မြန်မာစစ်တလင်းများပေါ်က မြေစာပင်များ

ရေးသားခဲ့သည်။

ကယားပြည်နယ် လွိုင်ကော်မြို့ အထွက် ကုန်းသာရွာက ဦးအာကိုစတီးနို နဲ့ ဒေါ်ရိုဇာ(ဒေါ်မာရိယာမူထွမ်း) တို့ရဲ့ ၆ လအရွယ် သမီးလေးဟာ စစ်တလင်းလိုဖြစ်နေတဲ့  ကယားပြည်နယ်အတွင်းမှာ ၂၀၂၂ မေလမှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။

သူဟာ မွေးလာစဥ်ကတည်းက စစ်ဘေးရှောင် ကလေးငယ်တစ်ဦး ဖြစ်လာရသူပါ။

ကယားပြည်နယ် လွိုင်ကော်မြို့အနီးမှာ တိုက်ပွဲတွေဖြစ်ကြတဲ့အခါ သူတို့နေတဲ့ရွာကို လက်နက်ကြီးတွေကျလေ့ရှိလို့ မိဘတွေကရွာမှာ မနေရဲကြဘဲ ညစဥ်ဘေးလွတ်ရာကို သူ့နဲ့ သူ့အစ်ကို ၈ နှစ်အရွယ် ကလေးငယ်နဲ့ အတူ ကျည်ကွယ် မျက်ကွယ်ရာကို ပုန်းရှောင်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ ည ၉ နာရီဝန်းကျင်က ဒီ ၆ လ အရွယ်သမီးလေးတို့ မိသားစုဟာ စစ်ရှောင်နေတဲ့နေရာကို လက်နက်ကြီးကျလို့ သမီးလေး အဖေ ဦးအာကိုစတီးနို ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

သူ့အဖေဆုံးပြီး နောက်တစ်နေ့မှာပဲ သူ့ရဲ့အမေဖြစ်သူဟာလည်း လက်နက်ကြီးကျလို့ ရတဲ့ ဒဏ်ရာကြောင့် အောက်တိုဘာလ ၂၄ ရက်နေ့ မှာ သေဆုံးသွားခဲ့ပါတယ်။

၆ လ အရွယ် သမီးလေးနဲ့ ၈ နှစ်အရွယ် သူ့အစ်ကိုတို့ဟာ မိဘမဲ့ ဖြစ်ခဲ့ရုံတွင်သာမကပါဘူး လက်နက်ကြီးကျတဲ့ ဒဏ်ရာတွေကိုယ်စီနဲ့ ဒီကနေ့အထိ ဆေးကုသနေရဆဲ ဖြစ်ပါတယ်။

 

စစ်တပ်က အာဏာသိမ်းပြီးနောက် ကယားပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်လာခဲ့တာ တစ်နှစ်ကျော်လာပြီ ဖြစ်ပါတယ်။

ဒီတိုက်ပွဲတွေအတွင်း စစ်ဘေးရှောင်နေတဲ့ ကလေးငယ် ၂၀ ဦးခန့်သေဆုံးခဲ့ပြီး ဒဏ်ရာရတဲ့ ကလေးငယ် ၃၀ ခန့်ရှိတယ်လို့ ကရင်နီလူ့အခွင့်ရေးစောင့်ကြည့်အဖွဲ့ရဲ့တာဝန်ခံ ကိုဗညားက ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံတွင်းမှာ အကြမ်းဖက်မှုတွေကို ရှောင်ဖို့ စစ်ရှောင်ရတဲ့ကလေးငယ်အရေအတွက်ဟာ အခုနှစ်အတွင်း ၅ သိန်း ၂ သောင်းအထိ ရှိလာတယ်လို့ ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့(Save the Children) က ပြောပါတယ်။

ပြည်တွင်းမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် နိုင်ငံရေးအကျပ်အတည်းနဲ့ မြင့်တက်လာနေတဲ့ပဋိပက္ခကြောင့် နေရပ်ရွှေ့ပြောင်းနေထိုင်နေရတဲ့ စစ်ရှောင် ၁ သန်းကျော်ထဲမှာ ကလေးသူငယ်အရေ အတွက်က တစ်ဝက်နီးပါး ပါဝင်နေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဲဒီထဲမှာ က‌လေးငယ် ၂ သိန်း ၆ သောင်းနီးပါးဟာ ပြီးခဲ့တဲ့ ၆ လအတွင်း စစ်ရှောင်ခဲ့ကြရသူတွေလို့လည်း ဆိုပါတယ်။

