ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ရွှေ့တာက မြန်မာ့အရေး အကောင်းဘက်ကို ရွေ့ပြီ ဆိုတဲ့ အချက်ပြမှုလား
စစ်အာဏာသိမ်းပြီး ရာထူးကနေ ဖယ်ရှားခြင်းခံခဲ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တနင်္လာနေ့က သူ့ကို ထိန်းသိမ်း အကျဉ်းချထားရာ နေပြည်တော် အကျဉ်းထောင်ကနေ နေပြည်တော်ထဲက နေအိမ် တအိမ်ဆီကို အကျယ်ချုပ်အဖြစ် စစ်ကောင်စီက ပြောင်းရွှေ့လိုက်တဲ့နောက် အိမ်နီးချင်းနိုင်ငံ အစိုးရတွေရဲ့ ထိပ်ပိုင်းခေါင်းဆောင် တွေက သူ့ကို တွေ့ဆုံခွင့်ရဖို့ ကြိုးပမ်း နေကြ သလို ဒီအဖြစ်ကနေ မြန်မာ့ အကျပ်အတည်းအရေးက အကောင်းဘက်ကို ရွေ့လာ တာလား ဆိုတဲ့အပေါ် ဆန်းစစ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့ တောင်းဆိုတဲ့နိုင်ငံတွေ အထဲ အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှားနဲ့ ဂျပန်နိုင်ငံတို့ ပါဝင်တယ်လို့ သံတမန် အသိုင်းအဝိုင်းက တဆင့် ဘီဘီစီက သိရပါတယ်။
ဒါ့အပြင် တရုတ်နဲ့ အိန္ဒိယ နိုင်ငံတို့က တာဝန်ရှိသူတွေကလည်း ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ မျှော်လင့်နေကြတယ်လို့လည်း ဆိုပါတယ်။
ဒီနေ့ ဇူလိုင်လ ၂၇ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်နာယကဖြစ်တဲ့ ဦးတီခွန်မြတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံ ခွင့်ပြုခဲ့တယ်ဆိုတဲ့ သတင်း ထွက်ပေါ်နေခဲ့ပေမဲ့ စစ်ကောင်စီကတော့ ဒီသတင်းအပေါ် အတည်ပြုခြင်းမရှိပါဘူး။
ရွေးကောက်ပွဲတွေ၊ ဆန္ဒပြပွဲတွေမှာ မြန်မာ ပြည်သူလူထုက သူတို့ရဲ့ ယုံကြည် ကိုးစားမှုကို နိုင်ငံအနှံ့မှာ ပြခဲ့ကြတဲ့ နိုင်ငံရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာ တက္ကိမက နိုင်ငံတွင်းမှာ ဘယ်ခေါင်းဆောင်နဲ့မှ မတူအောင် ရှိနေတာပါ။
စစ်ကောင်စီက သူ့ကို အမှုပေါင်း ၁၉ မှုနဲ့ စွဲချက်တင်ခဲ့ပြီး စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ်ကျခံနေရတဲ့ သူ့ကို အကျဉ်းထောင်ကနေ နေအိမ်တအိမ်ကို ပြောင်းရွှေ့ ပေးထား ကြောင်း အခုအချိန်ထိ အတည်မပြုသေးပါဘူး။
အာဆီယံ အစည်းအဝေး မတိုင်မီ စဖြစ်လာတဲ့ အရွေ့
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြောင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဇူလိုင်လ ၁၂ ရက်နေ့က အတည်ပြု ပြောပါတယ်။
အဲဒီမတိုင်မီ ၃ ရက်ဖြစ်တဲ့ ဇူလိုင်လ ၉ ရက်နေ့မှာ မစ္စတာ ဒွန် ပရာမွတ်ဝီနိုင်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အချိန် ၁ နာရီကြာ တွေ့ဆုံစကားပြောနိုင်ခဲ့ပြီး ဘယ် နေရာမှာတွေ့ခဲ့သလဲ ဆိုတာကိုတော့ သူက ထုတ်ဖော်မပြောခဲ့ပါဘူး။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်ကြောင်းလည်း သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာလူထု ခါးစည်းခံနေရတဲ့ ဆုံးရှုံးမှုတွေနဲ့ နိုင်ငံ့ စီးပွားရေး အပေါ် စိုးရိမ်ကြောင်း၊ လက်ရှိ မြန်မာ့အရေးအတွက် ဆွေးနွေးပြောဆိုမှုကို ထောက်ခံ ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ပြောကြားခဲ့တယ်လို့ ထိုင်း နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
