ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရဲမှတ်တမ်းဓာတ်ပုံနဲ့ မဲဆွယ်တဲ့ ဒေါ်နယ်ထရမ့်
ဆာရာ စမစ်၊ မြောက်အမေရိက အယ်ဒီတာ
စွပ်စွဲခံရသူတရားခံ အဖြစ် မှုခင်းကိုယ်တစ်ပိုင်းပုံ အရိုက်ခံရတာဟာ တခြားနိုင်ငံရေးသမားတွေအတွက်ဆိုရင် နိုင်ငံရေး လမ်းကြောင်းကို ပျက်စီးသွားစေမှာ ဖြစ်ပေမဲ့ ဒေါ်နယ်ထရမ့်အတွက်ကတော့ ရွေးကောက်ပွဲ မဲဆွယ်ဖို့ပုံအဖြစ် သုံးစရာ ဖြစ်လာခဲ့ပါတယ်။
ဂျော်ဂျီယာက ဖူလ်တန်ခရိုင်အကျဉ်းထောင်မှာ အဲဒီလိုဓာတ်ပုံအရိုက်ခံရပြီး နာရီပိုင်းအတွင်းမှာပဲ သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်ရေးအဖွဲ့က အဲဒီဓာတ်ပုံ နဲ့ တီရှပ်တွေ ထုတ်ရောင်း နေပါပြီ။
"ဘယ်တော့မှ အရှုံးမပေး" ဆိုတဲ့ စာတန်းလည်း ပါပါတယ်။ အဲဒီ ဓာတ်ပုံနဲ့ မတ်ခွက်တွေနဲ့ စတစ်ကာတွေလည်း ရနေပါပြီ။
ထရမ့်ရဲ့ ရဲမှတ်တမ်းဓာတ်ပုံဇာတ်လမ်း
၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်ကို ပြောင်းလဲဖို့ ကြံစည်တယ်ဆိုတဲ့ အမှုတွေအတွက် အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့် ဂျော်ဂျီယာပြည်နယ်မှာ သွားရောက် အဖမ်းခံခဲ့ပြီး အဲဒီမှာ မှုခင်းမှတ်တမ်း ကိုယ်တစ်ပိုင်း ဓာတ်ပုံရိုက်ယူခံခဲ့ရပါတယ်။
ဒါဟာ အမေရိကန်သမ္မတဟောင်း တစ်ယောက် ဖမ်းဆီးခံရစဥ် ရိုက်ကူးခံရတဲ့ ပထမဆုံး မှုခင်းမှတ်တမ်းဓာတ်ပုံပါ။
မစ္စတာထရမ့်ဟာ လက်ရှိရင်ဆိုင်နေရတဲ့ အမှုတွေအတွက် အရင် တရားရုံးတွေ ရောက်ခဲ့တုန်းက အခုလို မှတ်တမ်းဓာတ်ပုံရိုက်ခံခဲ့ရတာမျိုး မရှိပါဘူး။
တရားစီရင်ဖို့ စောင့်ဆိုင်းနေတုန်းမှာ အတ်တလန်တာ အကျဥ်းထောင်ကနေ အာမခံနဲ့ လွှတ်ပေးဖို့အတွက် အမေရိကန်ဒေါ်လာ နှစ်သိန်း အာမခံကြေး ပေးဆောင်ရပါတယ်။
ဂျော်ဂျီယာအမှု
ဒီအမှုကို သူက "မမျှတတဲ့ တရားစီရင်မှု" လို့ ပြောပါတယ်။
ဒါဟာ သူ့အနေနဲ့ ငါးလအတွင်း လေးကြိမ်မြောက် ဖမ်းဆီးခံရတဲ့ ရာဇဝတ်မှု ဖြစ်ပါတယ်။ ဒါပေမဲ့ ရဲမှတ်တမ်းဓာတ်ပုံ အရိုက်ခံရတာကတော့ ဒါက ပထမဆုံးပါ။