ဦးအာကိုစတီးနို နဲ့ ဒေါ်ရိုဇာတို့ရဲ့ ၆ လ အရွယ်သမီးလေးဟာ လွန်ခဲ့တဲ့ ၆ လ အတွင်းစစ်ရှောင်နေရတဲ့ ကလေးငယ်ထဲမှာ တစ်ဦး အပါအဝင်လို့ ဆိုနိုင်ပါတယ်။

ကုန်းသာရွာက ကယားပြည်နယ် မြို့တော်လွိုင်ကော်မြို့နဲ့ မလှမ်းမကမ်း မြို့အထွက်နားမှာ ရှိပါတယ်။

လွိုင်ကော်မြို့နာရီစင်ကနေ ကုန်းသာဘက်ကို သွားရင် ဆိုင်ကယ်နဲ့ ၁၀ မိနစ်လောက်ဆို ရွာကို ရောက်တယ်လို့ လွိုင်ကော်မြို့ခံတွေက ပြောပါတယ်။

ကုန်းသာဟာ လွိုင်ကော်ကနေ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ ဘက်ကို ထွက်တဲ့ အထွက်လမ်းပေါ်မှာရှိတဲ့ ရွာလေးဖြစ်တယ်လို့ လွိုင်ကော်ဒေသခံတွေက ဆိုပါတယ်။

ကုန်းသာအနီး စစ်ရှောင်စခန်းကို ကျတဲ့ လက်နက်ကြီးကျည်ဟာ စစ်ကောင်စီဘက်က ပစ်တာလို့ ဒေသခံတွေဘက်က ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီသတင်းနဲ့ပတ်သက်လို့ ထုတ်ပြန်ပြောဆိုတာမျိုး မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့က လည်း လွိုင်ကော်ပီးကင်းကောခူ ရွာမှာ လက်နက်ကြီးကျလို့  ၁၃ နှစ်အရွယ်နဲ့ ၁၀ နှစ်အရွယ် ကလေးငယ်တွေ လွိုင်ကော်ဆေးရုံကြီးကို ပို့ပေးခဲ့ရတယ်လို့ လွိုင်ကော်မြို့က ပရဟိတ လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ အရပ်ဘက်ပစ်မှတ်တွေကို နေ့စဥ်ပစ်ခတ်တိုက်ခိုက်နေတာဖြစ်ပြီး ဒါဟာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုဖြစ်တယ်လို့ ကရင်နီလူအခွင့်ရေးစောင့်ကြည့်အဖွဲ့က ပြောပါတယ်။

လက်ရှိမှာ ကလေးငယ်တွေအပါအဝင် စစ်ရှောင်အများစုဟာ တောတောင်တွေထဲ ယာယီတဲ ဆောက်ပြီး နေထိုင်နေကြရသလို အစာရေစာ ပြတ်တဲ့အထိ အန္တရာယ်ရှိနေတယ်လို့ Save the Children အဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

 ကလေးငယ်စစ်ဘေးရှောင် ၅ သိန်း ၂ သောင်း ဆိုတဲ့ အရေအတွက်ဟာ မြန်မာ့သမိုင်းမှာ အများဆုံးဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံက ကလေးတွေဟာ အဆိုးရွားဆုံးအခြေအနေကို ရင်ဆိုင်နေကြရတယ်လို့ လူ့အခွင့်အရေးကျွမ်းကျင်သူ ကိုနစ်ကီဒိုင်းမွန်းက ပြောပါတယ်။

စစ်ဘေးရှောင် ကလေးငယ်တွေက စိတ်ပိုင်းဆိုင်ရာ ကြောက်ရွံ့တာတွေ၊ အစာအာဟာရ မလုံလောက်တာတွေ၊ လုံခြုံတဲ့အိမ်တွေမှာ မနေကြရတာတွေ၊ အသက်အန္တရာယ်မလုံခြုံတာ၊ ပညာသင်ကြားခွင့်ဆုံးရှုံးတာတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ပြောကြပါတယ်။  