အဲဒီတွေ့ဆုံမှုကို မြန်မာ စစ်ကောင်စီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ နှစ်ဖက် သဘော တူညီလက်ခံမှုနဲ့ ပြုလုပ်ခဲ့တာလို့လည်း သူက ဆိုပါတယ်။
ဒီတွေ့ဆုံမှုဟာ အာဏာသိမ်းပြီးကတည်းက အကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ပြည်ပ သံတမန် တယောက်က ပထမဆုံး တွေ့ဆုံခွင့်ရတာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုတွေနဲ့ တရားရင်ဆိုင်နေရသူဖြစ်လို့ တွေ့ဆုံခွင့် မပေးနိုင်ဘူးလို့ စစ်ကောင်စီက ဆိုကာ သူ့ကို တွေ့ဆုံခွင့်တောင်းတဲ့ အာဆီယံရဲ့ မြန်မာ့အရေး အထူး ကိုယ်စားလှယ်တွေကို အရင်ကာလက ခွင့်မပြုဘဲ ပယ်ချ ခဲ့တာပါ။
ဒါ့အပြင် နေပြည်တော်ကို ရောက်ခဲ့ကြတဲ့ အရေးကြီးပုဂ္ဂိုလ်တွေဖြစ်တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ၊ တရုတ်နိုင်ငံက အထူးကိုယ်စားလှယ် ဆွန်း ကော်ရှန်း နဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးဟောင်း ဘန်ကီမွန်း တို့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် မရခဲ့ကြပါဘူး။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံအပြီး နောက် သီတင်းပတ် ၂ ပတ် အကြာ ဇူလိုင်လ ၂၄ ရက်နေ့မှာတော့ စစ်ကောင်စီ အာဏာပိုင် တွေဟာ ဒေါ်အောင်ဆန်း စုကြည်ကို အကျဉ်းထောင်ကနေ အကျယ်ချုပ် အဖြစ် နေအိမ် တအိမ်ကို ရွှေ့ထားလိုက်ပါတယ်။
ဒီအရွေ့နဲ့ ကောလာဟလတွေက ဘာကို ဦးတည်နေပါသလဲ
ပြည်တွင်းစစ် ဖြစ်ပေါ်နေမှု၊ ပြည်သူတွေရဲ့ စီးပွားရေး မပြေလည်မှု၊ နိုင်ငံတကာ ဖိအား စတဲ့ အကျပ်အတည်း အခြေအနေတွေအောက်မှာ ဖြစ်လာတဲ့ ဒီအရွေ့အပေါ် ဒါဟာ စစ်ကောင်စီရဲ့ အပြုသဘော လုပ်ဆောင်ချက် တခုလို့ တွက်ဆကြပေမဲ့ ဒီဖြစ်ရပ်ကနေ မြန်မာ့အကျပ်အတည်း အကောင်းဘက်ဆီ ရွေ့သွားမယ့်အပေါ် မျှော်လင့်နိုင်မှုကတော့ အတော့်ကို နည်းနေပါသေးတယ်။
စစ်ကောင်စီ မတိုင်မီ အရင် စစ်အစိုးရတွေ လက်ထက်မှာလည်း ဖိအားတွေကို လျော့ပါး လိုတဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံတကာ သံတမန်တွေကို ထိန်းသိမ်းခံ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံခွင့်ပေးတာ အကြိမ်များစွာရှိခဲ့ပြီး အခုအကြိမ် မှာလည်း မြန်မာ့အရေးကို ဖြေရှင်းဖို့ စစ်ကောင်စီမှာ ရည်ရွယ်ချက် ရှိပုံ မရဘူးလို့ နိုင်ငံရေး သုံးသပ်သူ တယောက်က ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို (နိုင်ငံရေးအရ) အသေသတ်ဖို့ စစ်ကောင်စီက ကြိုးစားခဲ့တာပဲ၊ အခုက မရလို့ သူ့ကို အသုံးချဖို့ ကြိုးစားတာပါပဲ၊ ဒီလို ဖိအားတွေ လျော့လာအောင် အသုံးချဖို့ ကြိုးစားတာဟာ မြန်မာ့အရေး ဖြေရှင်းဖို့ အတွက် နီး မလာ နိုင်ဘူး။”
အရင် စစ်အစိုးရတွေလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲခဲ့တဲ့ အမှုတွေက နိုင်ငံရေးမှုတွေသာ ဖြစ်ပြီး အခုက “ရာဇဝတ်မှုတွေ အများကြီးနဲ့ တရားစွဲဆို ထောင်ဒဏ် ချထားတာ” လို့ သူက ဆိုပါတယ်။ ဒီတော့ “စစ်ကောင်စီဘက်က ဒီအမှု တွေ မဟုတ် ပါဘူးလို့ ရုပ်သိမ်းပေးမှ ရမှာ၊ သူတို့က ရုပ်သိမ်းပေးမလား၊ မထင်ဘူး၊ ဒီအမှုတွေကနေ ပြစ်ဒဏ်တွေကို လွတ်ငြိမ်းခွင့်ပေးတယ်ဆိုတာကို