အဲဒီနောက် ၂၀၂၁ ဇန်နဝါရီ နောက်ပိုင်းမှာ ပထမဆုံး အနေနဲ့ X (အရင်က တွစ်တာ) မှာ မစ္စတာထရမ့်က ပို့စ်တင်ခဲ့ပါတယ်။
သူ့ဝက်ဘ်ဆိုက်လိပ်စာနဲ့အတူ စာလုံးအကြီးတွေနဲ့ ရေးထားတဲ့ "ရွေးကောက်ပွဲ နှောင့်ယှက်မှု၊ ဘယ်တော့မှ အရှုံးမပေး" ဆိုတဲ့ စာတွေပါတဲ့ သူ့ရဲ့ ရဲမှတ်တမ်းပုံတို့ကို သူက တင်ခဲ့ပါတယ်။
သူဟာ အမေရိကန်က လူသိများထင်ရှားသူတွေ မှုခင်းမှတ်တမ်း ဓာတ်ပုံ အရိုက်ခံရသူ စာရင်းထဲမှာ ဖရန့် ဆင်နားထရား၊ အယ်လ် ကပုန်းနဲ့ ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာတို့နဲ့အတူ ပါဝင်လာပါတယ်။
မစ္စတာထရမ့်က သူ့ကို စွပ်စွဲတဲ့အမှုတွေဟာ နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်တာလို့ ဆိုပါတယ်။
လာမယ့် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကကရက်ပါတီက ဂျိုးဘိုင်ဒန်ကို စိန်ခေါ်ဖို့ ရီပတ်ဘလစ်ကန် ပါတီတွင်း ယှဥ်ပြိုင်မှုမှာ ရှေ့ပြေးနေတဲ့ သူ့ကို လုပ်တာလို့ ဆိုပါတယ်။
ဒီအမှုတွေကြောင့် မစ္စတာထရမ့်ဟာ ရာထူးပြီးဆုံးပြီး ဒါမှမဟုတ် တာဝန်ထမ်းဆောင်ဆဲ အမေရိကန် သမ္မတတွေထဲမှာ ပထမဆုံးတရားရုံးမှာ စွဲချက်တင်ခံရသူ ဖြစ်လာမှာပါ။ ထရမ့်ဟာ သူ့ရဲ့ ကိုယ်ပိုင်လေယာဥ်နဲ့ ကြာသပတေးနေ့က နယူးဂျာစီပြည်နယ်ကနေ ဂျော်ဂျီယာပြည်နယ်ကိုလာပြီး ပြန်သွားခဲ့ပါတယ်။
မစ္စတာထရမ့်က ဖူလ်တန် ခရိုင် အကျဥ်းထောင်ကို မြန်မြန်ဆန်ဆန် သွားရောက်ခဲ့ပါတယ်။
လေဆိပ်ကနေ အဲဒီကို သွားတဲ့ သူ့ယာဥ်တန်းဟာ ဒီနှစ်အတွင်း တခြား တရားရုံးကို သွားရောက်ခဲ့တဲ့ ယာဥ်တန်းတွေထက် ပိုကြီးခဲ့ပါတယ်။
သူဟာ အကျည်းထောင် အဆောက်အအုံထဲမှာ မိနစ် ၂၀ လောက် ရှိနေခဲ့ပါတယ်။ သူ့ကို ထောက်ခံသူ အုပ်စုတချို့က အပြင်မှာ စုဝေးနေခဲ့ကြပါတယ်။
အကျဥ်းထောင် ဝက်ဘ်ဆိုက်မှာ တင်ပြတဲ့ မှတ်တမ်းမှာ မစ္စတာ ထရမ့်ကို ဖော်ပြရမှာ လူဖြူ၊ အရပ် ၆ ပေ ၃ လက်မ၊ ကိုယ်အလေးချိန် ၂၁၅ ပေါင်၊ ဆံပင် ရွှေရောင် (သို့) စတော်ဘယ်ရီရောင်၊ မျက်လုံးအပြာလို့ ဖော်ပြထားပါတယ်။ သူ့ အချုပ်သား နံပါတ်က ပီ၀၁၁၃၅၈၀၉ လို့ လည်း ဖော်ပြပါတယ်။