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က စစ်ဘေးရှောင်ကလေးတွေဟာ အာဟာရမပြည့်ဝတာကြောင့် ဖျားနာတဲ့ ကလေးတွေ ၂၀၀ ဝန်းကျင်အထိ ရှိနေတယ်လို့  မကြာခဏ စစ်ကြောင်းထိုးခံနေရတဲ့ကလေးမြို့နယ်က စစ်ဘေးရှောင်ကူညီသူတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။ 

''အာဆီယံနိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ လာမယ့် နိုဝင်ဘာ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာ့အကျပ်အတည်း ဖြေရှင်းနိုင်မယ့် အရေးယူလုပ်ဆောင်ချက် တိတိကျကျပေါ်လာရေး လုပ်မှရပါလိမ့်မယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့လည်း မြန်မာ့အရေး ပွင့်ပွင့်လင်းလင်း အစည်းအဝေးပွဲ ခေါ်ပြီး ကလေးသူငယ်တွေ ရပိုင်ခွင့်တွေကို အကာအကွယ်ပေးတဲ့ဆုံးဖြတ်ချက် တစ်ရပ် ချမှတ်ဖို့ တောင်းဆိုပါတယ်။ လူတွေဟာ ကိုယ့်အိုးအိမ်ကို စွန့်ခွာဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ရတာပါ။ ထွက်ပြေးတဲ့အရေအတွက် ဒီလောက် မြင့်တက်နေတာကိုကြည့်ရင် မြန်မာပြည်တွင်းက တိုက်ပွဲတွေမှာ ကလေးတွေရဲ့အသက်က နေ့တိုင်းနီးပါး ခြိမ်းခြောက်ခံနေရတာကို ပြနေတာပါပဲ'' လို့ Save the Children အာရှရေးရာ ဒါရိုက်တာ အိုလီဗီယာဖရန်ချိုင်က ပြောပါတယ်။

အခု မြန်မာ့အကျပ်အတည်းဟာ ကမ္ဘာလုံးအတိုင်းအတာအရ လူတွေသတိမေ့လျော့နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကြီးတွေထဲက တစ်ခုဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာကလေးငယ်တွေကို အကာအကွယ်ပေးနိုင်ရေး ပိုမိုလုပ်ဆောင်ကြဖို့ကိုလည်း သူက တိုက်တွန်းထားပါတယ်။

လွိုင်ကော်မြို့ကုန်းသာရွာ မိဘမဲ့ ဖြစ်သွားတဲ့  ၆ လ သမီးလေးအပါအဝင် ကလေးနှစ်ယောက်ကို လတ်တလော ကရင်နီလူ့အခွင့်ရေးစောင့်ကြည့်အဖွဲ့က စောင့်ကြည့်ပေးနေတယ်လို့ ပြောပါတယ်။

"၆ လသမီးလေး နဲ့ ၈ နှစ်သားလေး သူတို့မောင်နှစ်မ နှစ်ယောက်စလုံး ပေါင်မှာ ဒဏ်ရာတွေရထားတာပါ။ သမီးလေးက ပေါင်အရင်းထိထိပြီး ဒဏ်ရာများပေမဲ့ သက်သာတယ်၊ ၈ နှစ်သားလေးကတော့ ဒဏ်ရာက ပြန်ရင်းနေတယ်"လို့ ကိုဗညားက ပြောပါတယ်။

အခုအခါမှာတော့ လုံခြုံစိတ်ချရတဲ့နေရတစ်နေရာမှာ သူတို့စောင့်ရှောက်ပေးထားတယ်လို့ ဆိုပါတယ်။

“သူတို့ကို အခုစောင့်ရှောက်ပေးထားပေမဲ့ ကလေးတွေရဲ့ရှေ့ရေးကို ဘယ်လိုဆက်ဖြစ်လာမယ်ဆိုတာ မသိနိုင်သေးဘူး”လို့ ကရင်နီလူ့အခွင့်ရေးစောင့်ကြည့်အဖွဲ့ရဲ့ တာဝန်ခံ ကိုဗညားက ပြောပါတယ်။