ဒေါ်စုဘက် ကလည်း လက်ခံမလား၊ သူက ဘာမှ အပြစ်မရှိကြောင်း ပြောထားတာ၊ လွတ်ငြိမ်းခွင့်ပေးတယ် ဆိုတာမျိုးကို သူ လက်ခံမှာ မဟုတ်ဘူး” လို့ သူက ဆက် ပြောပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးနေဘုန်းလတ်ကလည်း “နိုင်ငံ့ခေါင်းဆောင်တွေကို မြန်မာ့နိုင်ငံရေးလောက ကနေ အပြီးအပိုင် ထုတ်ပစ်ချင်တဲ့ စိတ်ဆန္ဒက စစ်အုပ်စုမှာ ရှိနေတယ်၊ ဒီလိုပဲ သုံးသပ် တယ်။ အခုတော့ တော်လှန်ရေးက အရှိန်အဟုန်နဲ့ ဖြစ်တည် လာတယ်၊ သူတို့ မထင် မှတ်ထားတဲ့ အခြေအနေမျိုးတွေ ရောက်လာတဲ့ အခါမှာ၊ အဘက်ဘက်က ရှုံးနိမ့်နေတဲ့ အခြေအနေမှာ ထွက်ပေါက်ရှာတဲ့ အနေနဲ့ သူတို့ မလုပ်ချင်တဲ့ ကိစ္စကို လုပ်ဖို့ ကြိုးစားတဲ့ သဘောလို့ပဲ မြင်တယ်” လို့ အခု ဖြစ်လာတဲ့ ဖြစ်ရပ်တွေ အပေါ် သုံးသပ်ပြောပါတယ်။
“စစ်အုပ်စုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့အတွက် တန်ဖိုးရှိတဲ့ ရွှေ့ကွက်တခုအနေနဲ့ စဉ်းစားမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို အလျင်စလိုနဲ့ မြန်မြန်ဆန်ဆန် ထုတ်သုံးလာမယ့် သဘောမရှိဘူးလို့ ထင်တယ်။ နေအိမ် အကျယ် ချုပ် ပြောင်းလဲတာ၊ သူတို့နဲ့ နီးစပ်တဲ့ သံတမန်တွေနဲ့ ပေးတွေ့တာမျိုးတွေ၊ ဥပမာ ထိုင်းတို့ စင်ကာပူတို့က သံတမန်တွေ နဲ့ ပေးတွေ့တာ။ ဒါပေမဲ့ အင်ဒိုနီးရှားတို့၊ မလေးရှားတို့ နဲ့တော့ ပေးတွေ့မယ်လို့ မထင်ဘူး” လို့ မြန်မာ့ နိုင်ငံရေးစောင့်ကြည့် လေ့လာသူတယောက် က ပြောပါတယ်။
မြန်မာ့အရေး အဖြေရှာနိုင်ဖို့ ဆွေးနွေးပြောဆိုမှုတွေကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံတယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောပေမဲ့ ဒါဟာ အမျိုးသားညီ ညွတ်ရေးအစိုးရ၊ အတိုက်အခံ တော်လှန် ရေး အဖွဲ့တွေနဲ့ မြန်မာစစ်ကောင်စီကြား တွေ့ဆုံဆွေးနွေးပြောဆိုမှုကို ရည်ညွှန်း တာလား ဆိုတာက ရှင်းရှင်းလင်းလင်း မရှိပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းမဲ့ နိုင်ငံရေးသမားဖြစ်ပြီး အကြမ်းဖက် နည်းပါသုံးပြီး စစ်ကောင်စီကို တော်လှန်နေတဲ့ NUG၊ PDF စတာတွေကို သူက ဆန့်ကျင်တယ် ဆိုတဲ့ သတင်းတွေလည်း အွန်လိုင်းမှာ ဒီကာလအတွင်း ပျံ့နှံ့လာ ပါတယ်။
ဒီလို သတင်းတွေဟာ ကောလာဟလ တွေ ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီရေး အတွက် တိုက်ပွဲဝင်နေကြတဲ့ ပြည်တွင်းအင်အားစုတွေ အကြား အကွဲတွေ ဖြစ်လာစေဖို့ ဒီကောလာဟလတွေကို ထုတ်လွှင့် နေကြတာလို့ သုံးသပ်သူတွေက ဆိုပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ဟာ ၈၈ တုန်းက တောခို ကျောင်းသားတွေ လက်နက်ကိုင် ကြတာကို မှားတယ်လို့ တခါမှ မပြောဖူးဘူး၊ ဒီလိုပဲ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ဆန္ဒပြပွဲတွေ လုပ်တာ မမှန်ဘူးလို့ သူ တခါမှ မပြောဖူးဘူး၊ အခုလို တိုင်းပြည် အခြေအနေမှာ ဒီလို လှုပ်ရှားမှုတွေအပေါ် မှတ်ချက်ပေးတာမျိုးကို သူ ပို သတိထား မှာပေါ့။ တကယ်သာ ထွက်နေတဲ့ ကောလာဟလတွေ အတိုင်း ဒေါ်စုက ပြောတယ် ဆိုရင် သူတို့ (စစ်ကောင်စီ) ရဲ့ MRTV တို့၊ မြဝတီတို့ကနေ ၂၄ နာရီ ကြေညာ နေပြီ” လို့ နိုင်ငံရေး သုံးသပ်သူက ပြောပါတယ်။