ထရမ့်ကတော့ ရွေးကောက်ပွဲ ရလဒ်ကို စောဒကတက်ဖို့ သူ့မှာ အခွင့်အရေး ရှိတယ်လို့ သူအိမ်မပြန်ခင် လေဆိပ်မှာ သူက သတင်းထောက်တွေကို ပြောပါတယ်။
"ဒီရွေးကောက်ပွဲက မသမာတဲ့ ရွေးကောက်ပွဲ၊ မဲလိမ်တဲ့ ရွေးကောက်ပွဲ တစ်ခုပဲလို့ ပြောချင်တယ်" လို့ မစ္စတာ ထရမ့်က ပြောပါတယ်။
သူက ၂၀၂၀ ရွေးကောက်ပွဲဟာ မဲလိမ်တယ်ဆိုပြီး အထောက်အထားမဲ့ မကြာခဏ ပြောလေ့ရှိပါတယ်။
"ခင်ဗျားတို့ သိတဲ့အတိုင်းပဲ။ ပြီးခဲ့တဲ့နှစ်တွေမှာ ဒါမျိုး လုပ်တဲ့လူတွေရှိတာကို တွေ့မှာပဲ။ ဟီလာရီ ကလင်တန်တို့ ၊ စတေစီ အေဘရမ်တို့ (ဂျော်ဂျီယာပြည်နယ် အုပ်ချုပ်ရေးမှူး ပြိုင်ခဲ့ဖူးသူ) အများကြီးပါပဲ" လို့ သူက ပြောပါတယ်။
ဒီအမှုက ဂျော်ဂျီယာပြည်နယ်မှာ မစ္စတာ ဘိုင်ဒန်ကို မဲ ၁၂,၀၀၀ လောက်နဲ့ ကပ်ရှုံး သွားခဲ့ပြီးနောက် ရွေးကောက်ပွဲ ရလဒ်ကို စွက်ဖက်မှုနဲ့ ပူးတွဲတရားခံ ၁၈ ယောက်နဲ့အတူ တရားစွဲဆို ခံရတာပါ။
သမ္မတဟောင်း ထရမ့်ဟာ ဂျော်ဂျီယာ ရွေးကောက်ပွဲ ထိပ်တန်း တာဝန်ရှိသူကို "မဲ ၁၁,၇၈၀" ရှာပေးဆိုပြီး မဲရေနေချိန်မှာ ဖိအားပေးနေတဲ့ ဖုန်းပြောသံကို ကြားခဲ့ကြရပါတယ်။
ဒါကြောင့် မစ္စတာထရမ့်ကို ပြည်သူ့ဝန်ထမ်းကို စည်းမျဥ်းချိုးဖောက်အောင် တောင်းဆိုတယ်ဆိုတဲ့ အမှုအပါအဝင် အမှု ၁၃ မှုနဲ့ စွဲဆိုခဲ့ပါတယ်။
သူကတော့ အမှုအားလုံးကို ငြင်းဆိုခဲ့ပါတယ်။
သူနဲ့အတူ စွပ်စွဲခံရသူတွေထဲက တစ်ဝက်ဟာ သတ်မှတ်ရက် သောကြာနေ့မတိုင်ခင် ဖူလ်တန်ခရိုင် အကျဥ်းထောင်မှာ ဒီရက်ပိုင်းတွေအတွင်း သူ့လိုပဲ ဖမ်းဆီး မှတ်တမ်းတင်ခံရတဲ့ ကိစ္စတွေ ပြီးစီးကြပါပြီ။
ပူးတွဲ တရားခံတွေထဲက တစ်ဦးဖြစ်တဲ့ “ထရမ့်အတွက် လူမည်းတွေရဲ့ အသံ” လှုပ်ရှားမှုကို ခေါင်းဆောင်ခဲ့သူကတော့ အာမခံမယူလို့ ထိန်းသိမ်းခံထားရပါတယ်။
ဂျော်ဂျီယာကို မရောက်ခင် မစ္စတာ ထရမ့်ဟာ သူ့ကို တရားစွဲဆိုတဲ့ ဒီမိုကရက်တစ်ဦးဖြစ်တဲ့ ဖူလ်တန်ခရိုင် ရှေ့နေ ဖန်နီဝေလိစ်ကို သူ့ရဲ့ အိမ်ဖြူတော် ပြန်ရောက်ရေး လမ်းကြောင်းကို ဖျက်လိုဖျက်ဆီး လုပ်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
