ဘက်မုမြို့ကိုဝိုင်းထားပြီးပြီလို့ ရုရှားစစ်တပ်ပြော- မတ်လ ၃ ရက် ညနေပိုင်း နိုင်ငံတကာသတင်းများ

ရေးသားခဲ့သည်။

ရုရှားဘက်ကတိုက်နေတဲ့ ဗာ့ဂနာအုပ်စုရဲ့ခေါင်းဆောင်က ယူကရိန်းအရှေ့ပိုင်း ဘက်မု မြို့နေရာအများစုကို ဝိုင်းထားပြီးပြီလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လောလောဆယ် သီတင်းပတ်တွေအတွင်းမှာ ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်ပွားပြီးနောက် အခုလိုကြေညာလိုက်တာပါ။

ထွက်ပေါက်တခုတည်းသာ သူတို့အနေနဲ့ ဖွင့်လှစ်ပေးထားတယ်လို့ပြောပြီး ယူကရိန်းတပ်တွေ ဆုတ်ခွာသွားကြဖို့ သူက တောင်းဆိုထားပါတယ်။

တိုက်ပွဲဟာ အလွန်ပြင်းထန်ပြီး အခက်အခဲကြီးမားကြောင်း ယူကရိန်းဘက်က ဝန်ခံထားတဲ့အတွက် တပ်တွေကို ဆုတ်ကောင်းဆုတ်နိုင်ပါတယ်။ နှစ်ဖက်စလုံးမှာလည်း အကျအဆုံးအလွန်များပြားတယ်လို့ ဆိုပါတယ်။

တရုတ်နဲ့တခြားနိုင်ငံတွေရဲ့ ပင်လယ်ပြင်အငြင်းပွားမှုတွေကို စိုးရိမ်

ကွာ့ဒ်လို့ လူအများသိကြတဲ့ အမေရိကန်၊ အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျ လေးနိုင်ငံက တောင်တရုတ်ပင်လယ်၊ အရှေ့တရုတ်ပင်လယ်တို့အတွင်း အငြင်းပွားမှုတွေနဲ့ စစ်ရေးပြင်ဆင်မှုတွေ အတွက် အလွန်အမင်းစိုးရိမ်ပူပန်မိတယ်လို့ ဆိုကြပါတယ်။

ပင်လယ်နယ်နိမိတ်အငြင်းပွားတဲ့နေရာတွေမှာ တခြားနိုင်ငံတွေက သယံဇာတ ထုတ်လုပ်ဖို့ကြိုးစားတဲ့အခါ တရုတ်နိုင်ငံက ကမ်းခြေစောင့်တပ်ဖွဲ့တွေ ရေတပ်တွေ အသုံးပြုပြီး ဟန့်တားနှောင့်ယှက်တဲ့အတွက် အလွန်အန္တရာယ်ကြီးမားတယ်လို့ လေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကနေ ကြေညာချက်ထုတ်ပြန် ဝေဖန်ပြောကြားကြပါတယ်။

ကြေညာချက်ထဲမှာ တရုတ်နိုင်ငံကို နာမည် အတိအကျထုတ်ဖော်မပြောကြပေမဲ့ တရုတ်ကိုသာဆိုလိုကြောင်းထင်ရှားပါတယ်။ ဒီကြေညာချက်ပါ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး တရုတ်အစိုးရဘက်က ဘယ်လိုသဘောထားသလဲလို့ မေးမြန်းရာမှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး မော်နင်းက နိုင်ငံတွေဟာ အုပ်စုဖွဲ့မဲ့အစား တနိုင်ငံချင်း ရင်းရင်းနှီးနှီးဆက်ဆံသင့်တယ်လို့ ဆိုပါတယ်။

“ကွာ့ဒ်နဲ့ပတ်သက်ပြီး တရုတ်ရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းပြောပြထားပြီးသားပါ။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအချင်းချင်း ဆက်ဆံရေးမျိုးရှိသင့်တယ်လို့ ယုံကြည်ကြောင်း နိုင်ငံတချို့အုပ်စုဖွဲ့ပြီး တခြားနိုင်ငံတွေကို ဖယ်ထုတ်တာမျိုးမဖြစ်သင့်ကြောင်း” သူကဆိုပါတယ်။

“သက်ဆိုင်တဲ့နိုင်ငံတွေဟာ လုံခြုံရေးမြှင့်တင်ဖို့အတွက် အပြန်အလှန်ယုံကြည်မှုထားပြီး ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်ရေးအတွက် ဆောင်ရွက်သင့်ပါတယ်” လို့ ပြောသွားပါတယ်။

အစ္စရေးစစ်တပ်ပစ်ခတ်မှုကြောင့် ၁၅ နှစ်သား ပါလက်စတိုင်းလူငယ်သေဆုံး

အနောက်ဘက်ကမ်းဒေသမှာ အစ္စရေးစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၅ နှစ်အရွယ် လူငယ်တယောက်သေဆုံးသွားတယ်လို့ ပါလက်စတိုင်း အာဏာပိုင်တွေက ဆိုပါတယ်။

နောက်ထပ် ဆယ်ကျော်သက် လူငယ် ၂ ယောက်လည်း စိုးရိမ်လောက်တဲ့ဒဏ်ရာတွေ ရခဲ့တယ်လို့ ဆိုပါတယ်။

အစ္စရေးစစ်တပ်ဘက်ကတော့ အဲဒီလူငယ်တွေကို ရပ်တန့်စစ်ဆေးရှာဖွေချိန်မှာ သူတို့ဟာ စစ်တပ်ကို ဗျောက်အိုးတွေ၊ မီးစတပ်ပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့တယ်လို့ဆိုပါတယ်။

အနောက်ဘက်ကမ်းဒေသမှာ ပါလက်စတိုင်းတွေအပေါ် အစ္စရေးအခြေစိုက်ရွှေ့ပြောင်းသူတွေရဲ့ တိုက်ခိုက်မှုတွေကို အကာအကွယ်မပေးနိုင်တဲ့အတွက် အစ္စရေးစစ်တပ်ဟာ ပြင်းထန်တဲ့ ဝေဖန်ပြစ်တင်မှုတွေကို ရင်ဆိုင်နေရပါတယ်။