လက်ကိုင်ပုဝါကို ယူပြီး သူ့လည်ပင်းကို ဖိပေးထားချိန်မှာ မျက်လုံးမှိတ်နေပြီး မြေပြင်ပေါ်မှာ လဲကျလျက်ရှိနေပါတယ်။
အသက် ၅၉ နှစ်အရွယ် မစ္စတာလီက ကိုရီးယားဒီမိုကရက်တစ်ပါတီကို ဦးဆောင်နေသူဖြစ်သူဖြစ်ပြီး လက်ရှိမှာ အင်ချွန်းမြို့ရဲ့ လွှတ်တော်အမတ်နေရာကို ယူထားပါတယ်။ သူဟာ လာမယ့် ဧပြီမှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်လို့ အများက ကျယ်ကျယ်ပြန့်ပြန့်ယူဆခံထားရသူလည်းဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ လက်ရှိ တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယို ကို မဲအရေအတွက် ၀ ဒသမ ၇၃ ရာခိုင်နှုန်းလောက်နဲ့သာ ရှုံးနိမ့်ခဲ့ပြီး တောင်ကိုရီးယားသမိုင်းမှာ သမ္မတနဲ့ မဲအနည်းငယ်သာကွာတဲ့ ရွေးကောက်ပွဲဖြစ်ခဲ့တာပါ။ သူဟာ လာမယ့် ၂၀၂၇ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။
သူ့ကို တိုက်ခိုက်ခဲ့တဲ့ အသက် ၆၆ နှစ်အရွယ် အမျိုးသားက မစ္စတာလီကို သတ်ဖို့ ရည်ရွယ်ချက်လာခဲ့တာလို့ တောင်ကိုရီးယား Yonhap သတင်းဌာနက ဖော်ပြပါတယ်။ ဒါပေမဲ့ ဘာကြောင့် သူတိုက်ခိုက်မှုကိုလုပ်ရတယ်ဆိုတာကိုတော့ တိတိကျကျသိရတာမရှိပါဘူး။
နေ့ဘက်အချိန်လူမြင်ကွင်းမှာ ဒီလို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ခံရတဲ့ဖြစ်စဥ််ကနိုင်ငံက လူထုကို တုန်လှုပ်စေခဲ့ပြီး လက်ရှိ သမ္မတ ယွန်းဆွတ်ယိုး အပါအဝင် နိုင်ငံရေး ပါတီတွေနဲ့ နိုင်ငံရေးသမားတွေကို ဝေဖန်မှုတွေရှိနေပါတယ်။
သူဟာ ဆိုးလ်မြို့တောင်ဘက်က လူဦးရေ ၁ သန်းကျော်ရှိတဲ့ Seongnam မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ချိန်က ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကို အိမ်ခြံမြေစီမံကိန်းကနေ တရားမဝင်အမြတ်အစွန်းရအောင် ခွင့်ပြုပေးခဲ့တယ်လို့ အစိုးရထောက်လှမ်းရေးတွေက စွပ်စွဲခဲ့ပါတယ်။
မစ္စတာလီက တော့ အဲဒီ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး သူ့ကိုနိုင်ငံရေးအရ တိုက်ခိုက်တာလို့ ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလက သူ့ကိုတရားရုံးတစ်ခုကနေ စွဲချက်တင်ဖို့ရှိနေချိန် ဖမ်းဆီးထိန်းသိမ်းပေးဖို့ တောင်းဆိုချက်ကို ပယ်ချခဲ့ပါတယ်။ အစိုးရရှေ့နေတွေက သူ့ကို အကျင့်ပျက်ခြစားမှုနဲ့ ဆက်နွှယ်တဲ့ အခြားအမှုများစွာကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့သိရပါတယ်။
မစ္စတာလီ ဟာ သမ္မတယွန်ရဲ့ နိုင်ငံခြားရေးရာနဲ့ ပြည်တွင်းမူဝါဒတွေကို ကန့်ကွက်ဖို့ အစာငတ်ခံဆန္ဒပြပြီးနောက် သုံးပတ်အကြာမှာ တရားရုံးရဲ့ အမိန့် ထွက်ပေါ်လာတာဖြစ်ပါတယ်။ အဲဒီတုန်းကလည်း မစ္စတာလီဟာ သပိတ်မှောက်မှုကြောင့် ဆေးရုံတင်ခဲ့ရပါတယ်။
တောင်ကိုးရီးယားမှာ နိုင်ငံရေးသမားတွေကို အခုလို လက်နက်နဲ့ တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်တွေ အများအပြား ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လတုန်းကလည်း မစ္စတာလီရဲ့ ရုံးအရာရှိ ဆောင်ယန်းဂဲဟာ မစ္စတာလီအတွက် မဲဆွယ်စည်းရုံးချိန်မှာ တုံးတိတိအရာဝတ္ထုနဲ့ တိုက်ခိုက်ခံခဲ့ရလို့ ဦးခေါင်းဒဏ်ရာတွေရရှိခဲ့ပါတယ်။
၂၀၀၆ ခုနှစ်မှာ သမ္မတဖြစ်ခဲ့တဲ့ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် ပတ်ဂွန်ဟေးဟာလည်း သူ့ရဲ့ မျက်နှာပေါ်မှာ အမာရွတ်ကျန်ခဲ့တဲ့အထိ ဓားနဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။