မဲဆွယ်ပွဲအတွက် ဓာတ်ပုံကောင်းရသွား
ရဲမှတ်တမ်း ဓာတ်ပုံရိုက်ခဲ့ရတာကို အသုံးချနေတဲ့ ဒေါ်နယ်ထရမ့်ဟာ နိုင်ငံရေးကို လိုသလို ဆက်ကစားနေနိုင်တယ်ဆိုတဲ့ နောက်ထပ် ဥပမာတစ်ခုပဲ ဖြစ်ပါတယ်။
သူ့ကို ရာဇဝတ်မှု စွဲဆိုမှု တစ်ခု အလုပ်ခံရတိုင်း စစ်တမ်းတွေမှာ သူ့ကို လူကြိုက်များနှုန်းတိုးလာတာ အံ့သြစရာ မဟုတ်တော့ပါဘူး။
နောက်နှစ်မှာတော့ သူ့ကို ရွေးကောက်ပွဲ မဲဆွယ်ပွဲတွေထက် တရားခွင်မှာ ပိုမြင်ရဖို့ ရှိနေပါတယ်။
ဒါပေမဲ့ သူဟာ ၂၀၂၄ သမ္မတလောင်း နေရာအတွက် ရီပတ်ဘလစ်ကန်ပါတီတွင်း ရွေးချယ်ပွဲမှာ ပြတ်ပြတ်သားသား ဦးဆောင်နေသူအဖြစ် ရှိနေဆဲပါ။
သူဟာ နိုင်ငံရေး နည်းနာတွေကို အားလုံးရှေ့မှောက်မှာပဲ ရေးပြနေပါတယ်။
မစ္စတာထရမ့် သူ့ပါတီကို လွှမ်းမိုးနိုင်ဦးမလားလို့ မယုံမရဲ ဖြစ်နေသူတွေအနေနဲ့ ဗုဒ္ဓဟူးနေ့ညက ရီပတ်ဘလစ်ကန် စကားစစ်ထိုးပွဲကို ကြည့်သင့်ပါတယ်။
ထရမ့်ကတော့ အဲဒီပွဲကို မတက်ပါဘူး။ သူက သူ့ပြိုင်ဘက်တွေထက် သာနေလို့ အဲဒီမှာ ဝင်ပါရင် သူ့အတွက် ဘာမှ ရလာစရာ မရှိဘူးလို့ သူယုံကြည်လို့ပါ။
တရားရုံးကနေ မစ္စတာ ထရမ့်မှာ အပြစ်ရှိတယ်လို့ တွေ့ခဲ့ရင်တောင် သူ့ကို ဆက်ပြီးထောက်ခံဦးမယ်ဆိုရင် လက်ထောင်ဖို့ စကားစစ်ထိုးပွဲအစီအစဉ်တင်ဆက်သူက သမ္မတလောင်း နေရာ ပြိုင်သူ ရှစ်ဦးကို မေးခဲ့အခါ ခြောက်ဦးက လက်ထောင်ခဲ့ပါတယ်။
ထရမ့်နဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ရဖို့ ရှိနေသူလို့ အများက သတ်မှတ်ထားတဲ့ ဖလော်ရီဒါ အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်စ်ကတောင် သူလက်မထောင်ခင် တခြားသူတွေ ဘာလုပ်မလဲဆိုတာကို စောင့်ကြည့်ပြီးမှ လက်ထောင်ခဲ့ပါတယ်။
တကယ်လို့ ထရမ့်သာ ရာဇဝတ်သား ဖြစ်သွားရင် သမ္မတ မဖြစ်သင့်ဘူးဆိုတာကို သူ့ရဲ့ပြိုင်ဘက် လေးပုံ သုံးပုံက မပြောရဲကြပါဘူး။
“ဒီအဖြစ်ကြီးကို ဘာမှမဖြစ်သလို လက်ခံပေးနေတာကို တစ်ယောက်ယောက်က တားပေးကြပါတော့" လို့ ထရမ့်ကို ပြင်းပြင်းထန်ထန် ဝေဖန်သူ ခရစ် ခရစ္စတီးက ပြောပါတယ်။
ပြောရမယ်ဆိုရင် မစ္စတာ ခရစ္စတီးပြောတာ မှားပါတယ်။ မစ္စတာထရမ့် လုပ်နေတာတွေကို ရီပတ်ဘလစ်ကန်ပါတီက ဘာမှမလုပ်တာ မဟုတ်ပါဘူး။
သူလုပ်နေတာတွေကို အောင်ပွဲခံပေးနေတာ၊ သူ့ အမှုအခင်းတွေ ပိုအရေးကြီးလာတိုင်း သူ့ကို ထောက်ခံမှုတွေနဲ့ အလွန်အကျွံ ချီးမြှောက်ပေးနေတာပါ။
"သူတို့က ကျွန်တော့်နောက် လိုက်နေတာ မဟုတ်ဘူး (ကျွန်တော့်ကို ဦးတည်နေတာ မဟုတ်ဘူး )။ ခင်ဗျားတို့နောက် လိုက်နေတာ။ ကျွန်တော်က ကြားမှာ ရောက်နေတာ" လို့ မစ္စတာ ထရမ့်က မကြာခဏ ပြောလေ့ ရှိပါတယ်။ သူ့ကို ထောက်ခံသူတွေက အဲဒီအပြောကို အသည်းခိုက်ကြပါတယ်။
အဲဒီစကားကို ဘယ်သွားသွား ခဏခဏ ကြားရပါတယ်။ အဲဒါက ဘာကို တကယ် ဆိုလိုသလဲဆိုတာ ဘယ်သူမှ ကောင်းကောင်း မသိပေမဲ့ သူဟာ တော်ရုံနိုင်ငံရေးသမား တစ်ယောက်တော့ မဟုတ်ဘူးဆိုတာ အဲဒီအပြောတွေက ဖော်ပြနေပါတယ်။
သူက သူ့ကိုထောက်ခံသူတွေအတွက် သူ့ကိုယ်သူ အာဇာနည်သူရဲကောင်းလို့ ပုံဖော်ပါတယ်။
သူက လူစိတ်ဝင်စားအောင် လုပ်တဲ့နေရာမှာ သူမတူအောင် ထူးပါတယ်။
သူ့ပြိုင်ဘက်တွေနဲ့ သူ့ကို ဆန့်ကျင်သူတွေကို လူထု စိတ်ဝင်စားမှု နည်းသွားအောင် အမှုတွေကို သူက အသုံးချနေတာပါ။
သူက သူ့ရဲ့ အမှုအခင်း ပြဿနာတွေကို သူ့ နိုင်ငံရေး ကျော်ကြားမှုအတွက် ကောင်းကောင်း ရောမွှေပြီး နှစ်ခုလုံးကို တီဗီဖျော်ဖြေမှုတစ်ခုအဖြစ် ပြောင်းပြ လိုက်ပါတယ်။
အဲဒါကြောင့် သူသွားအဖမ်းခံချိန်မှာ ကင်မရာတွေ အပါခေါ်သွားတာ ဖြစ်ပါတယ်။
အဲဒါကြောင့် နာမည်ဆိုးတဲ့ အတ်တလန်တာ အကျဥ်းထောင်မှာ ရာဇ၀တ်မှတ်တမ်းတင်ခံရတာ ဘယ်လိုလဲဆိုတာ ပြဖို့ လက်ယာယိမ်း ရုပ်သံတွေကို သူက ခေါ်ခဲ့တာပါ။
ပြီးတော့ သူက သူ့ရဲ့ ရာဇ၀တ်မှတ်တမ်းပုံကို သူ့ကို ချီးကျူးထောမနာပြုတဲ့ပုံလို အသုံးချမှာ ဖြစ်ပါတယ်။
(ယခုဆောင်းပါးကို မက်စ် မတ်ဇာနဲ့ ကေလာ အက်ပ်စတိုင်း၊ ဘီဘီစီ သတင်း၊ အတ်တလန်တာ တို့လည်း အားဖြည့်ရေးသားထားပါသည်။)